24/07/2024
ရွှေအကြောင်း တစေ့တစောင်း (အပိုင်း ၁)
ကမ္ဘာမှာ ရွှေတန်ချိန် (၁၉၀,၀၀၀) လောက်ကို မြေကြီးထဲက ထုတ်ယူခဲ့ပြီးပါပြီ၊ နောက်ထပ်တန်ချိန် (၆၀,၀၀၀) လောက် စီးပွါးဖြစ်ထုတ်ယူနိုင်ဖို့ရန် ကျန်ရှိနေသေးတယ်ဆိုတဲ့ သုတေသနမှတ်တမ်းရှိတယ်။ တရုတ်၊ ဩစတြေးလျနဲ့ တောင်အာဖရိကတို့ဟာ ကမ္ဘာ့ရွှေထုတ်လုပ်မှု အများဆုံး (၃) နိုင်ငံပါ။ US က နံပါတ် (၄) လောက်လိုက်တယ်။
သမိုင်းတစ်လျှောက် ထုတ်လုပ်ပြီးတဲ့ ရွှေပမာဏကို အတိုင်းအတာနဲ့ ဖော်ပြရရင်… အလျား၊ အနံ၊ အမြင့် (၇၅) ပေပတ်လည်ရှိတဲ့ လေးထောင့်တုံးကြီးအဖြစ် မှန်းဆပုံဖော်ကြည့်နိုင်ပါမယ်။
ရွှေကို သူ့ရဲ့ကျစ်လစ်သိပ်သည်းမှု၊ လှပမှုနဲ့ ကြာရှည်အထားခံမှုတို့ကြောင့် ရှေးပဝေသဏီ ခေတ်ကာလတွေကတည်းက တန်ဖိုးထားသုံးစွဲခဲ့ကြတယ်။
လက်ဝတ်ရတနာအဖြစ် အများဆုံး အသုံးပြုသလို သာလွန်လျှပ်ကူးပစ္စည်းအဖြစ်လည်းကောင်း၊ ကွန်ပြူတာ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ အာကာသယာဉ်၊ ဂျက်အင်ဂျင်နဲ့ အချို့ထုတ်ကုန်များမှာလည်း မရှိမဖြစ် စက်မှုသတ္ထုထုတ်ကုန်အဖြစ် အသုံးပြုကြတယ်။
သန့်စင်ပြီးရွှေဟာ ပျက်စီးယိုယွင်းနိုင်ချေ နည်းပါးလွန်းတာရယ်၊ ထိမ်းသိမ်းရလွယ်ကူတာရယ်၊ စုဆောင်းမယ်ဆိုလည်း ဝန်ကျဉ်းတာရယ်၊ သူ့ရဲ့ ဝင်းဝါတဲ့ အလှတရားကြောင့်ရယ် လူသားတွေရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးအဖြစ် စာရင်းဝင်တယ်။
ရွှေဟာ (၂၀) ရာစု နှောင်းပိုင်းကစပြီး အရေးပါတဲ့ စက်မှုထုတ်ကုန် သတ္ထုတစ်မျိုးဖြစ်လာတာကြောင့် သူ့တန်ဖိုးဟာ တစ်စတစ်စနဲ့ တက်လာပါတော့တယ်။ ဒါကြောင့်လည်း ရွှေဟာ ငွေကြေးနဲ့ စံထားတန်ဖိုးသတ်မှတ်တဲ့ သတ္ထုတစ်မျိုးဖြစ်လာခဲ့ပြီး၊ ထုတ်လုပ်သမျှ သန့်စင်ပြီးရွှေချောင်းအများစုဟာ ဗဟိုဘဏ်တွေရဲ့ ငွေတိုက်တွေထဲ ရောက်သွားလေ့ရှိတယ်။
ရွှေကိုတစ်ချိန်တုန်းက ငွေကြေးအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်။ ရွှေဒင်္ဂါးပြားတွေ၊ အတုံးတွေစသည်ဖြင့် သုံးစွဲခဲ့တာပါ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘရက်တန်ဝုဒ် သဘောတူညီချက်အရ ဒေါ်လာကို ရွှေနဲ့စံထားပြီး တန်ဖိုးသေတစ်ခု သတ်မှတ်အသုံးပြုခဲ့တယ်။
အမေရိကန်နိုင်ငံဟာ (၁၉၇၁) ခုနှစ်မှာ ရွှေကို ဒေါ်လာနဲ့ကိန်းသေတန်ဖိုးသတ်မှတ်ထားမှု ရပ်ဆိုင်းပြီးတဲ့နောက်၊ ရွှေစျေးဟာ တစ်အောင်စ (၃၅) US$ ကနေ (၁၉၇၃) ခုနှစ် ဇူလိုင် (၆)ရက်နေ့ မှာ (၁၂၇) US$ အထိ၊ (၄) ဆခန့်အမြင့်ဆုံးတက်ခဲ့ကာ၊ အခုဆို အဆ (၅၀-၆၀) ကြားကို ရောက်ရှိနေပြီဖြစ်တယ်။
ဒါလောက်ဆို အနာဂတ်မှာ ရွှေစျေးဟာ အတက်ဘက်သို့သာ သွားမယ်ဆိုတာ ဗေဒင်မေးဖို့ မလိုတော့ပေ။ သို့ပေမယ့် ရွှေတစ်တုံးကိုင်ထားသူဟာ နှစ်ကာလဘယ်လောက်ကိုင်ကိုင် ဒီတစ်တုံး၊ ဒီအလေးချိန်ပဲရှိတယ်၊ မတိုးပွါးနိုင်။
ဒါကြောင့်မို့ ရွှေကုန်သည်တွေ၊ ငွေရှင်ဓနရှင်တွေ၊ သာမန်ပြည်သူတွေဟာ ရွှေပမာဏ တိုးပွါးရန်အတွက် ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလာကြတယ်၊ ဒီလိုနဲ့ ကမ္ဘာတဝန်း ရွှေရောင်းဝယ်စျေးကွက်ကြီး လှုပ်ရှားအသက်ဝင်နေရတာလည်းဖြစ်တယ်။
(၁) ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွါးရေး နိုင်ငံရေးအခြေအနေ၊ ငွေကြေးမူဝါဒတွေနဲ့
(၂) ရောင်းလိုအား၊ ဝယ်လိုအားသဘောတရားကြောင့် ရွှေစျေးဟာ တစ်နှစ်တာပတ်လုံး တက်လိုက် / ကျလိုက်ဖြစ်နေတယ်။
အဲ့လို ဝယ်လိုက်ရောင်းလိုက်ပြီးနောက်မှာ ကစားသူတွေကြား ရွှေပမာဏပိုင်ဆိုင်မှု ကွာဟချက်တွေဖြစ်လာတော့တယ်။
အတိုချုပ် အကြံပြုရရင် - ရွှေဟာ ငွေအပိုရှိမှ ဝင်ကစားသင့်တဲ့ လုပ်ငန်းမျိုးဖြစ်တယ်။ တစ်နှစ်ပတ်လုံး ကစားရတာမို့ စိတ်ရှည်ရပါမယ်။ ရွှေလောကထဲ ဝင်မယ့်သူဟာ ရွှေရဲ့ Spot နဲ့ Trend သဘောသဘာဝကို အကြမ်းမျှ နားလည်ထားသင့်တယ်။
သာမန်အားဖြင့်ဆိုရရင် စျေးကွက်မှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ချေ မမြင်ပါက၊ ရွှေကို တစ်လုံးတစ်ခဲတည်း အပြတ်ဝယ်ခြင်းရောင်းခြင်း မပြုဘဲ… ငွေအရံ ရွှေအရံချန်ထားပြီး ရောင်းဝယ်ခြင်းမျိုးသာပြုသင့်တယ်။
လုပ်တတ်ရင် အမြတ်သေချာပြီး၊ ငွေဖြစ်မြန်လွန်းတဲ့ လုပ်ငန်းဖြစ်သလို၊ ရှုံးဖူးထားမှ မြတ်စွန်းမယ်လို့ သဘောထားနိုင်ရင် ရွှေလောကထဲ ဝင်နိုင်ပြီဖြစ်တယ်။
ဆက်ပါမယ်။
credit
*** (၁) အောက်တိုဘာ၊ (၂၀၂၃) တုန်းက Gold ဂရုမှာ ဖော်ပြခဲ့တာလေး ပြန်တင်လိုက်တာပါ။