02/10/2025
သာမဏသာရုပ္ပ ပျက်ခြင်းဟူသည်( ၁ )
ယနေ့ခေတ်မှာ
ရဟန်း၊သံဃာတွေ
မထော်မနန်း၊မတော်မတည့် ဝတ်စား၊သွားလာ နေထိုင်ကြတာကို၊မြင်တွေ့ ကြားသိရတဲ့အခါ
သာမဏ သာရုပ္ပပျက်တယ်လို့ ပြောတတ်ကြတယ်။
ဥပမာ။ဆိုင်ကယ်ကားယားခွမောင်းသွားတာ၊ကားမောင်းတာ၊ဦးထုပ်ဆောင်းတာ၊စားသောက်ဆိုင်ထိုင်တာ၊ခေတ်ပေါ်လူသုံးကုန်ပစ္စည်းတွေကို လူမြင်အောင်ကိုင်တွယ်သုံးစွဲပြတာ၊ရပ်ရွာထဲ၊လူတွေကြားထဲသင်္ကန်း ဖိုသီဖတ်သီနဲ့ အင်္ကျီတွေဝတ်ကြတာ၊ စသည်ဖြင့်ပေါ့။
တကယ်တော့ ဒီ သာမဏသာရုပ္ပ ဆိုတဲ့ စကားလုံးမှာ၊သူ့ရဲ့စကားနက်က အဓိပ္ပါယ်ကျယ်ဝန်းလှပါတယ်။
သာရုပ္ပ= လျောက်ပတ်သောအကျင့် လို့ အနက်ပေးထားတယ်။
သာမဏ ကိုတော့ ရဟန်းလို့သာ လွယ်လွယ် အဓိပ္ပါယ်ပြန်ကြတယ်။
ဘိက္ခုကိုလည်း ရဟန်းလို့ ဆိုတယ်။
ပဗ္ဗဇိတ ကိုလည်း ရဟန်းလို့ ဆိုပြန်တယ်။
ပါဠိကို မြန်မာလို အနက်ဖွင့်ကြရာမှာ တိတိကျကျ မပြောကြဘဲ
စကားတစ်လုံးတည်းနဲ့ ရောကြိတ်လိုက်တာ များတယ်။
အိန္ဒိယမှာတော့ သူတောင်းစားကိုလည်း သမဏ လို့ခေါ်တယ်လို့ မှတ်သားရတယ်။ ဒမက ဆိုတဲ့ ပါဠိက ဆင်းသက်လာပုံရတယ်။
ဘိက္ခာက ဆိုတာလည်း ရဟန်း၊သူတောင်းစားလို့ အနက်ပေးတယ်။
သမဏ ဆိုတာ တကယ့်ကို၊အားထားမှီခိုရာမဲ့သူလို့ အနက်ပြန်ရင် ပိုလို့ ကိုက်ညီမယ်။
စားစရာအတွက် ပတ္တလို့ခေါ်တဲ့ ခွက်တစ်လုံးနဲ့ အိမ်စဥ်ရပ်ဆွမ်းခံရမယ်။
ဝတ်စရာအတွက်လည်း သူတစ်ပါး မလိုချင်အောင် ၊ချုပ်ရိုးများစွာနဲ့ ဝတ်ရမယ်။လှူမယ့်သူမရှိရင် လူအများစွန့်ပစ်ထားတဲ့ ပိတ်စဟောင်းတွေကိုစပ်၊လျော်ဖွတ်၊ဆေးဆိုးပြီး ဝတ်ရမယ်။
နေစရာအတွက်လည်း သစ်တစ်ပင်၊ဂူတစ်လုံး ကို အသုံးပြုပြီးနေနိုင်ရမယ်။
ဆိုလိုတာက သူတောင်းစားဆိုတာ အားကိုးအားထားမှီတွယ်စရာဘာမှမရှိသလို
ရဟန်းဆိုတာကလည်း ကိုယ်ပိုင်ဥစ္စာမရှိသူ၊ထောက်တည် မှီထားရာမရှိသူ အဖြစ်နေနိုင်စွမ်းရှိရမယ်။
ဒီလိုနေနိုင်အောင်လည်း ဗုဒ္ဓက
ဝိနည်းဆိုတဲ့ စည်းမျည်းတွေနဲ့ ဘောင်ခတ်ပြီး လေ့ကျင့်နေထိုင်စေတယ်။
ရဟန်းဟာ တစ်စုံတစ်ယောက်၊တစ်ခုခုအပေါ်မှာ အားထားနေရတယ်၊မှီခိုနေရတယ်ဆိုရင်
သာမဏသာရုပ္ပပျက်တယ်လို့ ပြောရမယ်။
ရဟန်းဟာ ဘယ်သူ့ကိုမှ အားထားမှီခိုခြင်း မပြုမှသာ
သူ့ကို ဘယ်သူမှ ဆွဲလှဲလို့ မရနိုင်မှာဖြစ်တယ်။
ရဟန်းပစ္စည်းပျောက်ရင်
အခိုးခံရရင် သက်ဆိုင်ရာ၊အာဏာရှိသူတွေကို တိုင်တန်းခွင့်မရှိဘူးဆိုတာကိုတော့ တော်တန်ဝိနည်းနားလည်သူတွေ သိကြမှာပါ။
မင်း၊အစိုးရဆိုတာ
သူတောင်းစားနဲ့ ရဟန်းတွေဆီက
အခွန်ကောက်ခံလို့မရဘူး။သူတို့မှာ စီးပွားကြီးပွား၊ပိုင်ဆိုင်မှု ဘာမှမရှိလို့ပဲ။ဒါကြောင့် ရဟန်းပစ္စည်းပျောက်ရင် မင်း၊အစိုးရမှာ ဘာတာဝန်မှ မရှိသလို၊ရဟန်းကလည်း တိုင်ကြားခွင့်မရှိဘူး။
ရဟန်းဟာ ပိုင်ဆိုင်မှုပစ္စည်းတစ်ခုခု အခိုးခံရရင်၊ခိုးသူကို သိပေမယ့် တိုင်ကြားခွင့်မရှိသလို
ပြန်တောင်းခွင့်လည်း မရှိပါဘူး။
မိမိပိုင်အဖြစ်မှ ပျက်သွားပြီဖြစ်လို့၊ခိုးယူသူက သူပိုင်ပစ္စည်းအဖြစ် ပြန်လည်လှူဒါန်းမှသာ
ခံယူခွင့်ရှိပါတယ်။
(Photos from Google)
🙏🏻🙏🏻🙏🏻✍️
ဥူးကုမာရ(ဇွန်းကျတောရ)
📙📙📙 ဦးသိန်း
🌷သာမဏ သာရုပ္ပပျက်ခြင်း(၂)🌷
https://m.facebook.com/story.php?story_fbid=128028813359608&id=100084574683562
🌷 သာမဏ သာရုပ္ပပျင်ခြင်း(၃)🌷
https://m.facebook.com/story.php?story_fbid=128027960026360&id=100084574683562