29/03/2026
တစ်ညနေခင်းမှာတော့ နဒီ ရုံးဆင်းလို့ အိမ်ပြန်ရောက်တဲ့အခါ ဧည့်ခန်းထဲမှာ စောင့်နေတဲ့ အဖေနဲ့ အမေကို ထူးထူးခြားခြား တွေ့လိုက်ရတယ်။ အိမ်ရဲ့ လေထုက ခါတိုင်းလို မဟုတ်ဘဲ လေးလံနေသလိုပဲ။
"နဒီ... သမီးကို အဖေတို့ ပြောစရာရှိတယ်၊ ခဏထိုင်ဦး"
အဖေက တည်တည်ငြိမ်ငြိမ်ပဲ စကားစလိုက်တယ်။ နဒီ့ ရင်ထဲမှာ တစ်ခုခုကို ကြိုသိနေသလိုမျိုး တုန်လှုပ်သွားတယ်။
"သမီး သိတဲ့အတိုင်းပဲ... အဖေ့သူငယ်ချင်း ဦးလေးထွန်းရဲ့သား အောင်မင်း က နိုင်ငံခြားကနေ ပြန်လာပြီ။ သူတို့ဘက်ကလည်း သမီးကို သဘောကျလို့ လူကြီးချင်း စကားကမ်းလှမ်းထားကြတယ်"
အမေက ဘေးနားကနေ ဝင်ပြောတယ် "ဟုတ်တယ် သမီးရဲ့... အောင်မင်းက ပညာလည်းတတ်၊ မိသားစုချင်းကလည်း ငယ်သူငယ်ချင်းတွေဆိုတော့ အဖေနဲ့အမေကတော့ သဘောတူထားပြီးသား။ သမီးလည်း ငြင်းမှာမဟုတ်ဘူးလို့ ယုံကြည်တယ်"
နဒီ့ရဲ့ လက်ချောင်းလေးတွေ တုန်ရီသွားတယ်။ စိတ်ထဲမှာတော့ မင်းသန့်ရဲ့ နောက်ပြောင်တတ်တဲ့ မျက်နှာလေးနဲ့ သူပေးထားတဲ့ စာအုပ်လေးကိုပဲ မြင်ယောင်နေမိတယ်။
"ဒါပေမဲ့ အဖေ... သမီးမှာ..."
"သမီးမှာ ဘယ်သူရှိရှိ... အဖေတို့ကတော့ ဒါကို အတည်လို့ သတ်မှတ်ထားပြီးပြီ။ သမီးရဲ့ အနာဂတ်အတွက် အဖေတို့ အကောင်းဆုံး ရွေးချယ်ပေးတာပဲ။ နောက်အပတ် သူတို့အိမ်ကို လာလည်တဲ့အခါ သမီး သေချာ ပြင်ပြင်ဆင်ဆင် နေပေးပါ"
အဖေ့ရဲ့ ပြတ်သားတဲ့ စကားကြောင့် နဒီ ဘာမှ ဆက်မပြောနိုင်တော့ဘူး။ မျက်ရည်တွေ ဝဲတက်လာရင်း မိမိအခန်းထဲကိုပဲ ပြေးဝင်ခဲ့မိတော့တယ်။
အဲဒီညမှာ နဒီ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူး။ မင်းသန့်ဆီက လာတဲ့ ဖုန်းကိုလည်း မကိုင်ရဲသလို၊ စာအုပ်ကြားထဲက မင်းသန့်ရေးပေးထားတဲ့ စာသားလေးကို ကြည့်ပြီး နဒီ့ရင်ထဲမှာ ဗြောင်းဆန်နေပါတော့တယ်။
(တတိယပိုင်းမျှော်)လေးစားစွာဖြင့်စာရေးသူအလင်းတစ်