Lady Hteik Htar

Lady Hteik Htar Daw Tin Tin Yi

03/05/2026

စတယ် နောက်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် ရယ်ရမှ စတယ် နောက်တယ်လို့ ခေါ်တာ။
မဟုတ်ရင် တဖက်သတ် အနိုင်ကျင့်တာပဲ မဟုတ်လား။

22/03/2026

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၆

ရွာဦးကျောင်းသည် သစ်ပင်ကြီးများကြောင့် အရိပ်ကောင်းသည်။ တိတ်ဆိတ်အေးချမ်းသည်။ ယခုလို ဥပုသ်နေ့တွင် မနက် ရှစ်နာရီ‌ကျော်အချိန်ကတည်းက သီလပေးသည့် ကျောင်းပေါက်ဝတွင် ချိုချဉ်ဝေသူ၊ လက်ဖက်သုပ်၊ ဂျင်းသုပ် ဝေသူများ ရှိသည်။ ယွန်းသက်လျာက ဥပုသ်သည်များအား ကြောင်လျှာပွင့်သုပ် ပန်းကန်ကို ကိုင်လျက် သီလယူလာသည့် လူများကို သီလပေးသည့် ‌ကျောင်းဆောင်အပေါက်ဝမှ တယောက်ချင်း ပန်းကန်ထိုး၍ ကြောင်လျှာပွင့်သုပ် ကျွေးနေသည်။

" ယွန်းရေ။ ဘာအသုပ်တွေလဲ။ "

" ဟာ မမဝေ။ ကြောင်လျှာပွင့်သုပ်ပါ။ စားပါဦး မမ။ "

သီလယူလာသည့် မမဝေသည် ယွန်းထိုးပေးသည့် ပန်းကန်ထဲမှ ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။

" ယွန်းလက်ရာက ကောင်းတယ်။ အပတ်တိုင်း ဝေတာလား။ အရင်အပတ်တွေကလည်း တွေ့တယ်။ "

" ဟုတ်။ အဆင်ပြေတဲ့အပတ် ဝေတာပါ မမ။ "

" အေး အေး။ စားကောင်းတယ်။ ဒါနဲ့ အိမ်ဘက်လာဦးနော်။ မနေ့က ငါ့မောင်နှစ်ယောက် မြို့က လာတယ်ကြားတယ်။ ငါနဲ့ မတွေ့ရသေးဘူး။ ဒါပေမယ့် ယွန်းနဲ့ ခင်စေချင်လို့ပါ။ "

" မမဝေရဲ့မောင် တွေဆိုတော့ ယောက်ျားလေးတွေမဟုတ်လား။ ယွန်းက ယောက်ျားလေးတွေနဲ့ အပေါင်းအသင်း လုပ်ရမှာလား မမဝေရဲ့။ ဒါမှမဟုတ် အခြောက်တွေလားဟင်။ "

ယွန်းစကားကြောင့် မမဝေက ပြုံး၍

" အခြောက်တွေ မဟုတ်ပါဘူးကွယ်။ မမဝေက ယွန်းကို သဘောကျတယ်လေ။ ‌ကိုယ်သဘောကျတဲ့သူနဲ့ ကိုယ့်မောင်တွေကို ခင်စေချင် သိစေချင်တာပါ။ တမျိုးမထင်ပါနဲ့ကွယ်။ ဟော ပြောရင်းဆိုရင်း ကျောင်းပေါ်တက်လာကြပြီ။ လာ လာ ထွန်းထွန်းရေ။ ကြီးညွန့်က ဘာလို့ နောက်ကျနေတာလဲ။ "

ကျောင်းပေါ်တက်လာသော ကြီးညွန့်တို့ အဖွဲ့က ယွန်းတို့အနားတွင် ရပ်သည်။ ကြီးညွန့်က ယွန်းကမ်းပေးသည့် ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။

" ယွန်းလက်ရာ မဟုတ်လား။ စားကောင်းတယ်ကွယ်။ ငထွန်း စားဦးမလား။ "

ကြီးညွန့်က ထွန်းမြတ်ကျော်ဘက်သို့ ပန်းကန်ကို ထိုးပေးသည်။ ပိုင်ချမ်းငြိမ်းက ထွန်းမြတ်ကျော်နောက်မှ ရှေ့သို့ အတင်းဝင်ကာ

" ဒီကောင်က မကြိုက်ဘူးရယ်။ ကျွန်တော့ကိုပေး။ ကျွန်တော် မြည်းကြည့်မယ်။ "

ထွန်းမြတ်ကျော်သည် ယခုမှ ယွန်းသက်လျာဆိုသည့် အမျိုးသမီးလေးအား သေချာကြည့်မိသည်။ လှသည်ဆိုတာထက် ယဉ်သည်။ ခန္ဓာကိုယ်အချိုးအစားက ရင်သေးရင်ချီပြီး ပြေပြစ်သည်။ အသားက ခပ်လတ်လတ် ဖြစ်သည်။ အရပ်က ငါးပေ ငါးလက်မလောက် ရှိမည် ထင်သည်။ မြန်မာဆန်သော ပါတိတ် ရင်ဖုံးအင်္ကျီနှင့် ထမီကို ဝတ်ဆင်ထားသည်။ သူမ၏မျက်‌တောင်ကော့ကော့ မျက်လုံးရွှန်းရွှန်းလေးများဖြင့် ထွန်းမြတ်ကျော်အား လှမ်းကြည့်လိုက်ရာ ထွန်းမြတ်ကျော်ကလည်း သူမအား ကြည့်နေသည်နှင့် အကြည့်ချင်းဆုံကြသည်။

ထွန်းမြတ်ကျော်က အကြည့်ကို အရင် လွဲလိုက်သလို သူမကလည်း အကြည့်ကို အသုပ်ပန်းကန်ဆီသို့ လွဲလိုက်သည်။ ထွန်းမြတ်ကျော်သည် သူမကို သေချာကြည့်ပြီးမှ ငပိုင် ဒါကြောင့် ရူးတာကိုးဟု မှတ်ချက်ချမိသည်။ ငပိုင်က သူမကို ငါကြိုက်မှာ စိတ်ပူနေရှာတာ။ ငါ ဒီထက် လှတာတွေ မြင်ဖူးတွေ့ဖူးတယ်။ ကြိုက်စရာအကြောင်း မရှိပါဘူးဟု မိမိဘာသာ တွေးလိုက်သည်။

" စားကောင်းတယ်နော် ညီမလေး။ ညီမလေး ကိုယ်တိုင်သုပ်တာလား။ "

ငပိုင်က ကြောင်လျှာပွင့်သုပ် ကောင်းကြောင်း ချီးမွမ်းသည်။

" ဟုတ်။ ကျွန်မကိုယ်တိုင် သုပ်တာပါ။ ကျွန်မက အချက်အသုပ် ဝါသနာပါတယ်။ ‌အကိုတို့ စားကောင်းရင် ဝမ်းသာရပါတယ်။ "

လူတင် ချစ်စရာကောင်းရုံမက အသံကပါ ချိုသည်။ ထွန်းမြတ်‌ ကျော်တို့ထက် ငယ်ပုံပေါက်ပေမယ့် စကားပြောတာ‌လေးက လူကြီးဆန်သည်။ ငပိုင်ကြိုက်တဲ့ကောင်မလေးအား ထွန်းမြတ်ကျော်သည် အမှတ်များစွာ ပေးနေမိသည်။

" အကိုတို့က တခြားက လာတာမို့ ဒီမှာ မိတ်ဆွေမရှိသေးဘူး။ ညီမလေးတို့အိမ် လာလည်မယ်နော်။ ခေါ်မှာလား။ "

" ဟုတ်။ လာလည်လို့ ရပါတယ်။ ကျွန်မလည်း မိတ်ဆွေတယောက်တိုးတာပေါ့။ "

ဘေးမှ မမဝေက မနေနိုင် မထိုင်နိုင်

" ယွန်း။ မိတ်ဆွေက တယောက်မဟုတ်ဘူး။ နှစ်ယောက်တိုးတာပါ။ ဒါက မမမောင်လေး ထွန်းမြတ်ကျော်တဲ့။ ဒါက ပိုင်ငြိမ်းချမ်းတဲ့။ သူတို့က သူငယ်ချင်းတွေ။ ဒါက ယွန်းသက်လျာတဲ့။ မောင်နှမတွေလို နေကြ။ "

ထွန်းမြတ်ကျော်က

" ဟုတ်ကဲ့ မမဝေ။ ဒါနဲ့ နောက်က လူတွေ လာနေကြတယ်။ ကျွန်တော်တို့ အထဲ ဝင်ရအောင်။ "

အထဲဝင်ခါနီး ပိုင်ချမ်းငြိမ်းက ညီမလေး အကို အိမ်လာလည်မယ်နော်ဟု နုတ်ဆက်သေးသည်။ ယွန်းကလည်း ဟုတ်ဟု ပြုံးပြုံးလေးဖြင့် ခေါင်းညိမ့်ပြသည်။

အထဲတွင် သင့်တင့်ရာ၌ နေရာယူကြသည်။ ကျွန်တော်တို့က အမျိုးသားများဖြစ်၍ ရှေ့တွင် နေရသည်။ ကြီးညွန့်နှင့် မမဝေက ကျွန်‌တော်တို့နှင့် ဝေးသော နောက်တွင် နေရာ ရသည်။

ပိုင်ချမ်းငြိမ်းက ထိုင်ရာမှ ဘုရားဘက် မလှည့်ဘဲ နောက်ဘက်လှည့်ကာ ယွန်းဘက် လှည့်လှည့်ပြုံးပြနေသည်။ မြင်ပြင်းကတ်လာသော ထွန်းမြတ်ကျော်က

" ဟေ့ကောင်။ မင်းဟာက အိန္ဒြေကို မရဘူးကွာ။ ဘုရားလေး ဘာလေး ကန်တော့ရဲ့လား။ "

" ဘုရားက ဘယ်အချိန် ကန်တော့ ကန်တော့ ရတယ် မောင်ရေ။ ဒါလေးက ဘယ်သူမှ မရမီ ကိုယ်အရင်ရဖို့ ကြိုးစားရမယ့် သူလေးကွ။ ရုပ်လည်း လှသလို အချက်အပြုတ်လည်း ကောင်းမယ့်ပုံကွ။ ငါတော့ အလိမ္မာ အိမ်အပါလေး ဖြစ်ချင်လှပြီ။ "

" ခုမှ တွေ့တာနော် ဟေ့ရောင်။ မင်းဟာ မလွန်ဘူးလား။ "

" မနေ့က တွေ့တာပါကွာ။ ငါက တွေ့ကတည်းက စွဲလမ်းနေရတာပါ "

ထွန်းမြတ်ကျော်သည် လိုက်မမှီတော့ဘူးဟုတွေးသည်။ ထို့နောက် မိန်းမကြီးတယောက်က အလှူပစ္စည်းများကို မိမိတို့ရှေ့က စားပွဲပေါ်ရှိ ခင်းကျင်းထားသော ပန်းကန်များ ဇလုံများထဲ ထည့်နေသည်ကို ထ၍ ကူညီပေးသည်။

" မင်းက ဧည့်သည်လားကွဲ့။ မမြင်ဖူးပါဘူး။ "

" ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်က ကြီးညွန့်တူပါ။ ကြီးညွန့်ကို သိတယ်မဟုတ်လား။ "

" သိတာပေါ့ကွယ်။ မမညွန်တူမို့ ထင်ပါရဲ့။ စကားပြောတာလည်း ယဉ်ကျေးလိုက်တာ။ '

" ဟုတ်ကဲ့ ခင်ဗျ။ ကျေးဇူးပါ ခင်ဗျ။ "

" အေး အေး။ လူငယ်လေးတွေ ယဉ်ကျေးတာ မြင်ရင် သဘောကျတယ်ကွယ်။ တချို့ လူငယ်တွေက စကားပြောတာကအစ ဒေါင့်မချိုးဘူး။ "

ထွန်းမြတ်ကျော်သည် ပြုံး၍ နေမိသည်။

ထိုစဥ် ဘေးက မိန်းမကြီးတယောက်က

" သားလေး။ ဒီပန်းကို ဘုရားပန်းအိုးထဲ ထိုးပေးပါလားကွယ်။အဖွားကို ကူညီပါကွယ် "

" ဟုတ်ကဲ့ ခင်ဗျ။"

ထွန်းမြတ်ကျော်က အဖွား၏လက်ထဲက သပြေပန်းကို ယူသည်။ ဘုရားရုပ်ထုရှေ့က ပန်းအိုးထဲသို့ ထိုးထည့်သည်။ ဘုရားရုပ်ထုကို စံပယ်ပန်း ကံ့ကော်ပန်းကုန်းများဖြင့် လှူဒါန်းပူဇော်ထားသဖြင့် ပန်းရနံ့များက မွှေးကြိုင်နေသည်။

" ဆရာတော် ကြွလာပါပြီ ခင်ဗျား။ အားလုံး လက်အုပ်ချီထားကြပါ ခင်ဗျာ။ "

ဘုရားလူကြီးက မိုက်ဖြင့် အော်သည်။ အားလုံး စကားပြောနေရာမှ အသံတိတ်ကြသည်။ ဆရာတော် ကြွလာသည်ကို လက်အုပ်ချီ စောင့်ကြိုကြသည်။ ဆရာတော်က တည်ငြိမ်သော ခြေလှမ်းများဖြင့် ဘုရားကို ဦးချသည်။ ပလ္လင်ပေါ် တက်ထိုင်သည်။ ဘုရားလူကြီးက ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြဖို့ မိုက်ဖြင့် ပြောသည်။ ထွန်းမြတ်ကျော်သည် ဩကာသ ရလို့ တော်သေးသည်။ ကျောင်းပေါ်ရှိ လူများက ဩကာသ ဩာကာသ ဟု တပြိုင်နက်တည်း ကန်တော့ကြသည်။

21/03/2026

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၅

" နောင် ဝေ ဝေ "

ခရီးပန်းလာပြီး အိပ်ပျော်‌နေသော ထွန်းမြတ်ကျော်သည် အိမ်ဦးခန်းမှ ကြေးစည်သံကြောင့် လန့်နိုးလာသည်။

" ထ ထ ပိုင်ချမ်းငြိမ်းရေ။ ‌ကြီးကြီးညွန့်တောင် ဘုရားကန်တော့နေပြီ "

ပိုင်ချမ်းငြိမ်းက မျက်လုံးကို ပြူးပြဲ ဖွင့်ကာ

" ဝါး အိပ်ချင်သေးတယ်ကွာ "

" ဟာ မအိပ်တော့နဲ့ကွ။ ထတော့။ ဒါ ရွာလာတဲ့ ပထမဆုံး ရက်ကွ။ ပထမရက်မှာ အမှတ်ကောင်းရမှ ဖြစ်မှာ။ "

ထွန်းမြတ်ကျော်က ပိုင်ချမ်းငြိမ်းရဲ့ ခြုံထားသောစောင်ကို ဆွဲခွာလိုက်သည်။

" နေပါဦးကွာ။ အိပ်မက်ကောင်းနေလို့ပါ။ "

" ဘာတွေ မက်နေလို့လဲ။ "

" သစ်ကိုင်းဆွဲသွားတဲ့ ကောင်မလေးပေါ့ကွာ။ "

" အံမယ်။ အိပ်ချင်မူးတူးနဲ့တောင် မျက်နှာက ပြုံးပြုံးကြီးဖြစ်လို့ပါလား။ မရဘူး။ ထကွာ။ ထ။ ထ။ "

အတင်းနိုးနေသော သူငယ်ချင်းကြောင့် ပိုင်ငြိမ်းချမ်းက အိပ်ယာမှ ထကာ

" ဒါနဲ့ ငါ တခု တောင်းဆိုချင်တယ် ငထွန်းရယ်။ "

" ဘာတုန်း ပြော။ "

" ငါလေ အဲ့ကောင်မလေးကို သဘောကျတာပါကွာ။ "

" အဲ့ဒါနဲ့ ဘာတောင်းဆို မလို့လဲ။ လိုက်တောင်းပေးရမှာလား။ "

" ဟ။ လိုက်တောင်းပေးရင် ကောင်းတာပေါ့ကွာ။ ဒါပေမယ့် ခု မတောင်းပေးပါနဲ့ဦး။ ငါ့ဘာသာ ကြိုးစားကြည့်ဦးမှာပါ။ "

" အလုပ် လုပ်ဖို့ လာတာကိုကွာ။ အေးပါ။ ထားပါတော့။ ဒါနဲ့ မင်းက ဘာကို တောင်းဆိုချင်တာလဲ။ "

ပိုင်ငြိမ်းချမ်းက မျက်နှာထားတည်တည်ဖြင့်

" မင်းက ရုပ်ချော ဥစ္စာပေါလေ။ ကောင်မလေးလည်း မရှားပါဘူး။ "

" ဟေ့ရောင်။ ငါ့မှာ ရည်းစားက ခုထိ မူးလို့ ရှူစရာတောင် မရှိဘူး။ ငါ ရုပ်ချောတာတော့ ထားပါ။ အဲ့ဒါနဲ့ ဘာဆိုင်။ "

" ခုကောင်မလေးကို ငါ အရင်ကြိုးစားကြည့်မယ်လို့ ပြောချင်တာပါကွာ။ မင်းက နောက်ဆုတ်ပေးပါ။ "

" ဘယ်လို။ ဘယ်နှယ့်။ မင်းတောင်းဆိုတာက ဘာကြီးလဲကွာ။ ဒါ‌ပေမယ့် စိတ်ချပါ။ ငါ ခုကောင်မလေးကို မကြိုက်ပါဘူး။ ငါ ကျောင်းတက်လို့ ခုဆို ဘွဲ့ရပြီးပြီ။ ကောင်မလေးတွေ ချောပေ့လှပေ့တွေနဲ့လည်း ဆုံခဲ့ဖူးတယ်။ ငါ မကြိုက်ပေါင်ကွာ။ ရည်းစားလည်း မထားဖူးပါဘူး။ ခု ကောင်မလေးလည်း မကြိုက်ပါဘူး။ မင်းဘာသာ ကြိုးစား။ ငါက အလုပ်လုပ်ဖို့ လာတာပါကွ။ "

ထွန်းမြတ်ကျော်သည် ပြောပြီး အိပ်ယာမှထသည်။ ‌အိမ်အောက်ထပ်သို့ ဆင်းရန် လှေကားကို ကိုင်စဉ် ပိုင်ချမ်းငြိမ်းမှာ နောက်က လိုက်လာတာ

" အဲ့ဒါဆို ကတိနော် သူငယ်ချင်း "

" အေးပါ ကတိ ကတိ။ "

ထွန်းမြတ်ကျော်သည် လှေကားမှ ဆင်းရင်း အရေးမပါသော အရာများကို ပိုင်ချမ်းငြိမ်း ပြောသည်ဟု ထင်ခဲ့သော်လည်း
နောင်တချိန်တွင် နောင်တရစရာများ ဖြစ်လာမည်ဟု မသိခဲ့ပေ။

" ဟော။ ကိုထွန်းနဲ့ ကိုချမ်း နိုးလာကြပြီလား။ လာလာ မျက်နှာသစ်ပြီးရင် အရန်သင့်စားဖို့ မနက်စာ ထမင်းကြော်လုပ်ထားတယ်နော်။ ရေတွင်းသွား မျက်နှာသစ်ကြ။ "

ကြီးကြီးညွန့်က ပြောပြီး ထမင်းကြော်များ ခူးခပ်နေသည်။ ထွန်းမြတ်ကျော်က ကြီးကြီးညွန့်ကို သေချာကြည့်လိုက်တော့ သနပ်ခါးအဖွေးသားနဲ့ ဒါးကြီးပါတိတ်ဝမ်းဆက်ခရမ်း‌ရောင်ကို ဝတ်ထားတာ တွေ့ရသည်။

" ကြီးညွန့်က မနက်အစောကြီး သနပ်ခါးတွေနဲ့ဗျ။ အဝတ်အစားအသစ်တွေနဲ့။ ဘာပွဲရှိလို့လဲဗျ။ "

" ဒီနေ့က ဥပုသ်နေ့လေ။ ရွာဦးကျောင်းသွားမလို့ပေါ့။ "

" ဒီနေ့က ဥပုသ်နေ့လားဗျ။ ကျွန်တော်တို့က ဥပုသ်နေ့တွေ မသိဘူး ကြီးညွန့်ရေ။ ဥပုသ်ကျောင်း လိုက်ခဲ့မယ်ဗျ။ ခေါ်မှာလားဗျ။ "

" အမလေး။ ခေါ်မလို့ စောင့်နေတာပါရှင်။ အိပ်ယာထက နောက်ကျသေး။ ခုထိ မျက်နှာက မသစ်ရသေးဘူး။ သွားသွား နှစ်ယောက်လုံး မြန်မြန်သစ်ခဲ့ကြ။ ရေတွင်းမှာ အကုန် ရှိတယ်။ သွားတိုက်တံအသစ်နှစ်ချောင်းရယ်။ ဆပ်ပြာ အမွှေးခဲအသစ်နှစ်ခဲရောပဲ။ ငါ့တူတို့အတွက် အဆင်သင့်လုပ်ထားတာပါ "

ရုတ်တရတ် ပိုင်ချမ်းငြိမ်းက ကျွန်တော့နားကပ်ကာ လေသံတိုးတိုးဖြင့်

" ဟိုကောင်မလေးလည်း ဥပုသ်ကျောင်း လာမှာထင်တယ်။ ငါ ရေမိုးချိုးလိုက်မယ်ကွာ။ မကြာစေရပါဘူး။ မြန်မြန်ချိုးမှာပါ။ "

ပိုင်ချမ်းငြိမ်းသည် အိမ်ပေါ်ပြန်တက်သည်။ ဆင်းလာတော့ ရေလဲဖို့ ပုဆိုးနဲ့ မျက်နှာသုတ်ပုဝါ ယူလာသည်။ ကျွန်တော်က ဘာမှ မပြောဘဲ မျက်နှာသစ်သွားတိုက်ကာ ထမင်းကြော်စားဖို့ စားပွဲဆီသို့ သွားကာ ထိုင်သည်။ ရေက မနေ့ညနေက ချိုးထားသည်။ ဥပုသ်ကျောင်းသွားဖို့ဆိုရင် ခုမနက် ထပ်ချိုးဖို့ သင့်သော်လည်း ဟိုကောင်က ပျာယာခတ်နေသောကြောင့် ကိုယ်က ငြိမ်ပေးလိုက်သည်။
ထမင်းကြော်ကို ဖြည်းညင်းစွာစားရင်း ပိုင်ချမ်းငြိမ်း၏ မယားတရူးပုံကို စတင်မြင်ပြင်းကတ်လာသည်။ ကြီးညွန့်က

" အကြော်တွေ ထည့်စားလေ။ ဒါ အရှေ့ပိုင်းက ဒေါ်ခြစ်ဆီက ဝယ်လာတာပါ။ သူ့အကြော်က ကောင်းတယ်။ ကြွပ်နေတာပဲ။ ဖြည်းဖြည်းစားနော် "

" ဟုတ်။ "

ကျွန်တော်ထမင်းကြော်စားပြီးသည့်အချိန်တွင် ပိုင်ချမ်းငြိမ်းကရေချိုးပြီးပြီ။ အပြာရောင်တီရှပ်၊ ဦးဂျမ်းပုဆိုးအပြာရောင်နှင့်အမည်း‌ရောင်အကွက်အစိပ်ကို ဝတ်ဆင်ထားသည်။ ကျွန်တော့နား လာထိုင်သည်။

" ငချမ်း။ လာလာ ထမင်းကြော်ထည့်စား။ "

ကြီးညွန့်က ကိုယ်တိုင်ခူးခပ်ပေးသည်။ သူငယ်ချင်းထမင်းကြော်စားတာ ဘေးက ထိုင်စောင့်ပေးရင်း ကိုယ့်သူငယ်ချင်း မြူးနေသည်ကို တွေ့ရသည်။ စားပြီးသည်နှင့် ပန်းကန်ဆေးသည်။ ကြီးညွန့်က မဆေးနဲ့ဟူ၍ မတားပေ။ ကိုယ်စားတာ ကိုယ်ဆေးရမယ်တဲ့။

စားသောက်ပြီး သွားဖို့ပြင်တော့ ကြီးညွန့်က ငထွန်းက ရေမချိုးတာတော့ ထားပါ။ အဝတ်အစားလေး လဲဦး ဟု သတိပေးသည်။ ကျွန်တော်သည် မတောက်ပြောင်သော သင့်တင့်သော ယောပုဆိုးနဲ့ စတစ်အဖြူရောင် အင်္ကျီကို လဲ၍ အိမ်အောက်ထပ်သို့ ဆင်းမှ ကြီးညွန့်က

" ငါ့တူက လူချောပဲဟေ့။ တို့ရွာက ကောင်မလေးတွေကြား နာမည်ကြီးဦးမှာပဲ။ "

" ဒီကောင်က ကျောင်းမှာလည်း နာမည်ကြီးပဲဗျ။ ကြီးညွန့်တူက ဘယ်သူ့မှ စိတ်မဝင်စားဘူး။ သူ့စာသူ လုပ်တာ။ "

" အဲ့ဒါမို့ ခုဆို ဘွဲ့ရပြီလေ။ ကြီးညွန့်က တူလေးတော်ကြောင်း ကြွားရတာ အမောသားပါတော်။ ကဲ လာကြ လာကြ။ အိမ်က ဖိုးလုံး စောင့်လိမ့်မယ်။ "

မနေ့က ကျွန်တော်တို့ကို အိမ်အပေါ်ထပ် လိုက်ပို့သော ကောင်လေးက အိမ်စောင့်ကျန်ခဲ့သည်။ ကြီးညွန့်ရဲ့ ဆွေမျိုးတော်စပ်သူတဦးဖြစ်သည်။

" ဪ ကျွန်တော် ကားသော့တက်ယူလိုက်ဦးမယ်။ ကားနဲ့ သွားမှာ မဟုတ်လားဗျ။ "

" ကားနဲ့ သွားရမှာပေါ့ဟဲ့။ ကားရောက်တုန်း ကားစီးရမှာပေါ့။ မြန်မြန်သွားယူလိုက် ။ "

13/09/2025

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၄

ကျောင်းပြီးကာစ အိမ်မှာ လတ်ယား လတ်ယားဖြစ်နေလို့ဆိုပြီး ထွန်းမြတ်ကျော်၏ ဖခင်သည် သူ၏ ဇာတိကျေးရွာသို့ ထွန်းမြတ်ကျော်အား သူပိုင်ဆိုင်သော လယ်ယာများကို လုပ်ကိုင်ကြီးကြပ်ရန် စေလွှတ်ခဲ့သည်။ ထွန်းမြတ်ကျော်သည် သူငယ်ချင်း ပိုင်ချမ်း‌ငြိမ်းအားခေါ်၍ ဖေဖေပေးသော Light truck ကားလေး ဖြင့် ရွာအဝင် လမ်းမကြီးသို့ နံနက်ဝေလီဝေလင်းအချိန်တွင် ရောက်ရှိခဲ့သည်။ ဖခင်၏ ရွာကလေးသည် သစ်ပင်များစွာဖြင့် အေးချမ်းသာယာသည်။ ရွာအဝင်တွင် လမ်းကလေးက မြေသားလမ်းဖြစ်ပေမယ့် ဖြောင့်‌ဖြူးနေသည်။ ထွန်းမြတ်‌ကျော်သည် ကားကို မောင်းလာစဉ် ကားလမ်းမပေါ်၌ မိန်းမပျိုတယောက်သည် ကျိုးကျနေသော သစ်ကိုင်းများကို ကောက်ယူနေသည်ကို တွေ့လိုက်ရသည်။

" ဟာ ငထွန်းရေ။ ကားရပ် ကားရပ်။ လမ်းပေါ်မှာ ကောင်မလေးတယောက်ကွ။ တိုက်မိလိမ့်မယ်။ "

" အေးဟ ငပိုင်ရ။ ထင်းကောက်တာနေမှာ။ "

ပြောရင်း ကားကို စပ်ရပ်လိုက်သည်။

" အေးကွ။ ဟာ ကောင်မလေးက လှတာတော့ အတော်လှတယ် ငထွန်းရေ။ "

ထွန်းမြတ်ကျော်က ဘေးက ပိုင်ချမ်းငြိမ်းပြောစကားကြောင့် ကားရပ်ထားရာမှ လမ်းမပေါ်က သစ်ကိုင်းကြီးကို ရွာဘက်သို့ လမ်းလျှောက်ရင်း ဆွဲယူသွားသော ကောင်မလေးအား အသေအချာ ကြည့်လိုက်မိသည်။ အသားက လတ်လတ်။ ဆံပင်ကို အထက်သို့ မြင့်တင်ကာ စည်းထားပေမယ့် ဆံပင်က ရှည်တော့ အဖျားကဖင်အောက်သို့ ဝဲကျနေသည်။ ခါးသေး ရင်ချီ ဆိုသည့် အရာနှင့်လည်း ပြည့်စုံသည်။ မျက်နှာတွင် သနပ်ခါးကလည်း အဖွေးသား။ ပါတိတ်ပန်းရောင်ဝမ်းဆက်လေးကို ဝတ်ထားသည်။ ရွာဘက်သို့ မျက်နှာက လှည့်ထားသည်မို့ မျက်နှာတော့ သေချာ မမြင်ရပေ။
ဘေးက ထိုင်လိုက်လာသူ ပိုင်ငြိမ်းချမ်းက

" ငထွန်းရေ။ မင်းတို့ရွာအဝင်ကတည်းက အလှလေး တွေ့ရတာကွ။ ငါတို့ လပ်ကီးကောင်းတယ်နော။ "

" အသာလုပ်ပါ မောင်ရယ်။ သစ်ကိုင်းတွေ လိုက်ကောက်တဲ့ အရူးမဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲကွ။ နောက်ပြီး အခုက နံနက်အစောကြီး သရဲတို့ ဥစ္စာစောင့်တို့ဆို ဘယ့်နှယ်လုပ်မလဲ "

" အရူးမဖြစ်ဖြစ် သရဲဖြစ်ဖြစ်ကွာ။ မျက်နှာလေးက လှတယ်ကွ။ "

" ငါက မျက်နှာသေချာ မမြင်လိုက်ရဘူး။ သနပ်ခါးတွေ ပါတာတော့ မြင်လိုက်တယ်။ "

" အေး သနပ်ခါးလေးနဲ့ လှတာပါကွာ။ မင်းမြင်ရင် မင်းလည်း ကြိုက်မှာပါ။ "

" နိုးပါ မောင်ရာ။ ငါက အလုပ်လုပ်ဖို့ လာတာပါ။ မိန်းမစိတ်မဝင်စားပါဘူး။ ကဲ စက်နိုးပြီ။ ဖေ့ဖေ့အလုပ်တွေ ကူဖို့ ငါတို့ သွားကြစို့။ "

ထွန်းမြတ်ကျော်သည် ရွာထဲသို့ ကားကို မောင်းလာခဲ့သည်။ ထင်းကောက်သွားသည့် ကောင်မလေးက အိမ်တအိမ်သို့ ဝင်သွားသည်။

" ကောင်မလေးက အရှေ့ကအိမ် ဝင်သွားတယ်ကွ။ ဒါနဲ့ ငထွန်း။ မင်းအဒေါ်အိမ်က ဘယ်အိမ်လို့ သိရဲ့လား။ ရောက်သေးဘူးလား "

" အင်း။ ဖေဖေက ရွာအဝင် တန်းတန်းမောင်း။ ဘယ်မှ မချိုးမကွေ့ရ။ အိမ်ရှေ့မှာ ခရေပင်ကြီး ရှိတဲ့ အိမ်လို့ ပြောတာပဲ။ မင်းလည်း လမ်းတွေ သေချာကြည့်ပေး။ "

" ဟော ခရေပင်ကြီးရှိတဲ့အိမ်က ဟိုအိမ်မဟုတ်လား။ ရပ် ရပ်။ "

" အေးပါကွာ အဲ့အိမ်ရှေ့ ရပ်လိုက်မယ်။ "
စက်ကို သပ်ကာ ခရေပင်အောက် ကားကို ရပ်လိုက်သည်နှင့် ပိုင်ချမ်းငြိမ်းသည် ကားတံခါးကို ဆွဲဖွင့်ကာ ကားပေါ်မှ အတင်းဆင်းသည်။

" ငပိုင်။ ဘယ်လို ဖြစ်နေတာလဲ။ ဖြေးဖြေး ဆင်းပါ။ သည်အိမ် ဟုတ်မဟုတ် ဝင်မေးကြည့်ရဦးမှာဟ။ "

" ငါ သေးပေါက်ချင်လှပြီဟ။ ခုနက အလှလေး မြင်တာနဲ့ သေးပေါက်ချင်တာ ပြောဖို့ မေ့သွားတာ။ ဘာနေနေ သည်အိမ်ထဲ ခွင့်တောင်းပြီး ပေါက်မလို့။ "

" မင်းကတော့ လုပ်ပြီ။ အရှေ့က သွားနှင့်။ ငါ နောက်က လိုက်ခဲ့မယ်။ "

ထွန်းမြတ်ကျော်သည် ကားထဲက ပေးစရာ လက်ဆောင်ထုပ်ယူပြီး ကားပေါ်က ဆင်းသည်။ ကားကို လော့ခ်ျ ကျ မကျ စစ်ဆေးသည်။ ထို့နောက် ‌ခရေပင်ကြီးနောက်က အိမ်ဝန်းထဲသို့ ဝင်ခဲ့သည်။ အိမ်ဝန်းထဲတွင် ဖေ‌ဖေ့အမ ကြီးကြီးဒေါ်ညွန့်ညွန့်သည် ကုလားထိုင်ပေါိ ထိုင်နေသည်ကို တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။ ကြီးကြီးကလည်း ပိုင်ချမ်းငြိမ်းနှင့် တွေ့ပြီးပြီမို့ ထွန်းမြတ်ကျော်အား

" လာ လာ ငါ့တူလေး။ မနက်ကတည်းက မျှော်နေတာပါ။ ထမင်းတွေလည်း ချက်ထားပါတယ်။ "

" ဟုတ်ကဲ့ ကြီးကြီး။ "

" အေး အေး။ သား သူငယ်ချင်းက ခွင့်တောင်းပြီး နောက်ဖေးသွားနေတယ်။ သားကရော သွားချင် သွားလေ။ "

" ဟုတ်။ သား မသွားသေးပါဘူး။ ဒီမှာ ထိုင်ဦးမယ်။ ဖေဖေက ကြီးကြီးအတွက် လက်ဆောင်တွေ ပေးလိုက်ပါတယ်။ "

ထွန်းမြတ်ကျော်သည် လက်ထဲက ဆွဲလာသည့် အထုပ်အား ဒေါ်ညွန့်ညွန့်အား ပေးလိုက်သည်။ ထို့နော် ဒေါ်ညွန့်ညွန့်ဘေးက သစ်သားထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

" ငါ့မောင်က ငါ့အကြိုက် သိတတ်သားပဲ။ ဝက်အူချောင်းတဲ့။ အရီးတောင်း လက်ဖက်တဲ့။ ဟော ထုံးမုန့်တွေလည်းပါတယ်။ "

ဒေါ်ညွန့်ညွန့်သည် လက်ဆောင်ထုပ်ကို ဖြေကြည့်ရင်း ပျော်ရွှင်နေသည်။ ထိုစဉ် နောက်ဖေးမှ ပိုင်ငြိမ်းချမ်း ရောက်လာသည်။ ထွန်းမြတ်ကျော်ဘေးဝင် ဝင်ထိုင်လိုက်ပြီး

" ငထွန်းရေ။ ဒါ မင်းအဒေါ် အိမ် မဟုတ်လား။ "

" အေး။ ဟုတ်တယ်ကွ။ ငါတို့ ကားစီးရတာ ညောင်းတာကွာ။ ခဏနားပြီး ရေချိုးရအောင်။ "

" ငါ ရေမချိုးချင်သေးပါဘူး။ ငါ ရွာထဲ လှည့်ပတ်ကြည့်ချင်တာပါ။ "

" ဟို ထင်းကောက်တဲ့ ကောင်မလေး မြင်ချင်လို့ မဟုတ်လား။ ဂွင်တွေ မဖန်ပါနဲ့ မောင်ရာ။ "

" ဘယ် ထင်းကောက်တဲ့ ကောင်မလေးလဲ"

ဒေါ်ညွန့်ညွန့်က မနေနိုင်ဘဲ ဝင်မေးသည်။

" ကျွန်တော်တို့ ရွာထဲ ဝင်တော့ ကောင်မလေးတယောက် သစ်ကိုင်းကြီးဆွဲပြီး ဒီရွာထဲ ဝင်သွားတာ တွေ့လိုက်လို့ပါ။ အဲ့ဒါ ... "

" အဲ့ဒါ သမီးလေး ယွန်းသက်လျာပဲ။ သူက ထင်းကောက်တဲ့သူ မဟုတ်ပါဘူး။ သူက သူကြီးသမီးတော့။ "

" ဗျာ။ သူကြီးသမီး ဟုတ်လား။ "

ထွန်းမြတ်ကျော်သည် ထင်းကောက်ပေမယ့် လှပသေသပ်စွာ ဝတ်ဆင်ထားသည့် သူမပုံစံကို ပြန်လည်မြင်ယောင်မိသည်။

" ဟုတ်ပါ့။ သူက အဲ့လိုပဲ။ ထင်းကောက်တဲ့သူ မဟုတ်ပေမယ့် ထင်းကောက်တာပါပဲလေ။ လမ်းပေါ် သစ်ကိုင်းကျိုးကျနေရင် သူက သူ့အိမ် ယူသွားတယ်။ သူ့အိမ် မယူရင် လမ်းဘေးကို ချထားခဲ့တယ်။ အမှန်က သူ့အိမ်မှာ ထင်းက ဗုန်းပေါလအောရယ်။ "

ထွန်းမြတ်ကျော်သည်

" ဘယ်လို သူ့အိမ်မှာ ထင်းတွေပေါတာတောင် မိန်းခလေးတန်မဲ့ လမ်းပေါ်က သစ်ကိုင်းတွေ ဘာလို့ ကောက်နေရတာလဲ ကြီးကြီးညွန့်တို့ရွာသူက တမျိုးပါလားဗျ "

" ဒီလိုပါကွယ်။ ယွန်းသက်လျာက လမ်းပေါ်က ထင်းမှ မဟုတ်ပါဘူး။ လမ်းပေါ်က အမှိုက်တွေလည်း ကောက်တာပါပဲ။ အမှန်က လမ်းပေါ်မှာ အမှိုက်တွေ မရှိစေချင်လို့ ထင်ပါရဲ့ကွယ်။ သူသွားတဲ့ လမ်းမှာ ထင်းတွေ သစ်ကိုင်းတွေ တွေ့ရင် သူကိုယ်တိုင်လည်း ကောက်တယ်။ တခြားသူလည်း ကောက်ခိုင်းပါတယ်ကွယ့်။ လမ်းရှင်းပေးတဲ့ သဘောပါကွယ်။ "

" ဪ အဲ့လိုလား။ ဒါကို ရူးနေတာ မဟုတ်ဘူးပေါ့။ "

" ဘယ့်နှယ်ရူးရမှာလဲ။ သူက ခေတ်ပညာတတ် တယောက်ပါ။ "

ပိုင်ချမ်းငြိမ်းသည် အရူးမဟုတ်ဆိုသဖြင့် အားတက်သရောနင့်

" ငါ မပြောလားကွ။ အရူးမဟုတ်ပါဘူးလို့။ လှလည်း လှတယ်နော် ကြီးကြီး။ "

" ဟုတ်ပါ့ကွယ်။ ကြီးကြီးတို့ရွာတော့ သူ အလှဆုံးပေါ့ကွယ်။ "

ကြီးကြီးညွန့်သည် ပြောလက်စကို ရပ်လျက် သူ့တူနှစ်ယောက်ကို ပြုံးကြည့်လိုက်သည်။ ထို့နောက် ရှေ့ရေးကို ကြိုမြင်သော လူကြီးတယောက်သဖွယ်

" သူလှတာက အိနြေသိက္ခာရှိတယ်ကွယ့်။ ငါ့တူတို့ သွားစလို့ မရဘူးနော်။ "

" ဟုတ်ကဲ့ပါဗျ။ ကျွန်တော်က အလုပ်လုပ်ဖို့ လာတာပါ။ ကောင်မလေးဘယ်လောက်လှလှ စိတ်မဝင်စားပါဘူးဗျ။ ကြီးကြီးညွန့် စိတ်မပူပါနဲ့။ ခုတော့ ကျွန်တော် နားချင်လို့။ ကျွန်တော်တို့ နေရမယ့် နေရာလေး လိုက်ပြပါဗျ "

ထွန်းမြတ်ကျော်သည် ပြောရင်း မတ်တပ်ရပ်လိုက်သည်။ ကြီးကြီးညွန့်က သူ့အိမ်မှ ခိုင်းဖို့ခေါ်ထားသော ကလေးတယောက်အား

" ဟဲ့ ငဂျစ်ရေ။ ငါ့တူတွေ နေဖို့ အိမ်ပေါ် လိုက်ပြလိုက်ပါဦး။"

ငဂျစ်သည် အိမ်ထဲက မီးဖိုချောင်တွင် ဧည့်သည်စားဖို့ ထမင်းချက်နေရာမှ ထလာကာ

" လာ လာ ငါ့ညီတို့။ အိမ်ပေါ်တက်ရအောင်။ " ဟု ထွန်းမြတ်ကျော်တို့အား ခေါ်လေသည်။

09/08/2025

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၃

လှိုင်ရတုခင်သည် ကျောက်ပတ်တီးစည်းထားသော မေ့မေ့ဘေးရှိ သစ်သားခုံတွင် ထိုင်လျက်

" ကျောက်ပတ်တီးက လေးဆယ့်ငါးရက်ထဲပါ မေမေရယ်။ လေးဆယ့်ငါးရက်ဆိုတာကလည်း ခဏပါ။ "

" ခဏတော့ ခဏပေါ့။ ဒါပေမယ့် အဲ့ခဏကြီး မလိုချင်ဘူးအေ။ "

မိခင်ဖြစ်သူသည် သူ့ကိုယ်သူ စိတ်ပျက်နေသည်။ မိခင်အားကျောက်ပတ်တီးစည်းပြီး ဆေးရုံက ပြန်လာလို့ လှိုင်တို့ အိမ်တောင် ရောက်ပြီ။ ဦးလေးက မရောက်သေး။ လှိုင်သည် ဧည့်ခန်းထဲက သစ်သားခုံတွင် ထိုင်နေရာမှ ထကာ မေမေနားထောင်ဖို့ တရားခွေ ဖွင့်ပေးရန် တီဗွီခလုတ်ကို ဖွင့်လိုက်သည်။

" လှိုင်က တီဗွီဖွင့်မလို့လား။ မဖွင့်ပါနဲ့အေ။ ခု တရားလည်း မနာချင်သေးဘူး။ မေမေ နားချင်တယ် သမီးရယ်။ "

" မေမေက ကျောက်ပတ်တီးနဲ့မို့ စိတ်ညစ်နေတာလား။ မေမေ လုပ်ချင်တာတွေ လုပ်မရတာတွေ လှိုင် လုပ်ပေးမှာပါ။ စိတ်မညစ်ပါနဲ့နော်။ "

" ‌မမ။ ကျောက်ပတ်တီးလေး စည်းရတာကို ကမ္ဘာပျက်နေတာလား။ သူများတွေ လက်ပြတ် ခြေပြတ်တွေ ဘယ်လို လုပ်မလဲ။ "

" မောင်လေး လာပြီလား။ ငါ့မောင်ရေ အမတော့ လှုပ်မရ ကိုင်မရနဲ့ လက်ပြတ်နေသလိုပါပဲ။ နေရထိုင်ရ ခက်တာပါ။ "

ဒေါ်မြတ်နိုးသည် သူ့မောင်လာတော့ အားရှိလာပုံ ရသည်။ စိတ်ပျက်နေသည့်မျက်နှာက လန်းလာသည်။ ဦးထွန်းမြတ်ကျော်သည် ဧည့်ခန်းထဲ ဝင်ကာ မမဘေးက သစ်သားခုံတွင် ဝင်ထိုင်လိုက်သည်။ စည်သာထင်က ဘေးက ကပ်ရပ်တွင် ဝင်လိုက်သည်။

" မမသတင်းကြားထဲက ပြေးလာတာပါ။ ဆေးရုံရောက်တော့ အိမ်ပြန်သွားပြီတဲ့။ အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲ မဝင်သေးဘဲ မမတို့အခြေအနေ စောင့်ကြည့်နေတာပါ။ မမ အခြေအနေ ကောင်းရဲ့လား "

" လက်တဖက်ပဲ လှုပ်မရ ကွေးမရတာပါ ကျန်တာ အဆင်ပြေပါတယ်။ "

ဒေါ်မြတ်နိုးသည် ဖြေရင်း စည်သာထင်အား

" စည်သာထင်ရော ပါလာတာပါလား။ ငါတို့က ဖြစ်လိုက်ရင် ကူညီမယ့်သူတွေ ပေါတာပါ။ အမ ရေချိုးခန်းထဲ လဲသွားတော့ လှိုင်က မောင်လေးဆီ ဖုန်းဆက်တယ်။ ဆက်မရတာနဲ့ ဟိုဘက်အိမ်က ညီမလေးကို အကူအညီ တောင်းပြီး ဆေးရုံသွားရတာပါ။ "

" ဘယ်လို မမ။ ဟိုဘက်အိမ်က ဘယ်သူက ကူညီတာလဲ"

" ဟိုဘက်အိမ်က ယွန်းသက်လျာတဲ့။ အဲ့ညီမလေးက မမတို့ကို ကားနဲ့ ဆေးရုံ လိုက်ပို့တာပါ။ "

" ဟင် ယွန်းသက်လျာ ဟုတ်လား။ သူက သူက "

ဦးထွန်းမြတ်ကျော်သည် စကားများပင် ထစ်နေသည်။ လှိုင်က

" အဲ့ မမက ဦးလေး မပက်သက်ရဘူးဆိုတဲ့ အိမ်ကပါ။ လှိုင်က ဘယ်သူ့ အကူအညီ တောင်းရမလဲဆိုပြီး အဲ့အိမ်ဘက် လှမ်းကြည့်တော့ အဲ့မမကို တွေ့တာနဲ့ လှမ်းအကူအညီ တောင်းလိုက်တာပါ။ သူကလည်း ကူညီပါတယ်။ ဦးလေးတို့ မလာခင်ကပဲ သူ့အိမ် ပြန်သွားတာပါ။ "

လှိုင်သည် ဦးလေးဖြစ်သူ၏ နားလည်ရခက်သော မျက်နှာကို ကြည့်ပြီး

" စည်သာထင်အတွက် အအေး ယူပေးမယ်လေ။ အိမ်မှာ အအေးဗူးတွေ ရှိတယ်။ ခဏနော်။ "

" နေပါစေ မလှိုင်ရတုခင်။ ကျွန်တော် မသောက်တော့ပါဘူး။ ခု အန်တီရဲ့အခြေအနေလည်း မစိုးရိမ်ရတော့ ပျိုးခြံကို ပြန်တော့မယ်။ ဆရာခင်ဗျ။ ပျိုးခြံက ကလေးတွေကို ခိုင်းစရာရှိတာ ကျွန်တော် ကြည့်ကြပ် ခိုင်းလိုက်ပါ့မယ်။ ကျွန်တော့ လှိုင်းကားစီးပြီး ပြန်တော့မယ် ဆရာ။ ""

" အေး အေး။ ငါ့ကားယူသွားလည်း ရပါတယ်ကွာ။ "

" မယူပါဘူး ဆရာ။ ပြန်လိုက်ပါဦးမယ်။ "
စည်သာထင်က ဧည့်ခန်းထဲမှ ထွက်သွားပြီး ဧည့်ခန်းထဲသို့ ဝင်လာသူသည် ဒေါ်ယွန်းသက်လျာ ဖြစ်နေသည်။ ဒေါ်မြတ်နိုးနဲ့ လှိုင်ရတုခင်က ဒေါ်ယွန်းသက်လျာကို အားရဝမ်းသာ ကြိုဆိုပေမယ့် ဦးထွန်းမြတ်ကျော်သည် မျက်နှာ ဘယ်ထားရမယ်မသိ။

" ညီမလေးရေ လာလာ မမနားလာထိုင်ပါ"

" ဟုတ် မမ"

ဒေါ်ယွန်းသက်လျာသည် ဒေါ်မြတ်နိုးဘေးက သစ်သားခုံတွင် ဝင်ထိုင်လိုက်သည်။ လှိုင်က ဦးလေးဖြစ်သူ အိမ်ပေါ်တက်မည် ပြုလုပ်သည်ကို ဦးလေးလက်ကို ထဆွဲလျက်

" ဦးလေးက ဘယ်သွားမလို့လဲ။ ဟောဒီက မမယွန်းကြောင့် မေမေ အဆင်ပြေတာပါ။ မမယွန်း ဒါ သမီးဦးလေးလေ။ "

" ဟင် ရှင်က ကိုထွန်းလား။ "

" ဟင် ညည်းတို့က အသိတွေလား ။ အသိတွေဆို ဟန်ကျတာပဲ။ အိမ်နီးနားချင်းလည်း ဖြစ်တယ်။ လာ မောင်လေး။ ဒီမှာထိုင် ယွန်းသက်လျာနဲ့ စကားပြောဦး။ "

ဦးမြတ်ကျော်က မမသဘော လှိုင့်သဘောကို မပယ်ဖျက်ဘဲ ဘေးက သစ်သားခုံတွင် ဝင်ထိုင်ရှာသည်။ ဒေါ်ယွန်းသက်လျာက

" ဪ မမတို့ မောင်လေး ရောက်လာပြီဆိုတော့ ကျွန်မ ပြန်တော့မယ်လေ။ ကျွန်မ အိမ်မှာ လုပ်စရာ လေးတွေ ရှိသေးလို့ပါ။ "

" ဟော်တော် အခုမှ ရောက်ခါရှိသေးတာကို ဘာလို့ ပြန်မှာလဲ။ နေပါဦး။ "

" ကျွန်မ တကယ် မအားလို့ပါ "

ဒေါ်ယွန်းသက်လျာသည် ထိုင်ရာမှ ထ၍ ပြန်သွားလေသည်။ ဒေါ်မြတ်နိုးနှင့် လှိုင်ရတုခင်သည် ဦးထွန်းမြတ်ကျော်အား ဘာလဲဆိုသည့် အကြည့်နှင့် ကြည့်နေကြသည်။ ဦးထွန်းမြတ်ကျော်သည် အတိတ်ဆီသို့ ပြန်ပြောင်းအောက်မေ့မိသည်။ ထို့နောက် မမနှင့်တူမအား အတိတ်အကြောင်းကို ပြောပြမှ သင့်တော်မည်ယူဆ၍ အတိတ်ကို ပြောပြမိသည်။

08/06/2025

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၂

ဦးထွန်းမြတ်ကျော်သည် သူစီးလာသည့် လင်ခရူဆာကားကို မေတ္တာရိပ် ဆိုသည့် ပျိုးခြံထဲသို့ ကွေ့ဝင်လိုက်သည်။ မေတ္တာရိပ်ဆိုသည့် ပျိုးခြံကလေးသည် အစ်မဖြစ်သူ၏ အကူအညီဖြင့် ဦးထွန်းမြတ်ကျော် တည်ထောင်ထားသည်။ အခြေကျ၍ လုပ်ငန်းအဆင်ပြေနေသော သစ်ပင်ပန်းမန် ရောင်းချရာ ခြံတခု ဖြစ်သည်။ မေတ္တာရိပ်သည် ရက်ဆက်ဆိုသလို ပျိုးပင် ဝယ်သူများနှင့် စည်ကားနေတတ်သည်။ သို့ပေမယ့် ဦးထွန်းမြတ်ကျော်က ခုနှစ်ရက်=တပတ်တွင် တစ်ရက်တော့ ပျိုးခြံကို ပိတ်သည်ဟု စာတန်းချိတ်သည်။ ပျိုးခြံပိတ်သောနေ့သည် ဥပုသ်နေ့ ဖြစ်သည်။ ဥပုသ်နေ့တွင် ခြံက အလုပ်သမားများနှင့် သူကိုယ်တိုင် ဥပုသ်စောင့်လိုက စောင့်ရန်နှင့် ဥပုသ်မစောင့်ပါက နားရန် ဖြစ်သည်။ ကားတံခါးကို ဆွဲဖွင့်၍ ခြံထဲသို့ ဆင်းလိုက်သည်နှင့်

" ဆရာထွန်း။ ကျွန်တော် ‌မ‌‌နေ့က မှာထားတဲ့ ခ‌ရေပျိုးပင် 100 လေး သွားပို့မလို့ပါ။ အဲ့ဒါ ဘာမှာလိုက်ဦးမလဲ ဆရာ။ "

ခြံက အလုပ်သမားခေါင်းဆောင် စည်သာထင်မှ ဦးဘုန်းမြတ်ကျော်အား နုတ်ဆက်လိုက်သည်။

" မနေ့ကဆိုတော့ ငါ့အသိ မြတ်နိုးတို့ အိမ်လားကွ။ "

" ဟုတ်ပါတယ် ဆရာ။ မမြတ်နိုးတို့ အိမ်ကိုပါ။ "

" မြတ်နိုးတို့ အိမ်ဘက်ဆိုရင်။ အပြန်။ မြတ်နိုးတို့ အိမ်မျက်နှာချင်းဆိုင်က ထော်လမွန် အုန်းနို့ခေါက်ဆွဲဆိုင်က အုန်းနို့ခေါက်ဆွဲ ငါးပွဲ ဝယ်ခဲ့ကွာ။ "

" ဟုတ် ဆရာ။ "

" အေး အေး ကားကို သေချာကြည့်မောင်း။ ပျိုးပင်တွေက တင်ပြီးပြီလား။ "

" ဟုတ်ကဲ့ပါ ဆရာ။ ဆရာ မလာခင်ကတည်းက light truck ကားပေါ် ကျွန်တော်တို့ တင်ထားပြီးပါပြီ "

" အေး အေး။ ကောင်းကောင်းသွားကြ။ "

" ဟုတ်ကဲ့ပါ ဆရာ။ "

ပျိုးခြံခေါင်းဆောင်လည်း ဖြစ်သူ ကားမောင်းလည်း ကျွမ်းကျင်သူ စည်သာထင်သည် သူ့လက်အောက်မှ အလုပ်လုပ်သူ နှစ်ယောက်အား ခေါ်သည်။

" ဟေ့ ဟိန်းထက်အောင်နဲ့ ညီညီစိုး တို့ရေ။ ပျိုးပင်တွေ သွားပို့အောင် လိုက်ခဲ့ကြဦး။ "

ဟိန်းထက်အောင်နဲ့ ညီညီစိုးတို့သည် ပျိုးပင်များ တင်ထားရာ Light truck ကားနောက်ပိုင်းသို့ တက်ထိုင်ကြသည်။ စည်သာထင်သည် ပျိုးပင်များတင်ထားသော လိုက်ထွက် ကားလေးကို စက်နိုး၍ ဖြည်းညင်းစွာ ခြံထဲမှ မောင်းထွက်သွားသည်။

ဦးထွန်းမြတ်ကျော်သည် ခြံထဲက တိုက်ပုလေး၏ ရှေ့မျက်နှာစာတွင် ခင်းကျင်းထားသော စာရင်းလုပ်သည့်ခုံပေါ်တွင် ထိုင်လိုက်သည်။ စာရင်းများကို ကြည့်ရင်း ပျိုးပင်များနှင့် အေးချမ်းနေသော ခြံကလေးကို တချက် ဝေ့ ကြည့်မိသည်။ ဦးထွန်းမြတ်ကျော်သည် ဤခြံကလေးကို တည်ထောင်ခဲ့သည်မှာ ဆယ်နှစ်ကျော် ရှိပါပြီ။ အစက ဦးထွန်းမြတ်ကျော်သည် သစ်ပင်များကို မနှစ်သက်ပါ။ သို့သော် ငယ်ချစ်ဦး သက်လျာခင်ပျို နဲ့ တွေ့သည်အချိန်မှစ၍ သစ်ပင်များကို နှစ်သက်လာသည်။ စိတ်ထားများ၊ အမူအကျင့်များ ပြောင်းလဲခဲ့သည်။ ဦးထွန်းမြတ်ကျော်သည် အတိတ်ကို တွေးရင်းတွေးရင်း ခေါင်းကို ခါယမ်းပစ်လိုက်သည်။ အဘယ့်ကြောင့်သို့သော် သက်လျာခင်ပျို သည် သူ့ကို စွန့်ပစ်သွားသော ကြောင့်ပင်။

ဦးထွန်းမြတ်ကျော်သည် စာရင်း လုပ်ရာမှ ထကာ ခြံထဲက ပျိုးပင်များကို ရေပိုက်ဖြင့် ရေလောင်းသည်။

ထိုစဉ်

" ကလင်၊ ကလင် "

စာရင်းလုပ်သည့်စားပွဲပေါ်တွင် တင်ထားသော ဖုန်းက မြည်သည်။ ဦးထွန်းမြတ်ကျော်သည် ဖုန်းကို ကိုင်ရန်သွားသည့်အခါ ဖုန်းက ကျသွားသည်။ ဆက်ခရင်ဖုန်းဖြစ်၍ ခေါ်သူကို ကြည့်လိုက်တော့ ‌တူမဖြစ်သူ လှိုင်ပင်။

" လှိုင် ဘာများ အမှာတော် ပါးမလို့ပါလိမ့် "

ဦးထွန်းမြတ်‌‌ကျော်သည် လှိုင်၏ ဖုန်းကို ပြန်ခေါ်မလို့ လုပ်စဉ် စည်သာမောင်ထံမှ ဖုန်းက ဝင်လာသည်။ စည်သာမောင်၏ ဖုန်းကို ကိုင်လိုက်သည်။

" ဆရာ။ "

" အေး ပြော "

" မမြတ်နိုးက ဖုန်းဆက်ခိုင်းလို့ပါ "

" အေး အေး ဘာကိစ္စ ရှိလို့လဲ "

" သဘက်ခါ ဆရာ့ကို ထမင်းဖိတ်ကျွေးချင်လို့ပါတဲ့။ ကျွန်တော်တို့ကော စားလို့ ရပါတယ်တဲ့။ အဲ့ဒါ ဆရာ အားမအား သိချင်တာပါတဲ့ "

" သဘက်ခါက ဥပုသ်နေ့ပဲ။ မြတ်နိုးက ငါတို့ အားမယ့်ရက် ရွေးဖိတ်တာ။ အားရမှာပေါ့ကွ။ လာမယ်လို့ ပြောလိုက် "

" ဟုတ်ကဲ့ပါ ဆရာ။ အဲ့ဒါဆို ဖုန်းချလိုက်ပါပြီ "

" အေး ချလိုက်။ ငါ ချလိုက်မယ်။ အိမ်က ဖုန်းခေါ်နေလို့။ အိမ်ကို ပြန်ခေါ်လိုက်ဦးမယ်။ "

စည်သာထင်နှင့် ဖုန်းပြောနေစဉ် တူမဖြစ်သူက ဖုန်း ခေါ်ထားသည်။ သို့သော် Miss call များအဖြစ်သာ မြင်ရသည်။

ဦးထွန်းမြတ်ကျော်သည် စည်သာထင်၏ အဝင်ကောလ်ကို ချပြီး တူမဖြစ်သူ လှိုင့်ဆီသို့ ဖုန်းခေါ်ရာ ဖုန်းမကိုင်ပေ။ လေးငါးခါ ဖုန်းဆက်သော်လည်း လှိုင်က ဖုန်းမကိုင်ပေ။ ဦးထွန်းမြတ်ကျော်သည် တူမချော ဘာအရေးအကြောင်းမှ မထူးလို့ ဖုန်းမကိုင်တာဟု ထင်၍ ဖုန်းဆက်မခေါ်တော့ဘဲ ခြံထဲက လုပ်စရာ ရှိသည်များကို လုပ်နေမိသည်။ နှစ်နာရီလောက် ‌ကြာသောအခါ စည်သာထင်တို့ ပြန်လာကြသည်။ စည်သာထင်သည် ကားပေါ်မှ ဆင်းပြီး ပျိုးပင်ဖိုးက ဘယ်လောက် အုန်းနို့ခေါက်ဆွဲဖိုးက ဘယ်လောက်စသည် တွက်ချက်ပြီး ပိုက်ဆံကို ဆရာအား အပ်သည်။ ဟိန်းထက်အောင်နှင့် ညီညီစိုးက အုန်းနို့ခေါက်ဆွဲစားဖို့ မေတ္တာရိပ်ခြံထဲရှိ တိုက်ပုလေးထဲမှ ပန်းကန်နှင့် ဇွန်းကိုယူသည်။ဟိန်းထက်‌အောင်နှင့် ညီညီစိုးက အားလုံး စားသောက်ဖို့ ပြင်ပေးသည်။ စာရင်းလုပ်သည့် စားပွဲတွင် လေးယောက်သား အုန်းနို့ခေါက်ဆွဲ စားသောက်ကြသည်။
ထိုစဉ်

" ကလင် လင် "

" ဟော လှိုင်ဆီက ဖုန်းပဲ "

ဦးထွန်မြတ်ကျော်သည် တူမချော၏ အဝင်ကောလ်ကို ကိုင်လိုက်သည်နှင့် တပြိုင်နက်

" ဟဲလို ဦးလေးလား "

ဦးထွန်းမြတ်‌ကျော်သည် ငိုသံကို သတိထားမိသည်။

" အေး လှိုင်။ ဘာဖြစ်လို့လဲ။ "

" ဖုန်းတွေ အများကြီး ခေါ်ထားတာကို ဘာလို့ မကိုင်ရတာလဲ။ ဒီမှာ မေမေ ရေချိုးခန်းထဲ လဲလို့ ဆေးခန်းရောက်နေတယ်။ "

" ဘာ။ အမက ဘယ်လိုဖြစ်တာလဲ။ ဦးလေး ခု လိုက်လာမယ်။ ဘယ်ဆေးခန်းလဲ "

" ဟုတ်။ လှိုင်တို့က မြတ်တော်ဝင် ဆေးခန်း ဒုတိယအထပ်မှာပါ။ "

" အေး အေး။ ဦးလေး လိုက်လာခဲ့မယ်နော် သမီး။ အမက စိတ်ပူစရာ လိုလား။ "

" စိတ်မပူပါနဲ့လို့ ဆရာဝန်က ပြောပါတယ်။ မေမေက လက်ကျိုးသွားတာပါ။ ဦးလေးဖြည်းဖြည်း လာခဲ့ပါ။ ခုတော့ မေမေကို ‌ ကျောက်ပတ်တီး စီး‌နေပါတယ်။ "

ဦးထွန်းမြတ်ကျော်သည် ဖုန်းချသည်။ အုန်းနို့ခေါက်ဆွဲကို ကုန်အောင်မစားဘဲ ဖုန်းကို ကိုင်လျက် သွက်လက်သော ခြေလှမ်းအကျဲကြီးများဖြင့် သူ့ကားဆီလို့ သွားသည်။ စည်သာထင်က စားလက်စ အုန်းနို့ခေါက်ဆွဲကို ထား၍

" ဆရာ။ ကျွန်တော် ဆရာ့ ကားကို မောင်းပြီး လိုက်ပို့ပါ့မယ် "

ဦးထွန်းမြတ်ကျော်သည် အလိုက်သိသော စည်သာထင်ကို

" အေးကွာ။ အစ်မဖြစ်သူ ဆေးရုံရောက်နေတာကြားတော့ စိတ်ပူတယ်ကွာ။ မင်းကားမောင်းတာ ပိုအဆင်ပြေတာပေါ့။ ကျေးဇူးပါကွာ။ "

" ရပါတယ် ဆရာ။ ဆရာက ကျွန်တော် လေးစားအားကျရသူမို့ ဆရာ့ကို ကူညီချင်နေတာ ကျွန်တော့ စိတ်ထားတခုပါခင်ဗျာ။ "

ဦးထွန်းမြတ်ကျော်သည် စည်သာထင်၏ ချီးမွမ်းခန်းကို နားထဲသို့ မရောက်ပေ။ အမဖြစ်သူဆီသို့သာ စိတ်က ရောက်နေမိသည်။

ဆေးခန်းသည် မေတ္တာရိပ် ပျိုးခြံနှင့်ဆိုလျှင် တောင်နှင့်မြောက် ဖြစ်သည်။ ကားဖြင့်သွားလျှင်တောင် နာရီဝက် လောက် ကြာမည်။ ဦးထွန်းမြတ်ကျော်အနေဖြင့် ဆေးခန်းသို့ သွားရသော နာရီဝက်ခရီးသည် ရှည်လျားသော အချိန်ကာလဖြစ်သည်။

01/10/2024

ဆန္ဒနဲ့ လက်တွေ့ဟူသည်.....

အခန်း ၁

" ဝုန်း "

အုန်းပင်ပေါ်မှ ကြွေကျလာသည့် အုန်းသီးကြောင့် အိမ်ဝန်းထဲတွင် အမှိုက်လှဲနေသော လှိုင်ရတုခင် ပျော်ရွှင်မိသည်။ လှိုင်ရတုခင်တို့၏အိမ်တွင် အုန်းပင် ၅ပင် ရှိသည်။ ခု ကြွေကျသည့် အုန်းပင်ကြီးက အရပ်ရှည်‌သည်။ အုန်းသီးတွေ သီးလာတော့ အဲ့အုန်းပင်ကြီးကို မော့မော့ ကြည့်မိသည်။

လှိုင်ရတုခင်၏ မေမေ ဒေါ်ဘရဏီက အုန်းသီးကို နုနုလေးသာ စားချင်သည်ဟု ဆိုကာ အုန်းသီးသီးတိုင်း အုန်းပင်တက်သမားတယောက်ကို ခေါ်၍ အုန်းသီးနုနုလေးများ ခူးခိုင်းပြီး မိသားစု စားကြသည်။ အသိဆွေမျိုးများကို ပေးတန် ပေးသည်။ ရောင်းတော့ မစားပေ။ သို့သော် ရှဉ့်စာ၊ ကြွက်စာဟူ၍ ဆယ်လုံးလောက် အုန်းပင်ပေါ် ချန်ထားခိုင်းလေ့ ရှိသည်။ ခု အဲ့ဆယ်လုံးထဲက တလုံး ကြွေပြီ။ လှိုင်ရတုခင်သည် ပျော်ရွှင်စွာ အုန်းသီးကို ကောက်သည်။ ထို့နောက် ဧည့်ခန်းထဲက ဒေါ်ဘရဏီဆီသို့ အုန်းသီးကို ယူ၍ သွားပြသည်။

" မေမေရေ... ဒီမှာ အုန်းသီးတလုံး ကြွေပြီ၊ အပေါက် မပါဘူးရှင့်၊ အရည် ပါမပါ လှုပ်ကြည့်တာ၊ အသံလည်း ကြားရတယ်ရှင့် "

ဒေါ်ဘရဏီက သနပ်ခါးအဖွေးသားဖြင့် ဧည့်ခန်းထဲတွင် တီလီဘေးရှင်းမှ လာသော တရားတော်များကို နာကြားနေရာမှ

" အုန်းသီးရလာလို့ ပျော်လာတယ်ပေါ့လေ၊ ငါ့သမီးကတော့ ကလေးလည်း မဟုတ်တော့ဘူး၊ အသက်က နှစ်ဆယ်ကျော်နေပြီကို.. အုန်းသီးရတာနဲ့ ပျော်တုန်းလား "

" ပျော်တာပေါ့ မေမေရဲ့၊ အိမ်က အုန်းပင်ရှိလို့ တော်သေး၊ မရှိရင် ဝယ်စားမိမှာ၊ အဲ့လောက် အုန်းသီးကို ကြိုက်တာလေ၊ မေမေသိသားနဲ့ "

" သိပါ့ရှင်၊ အိမ်က အုန်းပင်က ကုန်ရင်လည်း ဒီအမေက ဈေးက ဝယ်ပေးမှာပါရှင်၊ ကဲ ခု ခွဲတော့မလား "

" ဟုတ်ကဲ့ မေမေ၊ ရင့်တာလေး စားရမှာဆိုတော့ တမျိုးပေါ့၊ အထဲမှာ အာတာပူစီလေးများ ပါမလား မသိနော် "

" ပါရင် ပါမှာပေါ့၊ ကောင်းမကောင်း သိရအောင်၊ ဟဲ့... မောင်လေးရေ... ဒီမှာ မင်းတူမကို အုန်းသီးခွဲပေးပါဦး "

ဒေါ်ဘရဏီက သူမဘေးတွင် တရားမနာဘဲ ဖုန်းကြည့်နေသော သူမ၏မောင်အရင်း ဦးဘုန်းမြတ်ကျော်အား လှမ်းပြောသည်။ ဦးဘုန်းမြတ်ကျော်သည် ဖုန်းကြည့်နေရာမှ

" ငါကတော့ အုန်းသီးမကြိုက်ဘူးဟေ့၊ အုန်းသီးစားရင် မိတ် တအားထွက်တာ၊ ဒါပေမယ့် ငါ့တူမအတွက် ဓားသွားယူလိုက်ဦးမယ် "

" မိတ် ဘယ်လောက် ထွက် ထွက် လှိုင်ကတော့ စားမှာပဲ၊ ဦးလေး ထိုင်နေပါ၊ ရော့၊ အုန်းသီးကို ယူထား၊ လှိုင် မီးဖိုထဲ သွား ဓားယူလိုက်မယ် "

လှိုင်ရတုခင်က ပြောပြောဆိုဆို အုန်းသီးရင့်အား ဦး‌ဘုန်းမြတ်ကျော်ကို ပေး၍ မီးဖိုခန်းထဲသို့ ဓားကို သွားယူသည်။ ထို့နောက် ဧည့်ခန်းထဲသို့ ပြန်လာပြီး ဦးလေးအား ဓားပေးသည်။ ဦးလေးဖြစ်သူက

" အပြင်သွား ခွဲရအောင်၊ မမကော စားမလား "

" မမက ရင့်တာ မကြိုက်လို့ မောင်လေးတို့ဘာသာ စားကြပါ၊ လက်လည်း မခိုက်မိစေနဲ့ "

" ဟုတ်ကဲ့ မမ "

ဦးဘုန်းမြတ်ကျော်သည် အိမ်ဝန်းထဲက မြေပြင်တွင် အုန်းသီးကို ချ၍ ထိပ်နှစ်ဖက်ကို ဓားဖြင့်ခုတ်သည်။ ဦးဘုန်းမြတ်ကျော်သည် မိန်းမမရှိ။ လူလွတ်ဖြစ်သည်။ အသားလတ်ပြီး ဥပတိရုပ်ကောင်းသည်။

" လှိုင် ခွက်သွားယူလိုက်ဦးမယ်၊ အရည်ရရင် ဦးလေးကော သောက်မှာလား "

" အုန်းရည်နည်းနည်းတော့ သောက်မယ်လေ၊ သွား သွား ခွက် ယူချေ "

လှိုင်ရတုခင်သည် အသက် ၂၀ကျော်သော်လည်း မိမိအိမ်တွင် ‌ကလေးပီပီ ဟန်ချီချီဖြင့် အုန်းရည်သောက်ရန် ခွက်ကို မီးဖိုခန်းရှိ ပန်းကန်စင်မှ သွားယူသည်။ ထို့နောက် ဦးလေးရှိရာ ပြန်လာသည်။ ဦးဘုန်းမြတ်ကျော်က အပေါ်က အုန်းခွံများကို ခွာထားသည်။

" ခွက်ယူလာပြီပေါ့၊ မြန်သားပါလားဟ၊ ဦးလေး ထိပ်ဖောက်လိုက်မယ်နော် "

" ဟုတ်ကဲ့၊ အုန်းသီးက ကောင်းမကောင်း သိချင်လှပြီ "
ဦးဘုန်းမြတ်ကျော်က ထိပ်ကို ဓားဖြင့် ဖောက်လိုက်ရာ အုန်းရေများ ပန်းထွက်လာသည်။

" လှိုင်ရေ အရည်က ကြည်နေတာဆိုတော့ ကောင်းမယ့်မယ်ပုံပဲ၊ ခွက်ခံထား၊ "

" ဟုတ်ကဲ့ ဦးလေး "

အုန်းရည်များသည် ခံထားသော ခွက်နဲ့ အပြည့်ရသည်။ လှိုင်ရတုခင်သည် ခွက်ထဲမှ အုန်းရည်အား မော့သောက်လိုက်ရာ အရသာသည် ငန်မနေ၊ ပေါ့မနေ၍ ကျေနပ်မိသည်။

" အရသာက မဆိုးဘူး ဦးလေးရေ့၊အုန်းမှုတ်လည်း မလိုဘူးဆို‌တော့ထက်ခြမ်းသာ ခွဲလိုက်တော့၊ အထဲက ကောင်းလား ကြည့်ရအောင် "

ဦးဘုန်းမြတ်ကျော်သည် အုန်းရည်ကို တူမဆီမှ ယူမသောက်သေးဘဲ အုန်းသီးအား ထပ်ခြမ်းခွဲလိုက်သည်။

" ဟာ ကောင်းတယ်ဟေ့၊ ဖွေးဖြူနေတာပဲ၊ ညည်း ကြိုက်တဲ့အာတာပူစီတော့ မပါဘူး။ "

" ဟုတ်ပါ့။ ရင့်နေပေမယ့် စားကောင်းလို့ ကျေးဇူးပါ၊ အုန်းပင်ကြီးရေ "

လှိုင်ရတုခင်သည် ပြုံးရွှင်စွာ အုန်းပင်ကိုပင် ကျေးဇူးတင်နေသည်။ ထို့နောက်

" အုန်းသီး ခွဲပေးတဲ့ ဒီဦးလေးကိုလည်း ကျေးဇူးတင်တယ်နော်။ "

" အင်း ငါ့တူမ လှိုင်က‌လေးက ချိုသာနေတယ်၊ ဘာပူဆာဦးမလဲ မသိဘူး။ "

" အဟီး။ ဘာမှ မပူဆာသေးပါဘူး။ လာလာ ဦးလေး၊ ဟို မန်ကျည်းပင်အောက်က ထိုင်ခုံကို သွားရအောင်၊ အဲ့ထိုင်ခုံမှာ ထိုင်စားမယ်၊ အဲ့အုန်းသီးကို ဓားနဲ့ ခွာပေး "

" လှိုင်လှိုင်ရယ် ငါက ညည်းစားချင်တာကို လိုက်ခွာပေးရဦးမှာပေါ့၊ အေးပါ၊ အေးပါ၊ လိုက်ခဲ့မယ် "

ဦးဘုန်းမြတ်ကျော်သည် တူမခေါ်ရာ အိမ်ဝန်းထဲရှိမန်ကျည်းပင်အောက်က ထိုင်ခုံဆီသို့ အုန်းသီးနဲ့ ဓားကိုကိုင်၍ လိုက်ပါလာသည်။ လှိုင်ရတုခင်သည် အုန်းရေထည့်ထားသော ခွက်ကို မန်ကျည်းပင်အောက်က ထိုင်ခုံပေါ် ချလိုက်သည်။ ပြီးနောက် ဦးလေးနဲ့အတူ မန်ကျည်းပင်အောက်က ထိုင်ခုံတွင် ထိုင်သည်။ ဦးလေးခွာကျွေးသည့် အုန်းသီးကို စားသည်။

" ဦးလေးရော စားလေ "

" ငါ မိတ်ထွက်မှာ ကြောက်လို့ မစားချင်ဘူး၊ ညည်းပဲ စား "

" ဪ အုန်းရေ သောက်မယ်ဆို၊ ရော့လေ သောက် "

" အေး၊ နည်းနည်းတော့ သောက်မယ်လေ၊ အနုလေးဆို အရည်က ပိုသောက်ကောင်းတာ၊ အနုအရည်လေး မသောက်ရတာ ကြာပေါ့။ အခု ရင့်တာလေးလည်း သောက်ကြည့်ဦးမယ် "

ဦးဘုန်းမြတ်ကျော်သည် လှိုင်ရတုခင်ဘေးမှ ခွက်ကို ယူ၍ သောက်ရာ အုန်းရည်က အရသာ မဆိုးပေ။

" ကဲ ညည်းစားချင်တာ အကုန်ခွာပေးပြီးပြီ၊ ညည်းဘာသာ စားနေတော့၊ ငါ သွားအိပ်ဦးမယ် "

" အကုန်မစားနိုင်ပါဘူး ဦးလေးရဲ့၊ မနက်ဖြန်အတွက် ချန်ထားမှာပါ၊ ဒါနဲ့ ညက အိပ်ရေးမဝလို့လား "

" အင်း ညက ဘောလုံးပွဲကြည့်ရင်း ညနက်သွားတာ၊ အဲ့ဒါမို့ ခု အိပ်ချင်လာဘီ "

" ဦးလေးကလည်း ခဏ နေပါဦး၊ လှိုင်မေးစရာလို့ပါ "

" မေးဗျာ "

တအိမ်လုံးရဲ့ အချစ်တွေကို ရရှိထားသော လှိုင်ရတုခင်သည် ဦးလေးဖြစ်သူအပေါ်တွင် ချွဲသည်။ တ‌ခါတလေ ဆိုးတတ်ပါသည်။ ငယ်ရွယ်စဉ်ကတည်းက ဖခင်မရှိသော ဖတဆိုးလေးမို့ မိခင် ဒေါ်ဘရဏီနှင့် ဦးလေးဖြစ်သူ ဦးဘုန်းမြတ်ကျော်က အလိုလိုက် အချစ်ပိုထားကြသည်။

" ဟိုဘက်အိမ်က ... မမလေ "

လှိုင်ရတုခင် စကား မဆုံးသေး။

" တော် တိတ်၊ အဲ့ဒီ ဟိုဘက်အိမ်အကြောင်း မပြောနဲ့၊ မကြားချင်ဘူး၊ နင် ဟိုဘက်အိမ်က လူတွေနဲ့ အဆက်အဆံမလုပ်နဲ့၊ ကြားလား "

" ဘာလို့လဲ ဦးလေးရဲ့ "

" လျှာမရှည်နဲ့၊ ငါပြောတာ နားထောင်၊ ဟိုဘက်အိမ်ကလူတွေနဲ့ နင် အဆက်အဆံလုပ်နေရင် ငါနဲ့တွေ့မယ်၊ သက်လား၊ ငါ သွားအိပ်လိုက်ဦးမယ် "

ထိုသို့ပြောပြီး ဦးဘုန်းမြတ်ကျော်သည် အိမ်ထဲ ဝင်သွားသည်။ လှိုင်ရတုခင်သည် အိမ်ဝန်းထဲရှိ မန်ကျည်းပင်အောက်က ထိုင်ခုံတွင် ထိုင်ရင်း ဟိုဘက်အိမ်ကို ငေးကြည့်မိသည်။ ဟိုဘက်အိမ်နဲ့ အဆက်အဆံ မလုပ်ပါနဲ့ဆိုမှ ဟိုဘက်အိမ်ကို အဆက်အဆံ လုပ်ချင်လာသည်။ ဟိုဘက်အိမ်က အရာရာသည် လှိုင်ရတုခင်အတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

ထိုစဉ်

" ဟိတ် ညီမလေး ဟိတ် ဟိတ်။

" ရှင် "

လှိုင်ရတုခင်သည် ဘယ်ကခေါ်နေသလဲဆိုတာ လိုက်ရှာမိတော့ ခြံစည်းရိုးနားကပ်ကာ လက်ပြနေသော ဟိုဘက်အိမ်က မမတယောက်ကို မြင်ရသည်။ အဲ့မမသည် လှိုင်နဲ့ အသက်မတိမ်းမယိမ်း ဖြစ်သည်။ အသားဝါဝါနဲ့ လှပသူ ဖြစ်သည်။ ခန္ဓာကိုယ် သွယ်လျပြီး စပန့်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။လှိုင်သည် ဟိုဘက်ခြံနဲ့လူတွေနဲ့ အဆက်အဆံမလုပ်နဲ့ဟူသော ဦးလေးစကား နားထဲ ကြားယောင်သဖြင့် ထိုင်ရာက မထသေးဘဲ

" ဟုတ် မမ။ ဘာလဲ မသိဘူးရှင့် "

" မမရဲ့ ကြက်တောင်ရိုက်တဲ့ ကော့ အဲ့ဘက် ကျသွားလို့ပါ။ ဟိုနားမှာလေ။ ကောက်ပေးပါလား "

လှိုင်သည် ဒါတော့ ကူညီသင့်သည်ဟု ယူဆကာ ထိုင်ရာက ထလျက် ကော့ကို ကောက်ယူပြီး ခြံစည်းရိုးနားကပ်လိုက်သည်။

" ရော့ မမ။ "

" ကျေးဇူးနော် ညီမလေး။ အမတို့နဲ့ အတူ ကြက်တောင်ရိုက်ပါလား။ ဒီဘက် ခြံဖက်ကို လာရင် လာလေ။ ခြံနီးနားချင်းတွေပဲ။ ခင်ရအောင်လေ။ "

" ဟုတ် မမ။ နေပါ့စေ။ လှိုင်က တယောက်တည်း နေတာများတယ်။ "

" ဪ လှိုင်တဲ့လား။ မမက ပြည့်လွန်းမေတဲ့။ မှတ်ထား‌နော်။ ဟဲ့ နင် ဒီနားလာလေ။ "

ပြည့်လွန်းမေသည် သူမနဲ့ ကြက်တောင်ရိုက်တဲ့သူ လူတယောက်ကို လှမ်းခေါ်သည်။

" ဒါ အမရဲ့ မောင်၊ ပြည့်လွန်းမောင်တဲ့။ ငါတို့ မောင်နှမက သူငယ်ချင်း လိုနေတာ။ လှိုင်နဲ့ ခင်ချင်လို့လေ။ "

လှိုင်သည် ခြံစည်းရိုးနားကပ်လာသည့် ပြည့်လွန်းမောင် ဆိုသူအား ဆတ်ခနဲ ကြည့်မိသည်။ ပြည့်လွန်းမောင်သည် အသားဖြူသလိုနဲ့ ဝါသည်။ အရပ်ရှည်ရှည်နဲ့ ဖော်ရွေ ရီမွန်မည့်ပုံ ရှိသည်။ ရုပ်ရည်ချောမောတာ အမနဲ့ တူလို့ ဖြစ်မည်ဟု ကောက်ချက်ချမိသည်။ သို့ပေမယ့် ဦးလေးစကား နားထဲ ကြားယောင်မိသောအခါ

" ‌ဟိုလေ။ လှိုင် မအားလို့နော်။ လှိုင်မှာ လုပ်စရာတွေ ရှိလို့ သွားလိုက်ပါဦးမယ်ရှင့်။ "

လှိုင်သည် တဖက်က ဘယ်လို ထင်မည် မတွေးတော့ဘဲ အိမ်ထဲသို့ ခြေဦးလှည့်မိသည်။ အိမ်ထဲ ရောက်သောအခါ ဘာလုပ်ရမည်မသိ ယောင်ချာချာနဲ့ ဖြစ်နေသည်။

အိမ်၏ ဧည့်ခန်းထဲတွင် ဒေါ်ဘရဏီက တရားနာရင်း ဆိုဖာခုံပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့ရသည်။

" မေမေကတော့ တရားတွေရပြီး နိဗ္ဗာန်ရောက်နေပြီ။ "

လှိုင်သည် တယ်လီဗေးရှင်းအား ပိတ်လိုက်သည်။


" ဟေ့ ဘယ်သူက နိဗ္ဗာန်ရောက်တာလဲ။ ငါဖြင့် အိပ်မရလို့ဟေ့။ "

လှိုင်သည် အိမ်အပေါ်ထပ်မှ ဆင်းလာသော ဦးဘုန်းမြတ်ကျော် စကားကြောင့် ပြုံးမိသည်။ တဆက်တည်းပင် ဟိုဘက်ခြံက မမနဲ့ သူ့မောင်ကို သတ်ရမိသည်။

" ဦးလေးက ဘာလို့ အိပ်မရတာလဲ ကြမ်းပိုးကိုက်လို့လား "

" အေး ဟေ့ ။ နင် ငါ့အိပ်ယာ ရှင်းပေးဦး။ ငါ အပြင် သွားလိုက်ဦးမယ်။ "

" ဟုတ်ကဲ့။ လှိုင်သည် လိမ္မာသည့် ကလေးပီပီ ဦးလေးအခန်းအားရှင်းပေးရန် အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ ဦးလေး အ်ပ်ခန်းပြတင်းပေါက်သည် ဟိုဘက်ခြံကို အပေါ်စီးမှ မြင်နေရသည်။ လှိုင်သည် တဖက်ခြံအား ငေးရင်း အိမ်အောက်ဖက်က ဦးလေးဖြစ်သူ ကားဖြင့် အပြင်သွားသည်ကိုလည်း မြင်လိုက်ရသည်။
.........++++++.......++++++......

#ဆန္ဒနဲ့လက်တွေ့ဟူသည်

Address

Aung Zaya Qr
Ye-u
�����

Telephone

+959976301843

Website

Alerts

Be the first to know and let us send you an email when Lady Hteik Htar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lady Hteik Htar:

Share

Category