နေသူရိန် မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး

  • Home
  • Myanmar
  • Mandalay
  • နေသူရိန် မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး

နေသူရိန် မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့်

07/03/2026

Long time no see ပေါ့။ ဒီလိုမျိုး ရလာဒ်တွေ မမြင်ရတာ ကြာခဲ့ပြီ။ ဘယ်လောက်တောင် ကြာနေပြီလဲဆိုရင် ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်နဲ့ အတည်တကျ ဖြစ်နေပြီလို့တောင် ထင်နေခဲ့တာ။

သဘာဝဘေး၊ လူလုပ်ဘေးတွေကြောင့် ကြက်ပေါက်နဲ့ အစာအရည်အသွေးတွေ မတည်မငြိမ်ဖြစ်နေခဲ့ရတာ နှစ်နဲ့ချီကြာနေလိုက်တာ ဒီနေ့ဒီအချိန်မှာတော့ မင်မင်တို့ စိတ်ချမ်းသာရမယ့် အနေအထားတစ်ခုကို ပြန်မြင်ခဲ့ရပြီ။

နေသူရိန်မွေးမြူရေးလုပ်ငန်းစုရဲ့ ပဲခူးတိုင်း ကဝမြို့နယ်က ကန်သာယာမွေးမြူရေးခြံရဲ့ ကျေနပ်ဖွယ်ရာ ခြံပိတ်ရလာဒ်လေးတွေ ပေါ်ထွက်လာခဲ့ပါပြီ။

တောင်ကလာမှမိုး၊ ဒေါင်ဒေါင်မြည်မှအိုး၊ သုံးလွန်းတင်မှကြိုး ဆိုသလို ကြက်မျိုး၊ ကြက်စာ နဲ့ ပြုစုစောင့်ရှောက်မှုတို့ ကျစ်ကျစ်ပါအောင် လက်တွဲလိုက်နိုင်တဲ့အခါမှာ အခုလိုရလာဒ်ကောင်းတွေ ထွက်ပေါ်လာတော့တာပါပဲခင်ဗျာ။

အစွမ်းကုန် ပြုစုစောင့်ရှောက်ဖို့ မင်မင်တို့ မွေးမြူရေးခြံဝန်ထမ်းတွေရဲ့ တာဝန်ထားပါ။ ကြက်ပေါက် ကြက်စာ ကုမ္ပဏီများဘက်ကသာ အရည်အသွေးကို ဆက်လက်ထိန်းသိမ်း မြှင့်တင်သွားမယ်ဆိုရင် မွေးသမားတို့ မျက်နှာ ပီတိဆန်းလို့ လန်းနေရမှာပါ။

ကန်သာယာမွေးမြူရေးခြံရဲ့ ရလာဒ်လေးတွေကို ဂုဏ်ယူစွာ တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

Closing Date/ 5.3.2026

Kan Thar Yar H(1)

Chicken In = 3,060Birds

Chicken Out = 2,829Birds

Total Wt =7,969.28Kg

Avg Wt = 2.82Kg (1.73viss)

Avg age = 41Days

ADG = 69gm

Act FCR = 1.498

Std FCR = 1.512

Diff FCR = (0.014)

Mort = 7.61 %(233birds)

Under 4Week =6.14%(188 birds)
Over 4 Week =1.47%(45birds)

PEF = 424

Cull =3.96%(112birds)
STD = 94.34%(2669Birds )
Small. =1.70%(48birds)
SJ910 =60(1.06Kg)
BSS =90(1.59Kg)
BGS. =15(0.27Kg)
SJ912 =74(1.31Kg)
Total Feed In =258Bags

Total Feed Use =239 Bags(4.22Kg)

Total Feed Left =19Bags
Transfer to KTY H-4

01/03/2026

ပါဏာတိပတ် သူ့သက်သတ်က အစရှိတဲ့ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် စောင့်ထိမ်းကြပါလို့ ဆိုဆုံးမတဲ့ ဘုန်းဘုန်းတစ်ပါး မိန့်သံကြားဖူးတယ်။ အိမ်း ဆွမ်းဘုန်းတဲ့အခါ ပါဏာတိပါတာလေးမှမပါရင် ဟာတာတိဟာတာလေး ဖြစ်သကွဲ့ တဲ့။

မွေးသမားတွေ အနေနဲ့က မွေးလို့ရတာအကုန်မွေးချင်ပေမယ့် မွေးလို့ရတဲ့နေရာက မျက်နှာချင်းဆိုင် လမ်းမှာတွေ့ရင်တောင် ရှောင်လွှဲစရာ မရှိလောက်အောင်ကျဉ်းမြောင်းသည့်ထက် ကျဉ်းမြောင်းလာခဲ့ပြီလေ။

မွေးမြူထုတ်လုပ်ပြီး မမွေးနိုင်တဲ့ဒေသတွေကို ပို့ပြန်တော့လဲ လမ်းတလျှောက် အခွန်အခတွေ ဖိစီးတော့ စားသုံးသူဆီအရောက်မှာ ဈေးတွေက အဆမတန်မြင့်တက်ခဲ့ပြန်ပြီ။ စားသုံးသူတို့ရဲ့ ဝင်ငွေရပေါက်ရလမ်းကနည်း၊ ရတဲ့ဝင်ငွေလေးရဲ့ ဝယ်ယူနိုင်စွမ်းအား (purchasing power) က ကျဆင်းနဲ့ အသားဆိုတာ သူဌေးစာတစ်မျိုးပြန်ဖြစ်လာခဲ့ပေါ့။ ကြက်သားကို သွား‌ရေစာလို စားခဲ့ရာကနေ သက္ကရာဇ် ၂၀၀၀ မတိုင်မီခေတ်ကလို အသားဟင်းကို ရှေ့လူနောက်လူ ကြည့်စားရတယ့်ခေတ်ကို ပြန်ရောက်သွားခဲ့ပါပြီ။

မွေးသမားတို့ခမျာလဲ သွင်းအားစုတန်ဘိုးတွေ ဆက်တိုက်တက်လာလိုက်တာ နှာခေါင်းပေါ်ရုံသာ ရပ်တည်နေရပါ‌တော့တယ်။ ဒီနှစ်အစမှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေပမာဏဟာ လျှင်လျှင်မြန်မြန် အငွေ့ပျံသွားတဲ့အတွက် နောက်နှစ်မှာ ယခင်ကောင်ရေအတိုင်း မွေးမြူနိုင်ခြင်းမရှိတော့။ အကြီးသမားက လျော့၊ အငယ်သမားတွေက ပြုတ်နဲ့ လုံးပါးပါးလာကြ‌ပေါ့။ မွေးလောကထဲကို အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြဖို့ နေနေသာသာ ရှင်နည်းရာအဂ္ဂလူထွက်ဆိုသလို ရှိရင်းစွဲ ခြံသမားအရေအတွက် လျော့နည်းကျဆင်းလာခဲ့ပြီး မျိုးတုန်းပျောက်ကွယ်သွားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။

အဓိကသွင်းအားစုတွေဖြစ်တဲ့ အစာကုန်ကြမ်းနဲ့ ဆေးဝါးတွေကို လက်သင့်ရာ တင်သွင်းခွင့်ပြုနေမယ့်အစား ဈေးနှုန်းသက်သာအောင် အချိန်မီ စီမံဆောင်ရွက်သင့်ပါပြီ။ ကုန်စည်စီးဆင်းမှုကိုလဲ ချောမွေ့အောင် ပြုပြင်သင့်ပါပြီ။

မွေးသမားတို့ကလဲ ရှိရင်းစွဲ မွေးမြူရေးလုပ်ငန်းလေးကို ဆက်လက်လုပ်ကိုင်ချင်ပါသေးသည်။ စားသုံးသူတို့ကလဲ အသားလေးငါးလေး ဖူဖူလုံလုံ စားသောက်ချင်ပါသေးသည်။ ဘုန်းဘုန်းတို့ကိုလဲ ဟာတာတိဟာတာမဖြစ်ရလေအောင် ပါဏာတိပါတာလေး ထည့်သွင်းဆက်ကပ်ချင်ပါသေးသမို့ မွေးလောကအရေးကို ကူညီဝိုင်းလို့ မှိုင်းမတော်မူကြပါဦးဗျိုး။

01/01/2026
08/11/2025

မေးလဲမေးချင်တယ် မေးလဲမေးလိုက်ပြီ။ မြန်မာ့မွေးသမားတွေနဲ့ပျော်ရွှင်ခြင်းဆိုတာကလေ ချင်းစိမ်းနဲ့မိဿလင် ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်လို ‌အတူယှဥ်တွဲနေထိုင်လို့မရဘဲ ဘာဖြစ်လို့ ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေရတာလဲဟင်။ တကယ်လဲ မပျော်ဘူးပေါ့နော် ဒီလုပ်ငန်း၊ လုပ်လို့သာလုပ်နေရတာ ကချင်တယ်ခုန်ချင်တယ်လေ။

အသားဈေးဥဈေးတက်တုန်းအခိုက်အတန့်လေးမှာတော့ တိမ်တွေပေါ်မှာ‌ လွင့်နေတဲ့ဟေ့ငါလေးပေါ့။ ကျန်တဲ့အချိန်အများစုကတော့ ကြက်ပေါက်ကမရ အစာဈေးကတက်၊ အသားဈေးဥဈေးတွေကကျ၊ ရောဂါကဝင် သေနှုန်းကများနဲ့ တည်ကြားကြမ်းကြုတ်၊ စက်ဆုပ်ကြောက်ရွံ့ ဆိုတဲ့ ရသတွေနဲ့သာ နဘန်းလုံးနေရ။ သို့ပေမယ့်လည်း ဘယ့်လောက်ဒုက္ခသုက္ခတွေများများ ကမ္ဘာ့ဒူပေနာပေ အခံဆုံး မြန်မာ့မွေးသမားတွေပီပီ အမူးပြေရင်တော့ ထန်းပင်မော့ကြည့်မိပြန်စမြဲ။

ဆိုတော့ အရှုပ်ထဲမှာရှင်းအောင်နေနိုင်ဖို့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားကြရမှာဖြစ်သလို အခုလိုအခက်အခဲတွေကြားကနေ မွေးသမားတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်နိုင်ဖို့ဆိုရင်လည်းပဲ မင်မင်တို့သုံးနေတဲ့ လိုတိုရှင်း 3S Management လေးကို လက်ကိုင်ထား ကျော်ဖြတ်ရပေလိမ့်မယ်။

၁။ Stop

မကောင်းမှုရှောင်ဆိုသလိုပဲ မိမိရဲ့‌ မွေးမြူရေးရည်မှန်းချက်တွေဖြစ်တဲ့

Production performance
Production cost
Product quality
Productivity

တို့ကနေ သွေဖည်လွဲချော်သွားစေမယ့် နဲ့ စီမံခန့်ခွဲမှုအမှားများနဲ့ အမူအကျင့်များအားလုံးကို ချက်ခြင်းရပ်တန့်(Stop)ပစ်ရပါလိမ့်မယ်။

၂။ Start

ကောင်းမှုဆောင် အနေနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာသမားများရဲ့ နည်းပေးလမ်းပြမှုတွေ နဲ့ ကောင်းမွန်သော မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲမှု (Good Animal Husbandary Practices)တွေကို သိလျှင်သိခြင်း မိမိခြံမှာ လက်တွေ့စတင်(Start)အသုံးချရပါလိမ့်မယ်။ မသိသေးလျှင်လည်း အခုပင် စတင်လေ့လာ ဆည်းပူးရပါတော့မယ်။

၃။ Sustain

ဖြူအောင်စိတ်ကိုထားနဲ့ ဆင်တူတဲ့ အမူအကျင့်လေးပါ။ အထက်မှာ တည်ဆောက်ပြီးသွားတဲ့ ကောင်းမွန်မှန်ကန်တဲ့ စီမံခန့်ခွဲမှုနှင့် အမူအကျင့်တွေကို ချွတ်ချော်တိမ်းစောင်းခြင်း မရှိစေဘဲ ဆက်လက်ထိန်းသိမ်း(Sustain) ပြီး လက်ဆင့်ကမ်းသယ်ဆောင်သွားရပါလိမ့်မယ်။ ဒါမှသာ ရာစုနှစ်နဲ့ချီအောင် ရေရှည်တည်တန့်သော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပါလိမ့်မယ်။

ဒီ ရိုးရှင်းလှတဲ့ 3S Management လေးကို မိမိရဲ့ မွေးမြူ‌ရေးလုပ်ငန်းမှာသာမက တကိုယ်ရေ (Personal development) အတွက်ပါ အသုံးချခြင်းဖြင့် မြန်မာ့မွေးသမားတို့ လိုချင်သော ကနိုင်ခုန်နိုင် ပျော်ရွှင်နိုင်သောဘဝကို ရရှိနိုင်ကြပါစေ။

12/09/2025

အထူးကျေးဇူးတင်ရှိခြင်း

နေသူရိန်မွေးမြူရေးလုပ်ငန်းစု ရုံးသစ်ဖွင့်ပွဲ နှင့် ဒေါက်တာနေသူရိန်ရဲ့ မွေးနေ့ညစာစားပွဲကို ပျော်ရွှင်စွာ တက်ရောက်ဂုဏ်ပြုပါဝင်ဆင်နွှဲပေးခဲ့ကြပါသော ရပ်နီးရပ်ဝေးမှမိတ်ဆွေများ အားလုံးကို နေသူရိန်မွေးမြူရေးလုပ်ငန်းစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

နေသူရိန်မွေးမြူရေးလုပ်ငန်းစု‌အတွက် ဂုဏ်ပြုအားပေးစကားများ၊ မွေးနေ့ဆုတောင်းစကားများ နှင့် လက်ဆောင်ပစ္စည်းများစွာတို့ဖြင့် မရေမတွက်နိုင်သော မေတ္တာမိုးပေါက်တို့ကို ခံယူခဲ့ရရှိခဲ့သော နေ့လေးတစ်နေ့အဖြစ် အမြဲအမှတ်တရရှိနေမှာပါ ခင်ဗျာ။

မေတ္တာမိုးတို့ ရွာဖြိုးသွန်းချပေးခဲ့ကြပါသော မိတ်ဖက်ကုမ္ပဏီများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မိတ်ဆွေသူငယ်ချင်းများသည်လည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ပြည့်စုံကုံလုံကြွယ်ဝကြပါစေကြောင်း နေသူရိန်မွေးမြူရေးလုပ်ငန်းစုမှ ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။

You can👇⸻🌟 WE ARE HIRING! 🌟Nay Thuyein Livestock Group 📌 Position: Sales & Marketing Officer (Livestock Sector)📍🔥 Join o...
04/08/2025

You can👇



🌟 WE ARE HIRING! 🌟
Nay Thuyein Livestock Group

📌 Position: Sales & Marketing Officer (Livestock Sector)
📍

🔥 Join our dynamic team and grow your career in the livestock industry!

🔹 Job Responsibilities:
• Promote and sell livestock feed, farm supplies & end products
• Build strong relationships with farmers and dealers
• Plan and implement sales & marketing strategies
• Visit customers, conduct market research & achieve targets

🔹 Requirements:
• Diploma/Degree in Veterinary or Marketing field Experience in veterinary field and sales
• No Experience and freshers also preferred
• Good communication & negotiation skills
• Able to travel and work independently
• Passionate, active & self-motivated

✨ We offer:
✔️ Attractive salary + incentive
✔️ Supportive working environment
✔️ Training & career development opportunities

📩 Apply Now!
👉 Send your CV to: [email protected]
☎️ Contact: 09955050936

Be a part of Nay Thuyein Livestock Group and make a difference!


22/07/2025

မြန်မာ့မွေးလောကတွင် ကျရောက်သော ရောဂါများကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျရောက်သောရောဂါ နှင့် ခြံပိုင်ရှင်နှင့်ခြံလုပ်သားအစရှိသောလူများတွင်ကျရောက်သောရောဂါ ဟူ၍ ၂ ပိုင်းခွဲခြား၍ ရ၏။

တိရစ္ဆာန်များတွင်ကျရောက်သောရောဂါများကို သင့် လျော်သော ကာကွယ်၊ကုသဆေးများ တိုက်ကျွေး၍ သော်လည်းကောင်း၊ နောက်ဆုံး ခြံလုံးပြတ်ရှင်းလင်းသည့်နည်းဖြင့်သော်လည်းကောင်း ဖြေရှင်းလို့ရ၏။ သို့သော် လူများတွင် ကျရောက်စွဲကပ်နေသော ရောဂါဆိုးကြီးကား အသည်းကွဲတာပျောက်တယ်ဆိုတဲ့ဆေးသာ ပေါ်လျှင်ပေါ်လာမည် အနှီရောဂါကြီးကို ကုသရန်ဆေးကား ယခုထိမတွေ့ရှိသေး။ ပါးစပ်မှတဆင့် ကူးစက်ခြင်းဖြစ်၍ ကူးစက်နှုန်းကလည်း မြန်လှ၏။ ရောဂါကြီး၏အမည်ကား "Plan မရှိ ကြုပ်ကြက်လိရောဂါ" ဖြစ်လေ၏။

ဆိုခဲ့ဖူးပေါင်းများခဲ့သလို မွေးလောကဆိုသည်မှာ ဝင်စို့ထွက်စို့ လုပ်ကောင်းသောအရာ မဟုတ်။ မွေးမြူရေးဟူသည် ကမ္ဘာဦးအစ လူသားတို့၏ ပထမဦးဆုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြီးဟူသော ယုံကြည်ချက်၊ မွေးမြူရေးလုပ်ငန်းဆိုသည်မှာ လွင့်ပစ်စရာ ဘေးထွက်စွန့်ပစ်ပစ္စည်းလုံးဝမရှိသော လွန်စွာကောင်းမွန်သည့် လုပ်ငန်းကြီးဖြစ်သည်ဟူသောယုံကြည်ချက်၊ ကစီဓါတ်၊ အသားဓါတ်၊ သက်စောင့်ဓါတ်တည်းဟူသော လူသားတို့နေ့စဉ်စားသုံးနေသော အဟာရတွေထဲမှ အရေးကြီးသော အသားဓါတ်ကို အဓိကထုတ်လုပ်ပေးနေသောလုပ်ငန်းကြီးဖြစ်သည်ဟူသောယုံကြည်ချက်၊ အဆိုပါ ယုံကြည်ချက်ကြီး ၃ ရပ်ကို ရင်ဝယ်ပိုက်ပြီး ရေရှည်လုပ်ရသော လုပ်ငန်းအမျိုးအစားစင်စစ်သာဖြစ်ပါ၏။ ဆရာချစ်ဦးညိုက ဘဝဆက်တိုင်း စာရေးဆရာဖြစ်ရပါလို၏ဟု ဆုတောင်းသလို ဘဝဆက်တိုင်း မွေးမြူရေးသမား ဖြစ်ရပါလို၏ဟု ဆုတောင်းသင့်သော လုပ်ငန်းကြီးဖြစ်ပါ၏။

မွေးလောကထဲသို့ မည်သို့ပင်ရောက်ရှိလာသည်ဖြစ်‌စေခြံတစ်ခြံ အစပြုတည်ဆောက်ပြီ ဆိုလျှင် အနည်းဆုံးတော့ ခြံအရင်းကြေကာလအထိ ROI ကို တွက်ချက်ထားသော written plan တစ်ခု ရှိကိုရှိသင့်၏။ ဒါမှသာ ရင်းနှီးရမည့် အချိန်၊ငွေ၊ အားထုတ်ကြိုးပန်းရမှုတို့အတွက် အကျိုးတစုံတရာ ပြန်ရပေလိမ့်။

ထို့အတူ မွေးမြူမယ့် ကြက်ပေါက်လေးများ ခြံပေါ်ရောက်ပြီဆိုတာနဲ့ ထုတ်ရောင်းမယ့်ရက်၊ ရောင်းမယ့်ကြက်ဝိတ်၊ ရောင်းချမယ့်ဈေးကွက်၊ ဝယ်ယူမည့်ကြက်ဒိုင်၊ ရောင်းချမယ့်ခန့်မှန်းကြာချိန်၊ ရရှိမယ့်ခန့်မှန်းအကျိုးအမြတ်တို့ကိုလည်း တွက်ချက်ထားရပေလိမ့်မယ်။

ရောင်းချပြီးလျှင်လဲ ဒီတစ်သုတ်ရဲ့ ရလာဒ်ကို ကြက်ငယ်စဉ်က အပတ်စဉ်ရခဲ့သေအခြေအနေများ (earlier weeks)၊ အရင်အသုတ်ကရရှိခဲ့သော အခြေအနေများ (previous batches) နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ (Industry standards) များနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းများကို မဖြစ်မနေ ပြုလုပ်ရပေလိမ့်မယ်။

ခြံစတင်တည်ထောင်သည့်ကာလ၊ ကြက်ပေါက်ထည့်ပြီး မွေးမြူနေသည့်ကာလ၊ ကြက်ရောင်းပြီးသည့်ကာလ ကာလသုံးခုစလုံးကို ကြုပ်ကြက်လိပြီး ဖြတ်သန်းခဲ့မည်ဆိုပါက ဟေ့ မင့်နွားလေး မနှစ်ကလောက် ရှိပလားကွဲ့ဟူသော အညာမှာကြားနေကျ စကားလေးလို ကိုယ့်လုပ်ငန်းကလည်း ဒုံရင်းဒုံရင်းနဲ့ ကြီးထွားလာလိမ့်မည်မဟုတ်။

ဒီအရပ် ဒီဘိနပ်နဲ့
ဒီအချိန် ဒီထမိန်(ထဘီ)နဲ့
ဒီခရီး ဒီထီးနဲ့
ဒီလမ်း ဒီပန်းနဲ့ ဆိုသလို

ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေအရပ်ရပ်အတွက် သင့်လျော်မှန်ကန်တဲ့ အစီအမံများ ကြိုတင်စီစဉ်ချမှတ်ခြင်းဖြင့် ကြုပ်ကြက်လိရောဂါဘေးမှ ကင်းဝေးပြီး သကာလ မွေးသမားတို့လျှောက်လှမ်းလိုသော ခရီးလမ်းကို ထီးဆောင်းပန်းပန်၍ လမ်းမှန်ကို လျှောက်လှမ်းနိုင်ကြပါစေ။

25/05/2025

မြန်မာ့မွေးသမားတွေရဲ့ဘဝကို ပင့်ကူလေးတစ်ကောင်ရဲ့ဘဝနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ ပင့်ကူက ပင့်ကူအိမ်တစ်အိမ်ဆောက်ပြီးသွားတာနဲ့ နေဖို့ရော စားဖို့ပါ ပူပင်စရာမလိုတော့။ အစာကို အပြင်တောင်ထွက်ရှာစရာမလိုတော့ဘဲ ပိုးဖလံမျိုး ပင့်ကူအိမ်တိုးတဲ့ပို့ဆွမ်းလေးတွေထိုင်စားနေရုံ။ ပင့်ကူသားသမီးတွေကိုပါ ပင့်ကူအိမ်ဆောက်နည်းသင်ပေးလိုက်ရုံနဲ့ သားစဉ်မြေးဆက် စားဝတ်နေရေး စိတ်အေးရပြီး Generational wealth ကိုပါ တည်ဆောက်ပြီးဖြစ်သွားရော။ ပင့်ကူတစ်အိမ် ရာသက်ပန်အငြိမ်‌ ပေါ့။

မြန်မာ့မွေးသမားတို့မှာတော့ ခြံစတည်လိုက်ပြီဆိုမှ တကယ့်ဘဝက စ တာ။ ခြံဆောက်လိုက်နိုင်တာနဲ့ တချို့ Happy Ending ဝတ္ထုတွေထဲကလို တူနှစ်ကိုယ်‌ပေါင်းဖက်၍ သက်ဆုံးတိုင်ပျော်ရွှင်စွာ နေထိုင်သွားကြလေကုန်သတည်းဆိုတာနဲ့တော့ ဆန့်ကျင်ဘက်‌ပဲ။ ဒါကြောင့်လဲ မွေးလောကကြီးထဲကို ခြေစုံပစ်ဝင်လာပြီးမှ ခြေကားယား လက်ကားယားဖြစ်နေသူတွေ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသူတွေ၊ ခြေပစ်လက်ပစ်ဖြစ်နေသူတွေ တွေ့နေမြင်နေရတာ‌ပေါ့။

ဆူးကြားက ဘူးခါး ဆိုသလို မွေးသမားတွေကို ဝိုင်းနေတဲ့ ဒုက္ခတွေကလဲ များမှများ။ မွေးဖူးသူတိုင်း ရင်ဘတ်ကြီးထဲက သိ‌ပြီးသားမို့ တစ်ခုခြင်းစီ ချရေးမနေတော့။ ကိုယ်ဘာမှလုပ်လို့မရတဲ့ သဘာဝဘေးနဲ့ ဈေးနှုန်းတွေကိုလဲ ဘားမှမပြောလို။ တစ်ခုပဲ ကိုယ့်လက်ထဲရှိတဲ့ ကိုယ့်ခြံကို အကောင်းဆုံးဖြစ်နေအောင် လုပ်ကြရုံပ။

လဲကျရင် ပြန်ရုန်းထဖို့ ခက်ခဲတဲ့အခြေအနေမို့ ပင့်ကူလေးလို ကိုယ့်ခြံထဲကိုယ်ထိုင်နေပြီး ကိုယ်လုပ်လို့ရတဲ့ အောက်ကအချက်လေးတွေကို တစ်ချက်ခြင်းလုပ်ကြမယ်ဆိုရင်ဖြင့် ပင့်ကူလေးလို ထိုင်မစားနိုင်ရင်‌တောင် မွေးလောကခရီးလမ်းကိုတော့ မမောမပန်း လျှောက်လှမ်းနိုင်ကြပေလိမ့်မယ်။

၁။ Collect

ကိုယ့်ခြံထဲကကြက်တွေဆီကနေ နေ့စဉ်အချက်ပြနေတဲ့ အသားတိုးကြက်ဆိုရင် အစာစားနှုန်းနဲ့ သေနှုန်း၊
ဥစားကြက်ဆိုရင် အစာစားနှုန်း၊ သေနှုန်း နှင့် ဥနှုန်း စတဲ့(daily indicator) လေးတွေကို သေသေချာချာ စုဆောင်းပြီး နေ့စဉ်မှတ်တမ်းတင်ကြမယ်။

ကြက်တစ်သုတ်ပြီးသွားရင်လဲ ခြံသိမ်းရလာဒ်လေးတွေကို စုဆောင်းမှတ်သားထားကြမယ်။

၂။ Analyse

ရလာတဲ့ အချက်အလက်တွေကို Industry standards လို့ခေါ်တဲ့ စံနှုန်းတွေ၊ မိမိခြံရဲ့ အစဉ်အဆက် ကြက်အသုတ်တွေရခဲ့တဲ့ ရလာဒ်တွေ၊ နီးစပ်ရာခြံ‌တွေရဲ့ ရလာဒ်တွေနဲ့ ယှဉ်ထိုးသုံးသပ်ကြည့်ကြမယ်။

၃။ Improve

သုံးသပ်ချက်ပေါ်မူတည်ပြီး ပြုစုစောင့်ရှောက်ပုံနည်းစံနစ်နဲ့ အရှုံးအမြတ်ကို လက်ရှိအခြေအနေထက် ပိုကောင်းလာအောင် ပြုပြင်ရမယ့် အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ကြမယ်။

ခြံတွင်းအခြေအနေလေးတွေကြည့်၊ ဘာလိုအပ်နေလဲစဉ်းစား၊ ပြုပြင်စရာရှိတာပြုပြင် ဒီလိုနဲ့ ကိုယ့်ခြံလေး ကောင်းသည်ထက်ကောင်းနေအောင် စဉ်ဆက်မပြတ် ကြိုးစားနေကြရင်း မွေးလောက ကစားကွင်းကြီးထဲမှာ ပွဲပြီးသည်အထိ ပါဝင်ကစားနေနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

02/04/2025

ငလျင်ဘေးဒါဏ်ကို ခါးစည်းခံစားနေရသော ဘဝတူ ပြည်သူများခင်ဗျား

ကျွန်တော်တို့နေသူရိန်မွေးမြူရေးလုပ်ငန်းစုသည်လည်း ငလျင်ဘေးဒါဏ်ကို ပြည်သူများနည်းတူ ထိခိုက်ခံစားခဲ့ရပါတယ်။ ကိုယ်တိုင်လက်တွေ့ခံစားရတာကြောင့်မို့လို့လဲ ငလျင်ဒါဏ်ခံ ပြည်သူတို့ရဲ့ အခက်အခဲများကို ရာနှုန်းပြည့် နားလည်ပါတယ်ခင်ဗျာ။ ထို့အတွက်ကြောင့် ငလျင်ဒါဏ်ခံပြည်သူများအတွက် အလိုအပ်ဆုံးအချိန်မှာ ကျွန်တော်တို့ ချွေးနှဲစာလေးထဲမှ တတ်နိုင်သမျှ ပြန်လည်မျှဝေဖို့ ဆုံးဖြတ်ထားပါတယ်။
ထိခိုက်ခံစားပြည်သူများဆီ လက်ဝယ်အရောက်ပို့‌ဆောင်ကြမယ့် အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး ငွေကျပ်သိန်းတစ်ထောင်တိတိကို ကိုယ်တိုင်ကိုယ်ကျ မျှဝေပေးသွားပါမယ်ခင်ဗျာ။

ပြည်သူများကိုလည်း သဘာဝဘေးဖြစ်တဲ့ ငလျင်ဘေးဒါဏ်ဆိုတာဟာ ယာယီမျှသာဖြစ်တဲ့အတွက် စိတ်ဓါတ်မကျဘဲ အားတင်းထားကြဖို့ တိုက်တွန်းလိုပါတယ်။ အခြင်းခြင်း စောင့်ရှောက် ကူညီ ဖေးမ မျှဝေရင်း တစ်နေ့ခြင်း မှန်မှန်လေး ဖြတ်ကျော်ကြမယ် ခင်ဗျာ။

ငလျင်ဘေးဒါဏ်ကင်းလွတ်ခဲ့ကြတဲ့ ဒေသအသီးသီးက မိတ်ဆွေများကလဲ ငလျင်ဒါဏ်ခံပြည်သူများကို မိမိတို့တတ်နိုင်တဲ့ဘက်ကနေ စိတ်ဓါတ်ခွန်အား မျှဝေပေးကြမယ် မဟုတ်လားခင်ဗျာ။

ပြည်သူများရဲ့ အခက်အခဲဆုံး အခုလို အခိုက်အတန့်မှာလဲ တစ်ခုရှိရင်တစ်ဖဲ့စီစားရင်း ပြန်လည်ထူထောင်ရေးကာလမှာလဲ တတပ်တအား ပါဝင်သွားမှာဖြစ်ပါကြောင်း ထပ်လောင်းအသိပေးအပ်ပါတယ် ခင်ဗျာ။

30/03/2025

အထူးဝမ်းနည်းကြေကွဲခြင်း

နေသူရိန်မွေးမြူရေးလုပ်ငန်းစုရဲ့ ဝမ်းနည်းကြေကွဲရသော နေ့တစ်နေ့ပါ။

‌နေသူရိန်မွေးမြူရေးလုပ်ငန်းစုရဲ့ အားထားရသောဝန်ထမ်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များရဲ့ သဘောကောင်း မနောကောင်း အလွန်ခင်မင်စရာကောင်းလှသူ၊ ဖောက်သည်များအတွက် အဆင်ပြေအောင် အစစ အရာရာ စီစဉ်ဆောင်ရွက်ပေးတတ်သူ၊ ညီလေး ဒေါက်တာဇင်မင်းစိုး ငလျင်ဘေးအန္တရာယ်ကြောင့် အချိန်မတန်မီ ကြွေလွင့်သွားခဲ့ရပါပြီ။

အဆက်အသွယ် စတင်ပြတ်တောက်သွားချိန်ကစလို့ နောက်ဆုံးအချိန်အထိ အကောင်းဆုံးကိုမျှော်လင့်ပြီး ရနိုင်သမျှ ကြိုးစားရှာဖွေခဲ့ပါသော်လည်း အဆိုးဆုံးနဲ့သာ ကြုံတွေ့လက်လျှော့လိုက်ရပါပြီ။

ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ညီလေးရေ။ ကောင်းရာမွန်ရာမှာ အနားယူပါတော့။

16/01/2025

မြန်မာ့မွေးလောက၌ မည်သည့်နိုင်ငံတွင်မှ မြင်တွေ့ခွင့်မရနိုင်သော အလွန်ထူးခြားသည့် အသားတိုးကြက် ရောင်းဝယ်မှုပုံစံကြီးသုံးမျိုးရှိလေ၏။ ၎င်းပုံစံကြီး သုံးမျိုးမှာ

၁။ ကြိုက်ရောင်းကြိုက်ဝယ်
၂။ ကြောက်ရောင်းကြောက်ဝယ် နှင့်
၃။ ကြည့်ရောင်းကြည့်ဝယ် တို့ ဖြစ်ကြလေသတတ်။

ကြိုက်ရောင်းကြိုက်ဝယ်ပုံစံမှာ ပစ္စည်းလိုလို့ ရှာနေတဲ့ကြက်ဒိုင်နှင့် ကြိုက်ဈေးရရင်ရောင်း‌မယ့်ခြံရှင်တို့ ကလူ၏သို့ မြူ၏သို့လုပ်ရင်း ချိတ်ချိတ်ခြင်းချိတ်မိကြခြင်းဖြစ်၏။ လိုဘပြည့်ကြ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေကြ၏။

ကြောက်ရောင်းကြောက်ဝယ်ပုံစံမှာ‌တော့ ဖဲစကားနဲ့ပြောရရင် ဆွဲသေနေရှုံးဖြစ်နေတဲ့ခြံပိုင်ရှင်က လူနိုင်ကြက်ဒိုင်ကို ကြက်ဈေးကျနေချိန် လက်ရှိဈေးထက်လျှော့ပြီးအတင်းထိုးရောင်း၊ ဈေးထပ်ကျမှာသိနေတဲ့ကြက်ဒိုင်ကလဲ ရှေ့ကောင်းနောက်ကောင်းဖြစ်အောင် ကြက်ကောင်ရေအနည်းဆုံးလေးကို အဖြစ်လောက်ဖမ်း။ ခြံပိုင်ရှင်လဲ ကြက်ချိန်ရင်း ဒူးနဲ့မျက်ရည်သုတ်နေသလို ကြက်ဒိုင်ခမြာမလဲ ကြက်ဖမ်းပြီး အိမ်အပြန်လမ်းမှာ မျက်ရည်ပေါ်က ပါးပြင်စက်များနဲ့။

ကြည့်ရောင်းကြည့်ဝယ်ပုံစံမှာကျတော့ ခြံရှင်ဖက်က လက်ရှိဈေးနှုန်းနဲ့ဆို ပါးပါးလေးတော့မြတ်နေပြီ။ ၂ ရက် ၃ ရက်လောက် ဆက်ထားလိုက်မယ်ဆိုရင် အစာအိတ်လဲကုန်၊ ဝိတ်လဲတက်၊ ပြီးတော့ ကြက်ဈေးလေးကပါ ထပ်တက်ဦးမယ်ဆိုရင် သားရွှေအိုးထမ်းလာမယ့်ကိန်း။ သို့ပေမင့် မမျှော်လင့်ပဲ ပျက်သောမီးမလာခင် လာသောမီးမပျက်ခင် ဗြုန်းကနဲ ကြက်ဈေးက ခွေးကျကျသွားပြန်ရင်လဲ မြွေပါလဲဆုံးသားလဲဆုံး၊ ငါးပါးမှောက်ရုံမကပဲ ပလုတ်တုတ်ပါခေါက်မယ့်ကိန်း။ ကြက်ဒိုင်ဖက်ကစဉ်းစားတာကျတော့လဲ တစ်နေ့စာလိုသလောက်လေး ထိန်းဖမ်းထားရင်ကောင်းမလား။ အပိုလေးဆောင်းပြီး ဖမ်းထားလိုက်ရင် တက်ဈေးလေးများစားရမလား။ ဈေးကျသွားလို့ ပိုက်ဘောများမိမလား။ ခြံပိုင်နဲ့ ကြက်ဒိုင် နှစ်ဖက်စလုံး စွရမ်းလမ်းတွေပျောက်ပြီး ဟဝှါခြင်းကြိုးချည်ဆွဲရသလို သတိကြီးကြီးထားနေရသပေါ့။ တစ်ချက်မှားရင် ဘဝတွေ ခါးသွားမယ်လေ။

မြန်မာနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကိုကံကောင်းပါတယ်။

စိုက်ပျိုးသမျှရိတ်သိမ်းရမယ် ဆိုသလို မွေးမြူထားသမျှတွေလဲ ထုတ်ရောင်းရမှာပေါ့။ ကြက်ရောင်းချရာမှာ အပေါ်ကလို မရှုပ်ထွေးဘဲ စိတ်‌အေးချမ်းသာချင်ရင်တော့ ဖြစ်ပေါ်နေတဲ့ ကြက်ဈေးအခြေအနေအရပ်ရပ်နဲ့ ကိုက်ညီတဲ့ ကြက်ရောင်းချရေးဆိုင်ရာ ကိုယ်ပိုင်မူဝါဒကြီး ၃ ရပ်ကိုတော့ မဖြစ်မနေ ချမှတ်ဆောင်ရွက်ရပေလိမ့်မယ်။

ကြက်ဈေးအငြိမ်သွားနေတဲ့ ဈေးကွက်အနေအထားမှာ ကြက်အထီး သို့မဟုတ် ဝိတ်ကောင်းတဲ့အကောင်တွေကို ၃၈ ရက်သားမှာထုတ်၊ ကြက်အမတွေကိုတော့ ၄၂ ရက်သားမှာ‌ရောင်းထုတ်ပေါ့။ တစ်နေ့ကို အကောင်ရေနည်းနည်းခြင်းပဲ ထုတ်နိုင်တဲ့ ဈေးကွက်လေးတွေမှာတောင် ၄၉ ရက်ဆို ကြက်ကုန်ပြီ။ ဒါဆိုရင် ကြက်ဝိတ်အားဖြင့် ၂.၈ ကီလို ပိဿာအနေနဲ့ ၁.၇ ပိဿာအကျော်မှာ ရမှာဖြစ်လို့ ဈေးကွက်ဝင် ကြက်ဆိုက်ဖြစ်သလို ခြံသမားအတွက် အကျိုးအမြတ်ရနိုင်တဲ့ အနေအထားပါပဲ။

ကြက်ဈေးအကျဖက်သွားနေတဲ့အချိန်မှာတော့ ကြက်အသက် ၃၈ ရက်သားမှာ မဖြစ်မနေ ရောင်းထုတ်ရမယ်။ ၃၈ ရက်သားဆိုတော့ ရောင်းကွက်လဲဝင်ပြီ။ ကြက်အသက်ငယ်တဲ့အတွက် FCR ကလဲနိမ့်၊ ထုတ်လုပ်စားရိတ်ကလဲနိမ့်၊ စုစုပေါင်းရင်းနှီးမြုပ်နှံမှုငွေပမာဏကလဲနည်းသေးတော့ ဆုံးရှုံးမှု အနည်းဆုံးအနေအထားပါ။ ကြက်အသက်ငယ်တာတွေထုတ်ထားတော့ ဈေးကွက်ထဲမှာ ကြက်ခါးဆက်ပြတ်ပြီး ကြက်ဈေး ပုံမှန်ထက်စောပြီး ဦးမော့လာနိုင်‌သေးတာပေါ့။

ကြက်ဈေးကလဲတက်ရိပ်၊ ဈေးကွက်ထဲမှာလဲ ကြက်ကြီးရှားတတ်တဲ့သင်္ကြန်တွင်းလို အချိန်မျိုးဆိုရင်တော့ ကြက်ကို ကြီးနိုင်သလောက်ကြီးအောင် ၄၉ ရက် အကျော်ထိ ထားပေတော့။ ကြက်ဈေးကြီးကလဲ အမြော်ကင့်မှာ၊ ကြက်ဝိတ်ကြီးကလဲ ထိပ်ဖျားတင် အစိတ်သားလောက် ရှိတယ်ဆိုတော့ ပွဲကပြတ်ပြီပဲ။

ကာယအား ညာဏအားအပြင် ငွေအားပါ စိုက်ထုတ်ထားတဲ့ကြားက ယပ်တောင်ဆင်နင်းထားသလိုပြားနေတဲ့မွေးသမားတွေ ထိုက်သင့်တဲ့ အကျိုးအမြတ်လေး ခံစားရစေဖို့ စေတနာရှေ့ထားပြီး တော်ကီပွားလိုက်ရပါတယ် ခင်ဗျာ။

05/12/2024

ဖျာလိပ်ခေါင်းထဲကို ကောင်းနိုးကောင်းနိုးနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကျစ်တိုးနေရတဲ့ မွေးသမားတွေ ဝါးလုံးခေါင်းထဲ ထိုးထည့်တာ ခံရပြီ။ ရိုက်သွင်းခံရတာဆိုရင် ပိုမှန်မယ်။ နောက်ကြောင်းပြန်လှည့်လို့မရတာခြင်း အတူတူ ဖျာလိပ်ခေါင်းထဲကမှ တစ်နေ့ အရှင်ထွက် ထွက်နိုင်ရမည်လို့ ကြွေးကြော်လို့ရဦးမယ်။ ပို၍ ကြပ်တည်း၊ ကျဉ်းမြှောင်း၊ ပိန်းပိတ်အောင်မှောင်နေတဲ့ ဝါးလုံးခေါင်းထဲမှာတော့ ကောက်ညှင်းကျည်တောက်ဘဝနဲ့ပဲ အဆုံးသတ်သွား‌ရပေတော့မယ်။ အကျိုးဆက်အနေနဲ့ မွေးလုပ်ငန်းမှာ တစ်ဦးခြင်းစီရော၊ အစုအဖွဲ့လိုက်ပါ ထပ်မံတိုးချဲ့ရင်းနှီးမြုပ်နှံဖို့ လက်တွန့်ကုန်ကြလို့ မြန်မာ့မွေးကဏ္ဍကြီး ကြီးထွားလာဖို့တော့ မမြင် ဟင် ဟင်။

တစ်ဖက်ကလှည့်ပြီး စဉ်းစားမိရင်တော့လဲ ပျော်ဖို့တော့ကောင်းသား။ ကြက်မကိုးကောင် ကိုးလရှောင် တစ်နေ့တစ်‌ကောင်စား ဆောင်ပုဒ်ကြီး မထင်မှတ်ဘဲ ကျောက်ခဲရေပေါ် အောင်မြင်လာနိုင်သလို မွေးလောကသမိုင်းတစ်ပတ်လည်ပြီး အကောင် ၁၀၀၊ အကောင် ၂၀၀ ဝါးခြံလေးတွေ ရပ်ထဲရွာထဲ ဖွေးဖွေးလှုပ်အောင် ပြန်လည်ပေါ်ပေါက်လာနိုင်သေးတာပဲလေ။ နှောင်းလူတွေ မမြင်ခဲ့ဖူးတာတွေ ပြန်မြင်ခွင့်ရတာပေါ့။ စဉ်းစားရင်းနဲ့ မင်မင်တောင် အသက်နှစ်ဆယ်လောက် ပြန်ငယ်သွားသလိုခံစားရပြီး ခြံပြန်ပတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာလိုက်တာ ဆိုင်ကယ်တောင် တက်ခွမိတဲ့အထိပဲ။

ဘားမှမဟုတ်ဘူး။ ပိုမိုတောက်ပသော ‌မွေးလောကကြီး (Brighter future of Livestock Industry) အကြောင်း လာပြောတာ။ ရင်ဘတ်ခြင်းတူရင် ဟဟ ပေးခဲ့ဦး။ ဝါးလုံးခေါင်းထဲမှာ တွေ့ကြမယ်။ See you in the bamboo.

Address

39 Street, Between 84-85 Road
Mandalay

Telephone

+959424244196

Website

Alerts

Be the first to know and let us send you an email when နေသူရိန် မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နေသူရိန် မွေးမြူရေးအစာ၊ ကြက်ပေါက်၊ ဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး:

Share

Category