𝙏𝙖𝙠𝙖𝙪𝙣𝙜 Mind & Dhamma

𝙏𝙖𝙠𝙖𝙪𝙣𝙜 Mind & Dhamma စိတ်နှင့် ဓမ္မကို ချိတ်ဆက်သော နေရာ။
လောကီ ၊ လောကုတ္တရာ
ဂါထာ ၊ မန္တာန် ၊ ဗုဒ္ဓအမြင်များကို
နက်ရှိုင်းသော်လည်း လက်တွေ့ကျစွာ မျှဝေပါသည်။

"ဂုဏ်သိက္ခာ နှင့် မာန"'ဂုဏ်သိက္ခာ' ဆိုတာ မိမိရဲ့ အကျင့်သီလ၊ မိမိရဲ့ စိတ်ထားဖြူစင်မှုပေါ်မှာ အခြေခံတာ။ ကိုယ့်ကိုယ်ကိုယ် လ...
03/07/2026

"ဂုဏ်သိက္ခာ နှင့် မာန"

'ဂုဏ်သိက္ခာ' ဆိုတာ မိမိရဲ့ အကျင့်သီလ၊ မိမိရဲ့ စိတ်ထားဖြူစင်မှုပေါ်မှာ အခြေခံတာ။ ကိုယ့်ကိုယ်ကိုယ် လေးစားသလို သူတပါးကိုလည်း လေးစားတတ်တာ ဟာ ဂုဏ်သိက္ခာရှိတဲ့သူရဲ့ လက္ခဏာပဲ။ ဂုဏ်သိက္ခာရှိတဲ့ သူဟာ အမှားလုပ်မိရင် ဝန်ခံရဲတယ်၊ ပြင်ဆင်ရဲတယ်၊ အေးမြတဲ့ သဘောရှိပါတယ်။

'မာန' ကတော့ အဲဒီလိုမဟုတ်ဘူး။ မာနဆိုတာ 'ငါ' ဆို တဲ့ အစွဲကို ရှေ့တန်းတင်ပြီး သူတပါးထက် သာချင်တာ၊ သူတပါးကို အထင်သေးတာ။ မာနရှိနေရင် စိတ်ဟာ အမြဲတမ်း တင်းမာနေတတ်ပြီး အမှန်တရားကို လက်ခံ ဖို့ ခက်ခဲသွားတတ်တယ်။ မာနကြီးတဲ့သူဟာ အမှားကို အမှားမှန်းသိရင်တောင် 'ငါ့အရှိန်အဝါ ပျက်မှာစိုးလို့' ဆို ပြီး ဇွတ်မှိတ်ငြင်းတတ်ကြတာပေါ့။ ဒါကြောင့် မာနဆို တာ ပူလောင်တဲ့သဘော ရှိပါတယ်။

မြတ်စွာဘုရားရှင်က မာနကို 'မဒ' (ယစ်မူးခြင်း) လို့ လည်း ဟောခဲ့တယ်။ ရာထူး၊ ဂုဏ်သိန်၊ ပညာတွေအပေါ် မှာ ယစ်မူးပြီး မာနတက်လာတဲ့အခါ လူဟာ အသိဉာဏ် ကွယ်သွားတတ်ပါတယ်။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ သူကတော့ 'ငါ့ဂုဏ်သိက္ခာ ညစ်နွမ်းမှာစိုးလို့ အကုသိုလ် ကို မလုပ်ဘူး' ဆိုတဲ့ အသိနဲ့ မိမိကိုယ်မိမိ စောင့်ရှောက် တယ်။ မာနသမားကတော့ 'ငါ့ကို ဘယ်သူမှ လာထိလို့မ ရဘူး' ဆိုတဲ့ အတ္တနဲ့ သူတပါးကို ပြန်ပြီး ထိခိုက်စေတတ် ပါတယ်။

ဒါကြောင့် အသိဉာဏ်ရှိတဲ့သူဟာ မာနကို လျှော့ချပြီး ဂုဏ်သိက္ခာကိုတော့ မြှင့်တင်ရပါမယ်။ နှိမ့်ချတတ်တာ ဟာ မာနမရှိခြင်းရဲ့ အလှတရားဖြစ်သလို၊ စိတ်ထား ဖြူစင်တာဟာလည်း ဂုဏ်သိက္ခာရဲ့ အနှစ်သာရပဲ။ မိမိရဲ့ စိတ်ထဲမှာ 'ငါ' ဆိုတဲ့ အစွဲမပါဘဲ အမှန်တရားနဲ့အညီ ရှင်သန်နိုင်မှသာလျှင် ဘယ်သူက ဘာပြောပြော မိမိရဲ့ ဂုဏ်သိက္ခာဟာ ခိုင်မြဲနေမှာ ဖြစ်ပါတယ်။"

(ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ)

#တရားတော်များ
#အသိတရား
#ဗဟုသုတ
#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ


အလိုမကျတိုင်းသာ မုန်းကြေးဆိုရင်🙏🙏🙏🙏🙏🙏🙏🙏🙏ကိုယ့်စိတ် အလိုမကျတိုင်းသာ မုန်းကြေးဆိုရင် ပထမဆုံး မုန်းရမှာက ကိုယ့်ရုပ်ခန္ဓာကြီ...
26/06/2026

အလိုမကျတိုင်းသာ မုန်းကြေးဆိုရင်
🙏🙏🙏🙏🙏🙏🙏🙏🙏

ကိုယ့်စိတ် အလိုမကျတိုင်းသာ
မုန်းကြေးဆိုရင်
ပထမဆုံး မုန်းရမှာက
ကိုယ့်ရုပ်ခန္ဓာကြီးပါပဲ...။

မိုးလင်းတည်းက
ခန္ဓာကြီးက ထွက်သမျှ
ဘာများနှစ်သက်စရာ ရှိလို့လဲ...။

စားဖို့ ရှာရတယ်။
ဆာတော့ စားရတယ်။
စားပြီးတော့ ပြန်စွန့်ရပြန်တယ်။
ဒီလိုနဲ့ ခန္ဓာကြီးအလို လိုက်ရင်း
အိုရာက နာပြီး နောက်ဆုံးသေရတာပဲ...။

ဝတဲ့သူက ပိန်ချင်ပြီး,
ပိန်တဲ့သူက ဝချင်ပြန်တယ်၊
ဘာလို့ စိတ်သောကဖြစ်ခံနေမှာလဲ...။

ကိုယ်ပိုင်တဲ့
ကိုယ့်ရုပ်ခန္ဓာကြီးတောင်,
ကိုယ့်စိတ် အလိုကျအောင်
အမြဲခိုင်းလို့ရတာမှ မဟုတ်ပဲ...။

ဘာလို့များ အချိန်ကုန်ခံ
သူများကို မုန်းပြီး
စိတ်သောက ဖြစ်ခံနေမှာလဲ...။
အချိန်တွေ နှမြောရင်
ဘယ်သူ့ကိုမှ မမုန်းပါနဲ့ ...။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


ကိုယ်လုပ်သမျှတွေဟာ နောင်ဘဝ ပါသွားဖို့ဆိုတာ ဘယ်နေရာမှာ ရှိနေတာတုန်းလို့ မေးကြည့်။နှလုံးသားထဲမှာ ရှိနေတာလား၊ ဦးနှောက်ထဲမှာ...
26/06/2026

ကိုယ်လုပ်သမျှတွေဟာ နောင်ဘဝ ပါသွားဖို့ဆိုတာ ဘယ်နေရာမှာ ရှိနေတာတုန်းလို့ မေးကြည့်။
နှလုံးသားထဲမှာ ရှိနေတာလား၊ ဦးနှောက်ထဲမှာ ရှိနေတာလား။ ဦးနှောက်ဆိုတာ ပျက်ချင်ပျက်သွားတာပဲလေ။ နှလုံးသား ဆိုတာလည်း ခွဲစိတ်ကုသရတာမျိုးတွေရှိတယ်။ သေရင် ဦးနှောက်ကလည်း အလုပ်မလုပ်တော့ဘူး။ နှလုံးကလည်း အလုပ်မလုပ်တော့ဘူး။ အဲဒီ ဦးနှောက်နဲ့ နှလုံးကလည်း သေရင် မီးသဂြိုဟ်တဲ့အထဲ ပါမသွားဘူးလား။ ဒါဖြင့် ကံတရားတွေများ ပါသွားမလား။ ဦးနှောက်ထဲမှာ ပါသွားမလား၊ နှလုံးသားထဲမှာ ပါသွားမလား။ အဲဒီလိုပါသွားရင်တော့ အေးတာပေါ့။ နော်။

မြတ်စွာဘုရားက "တံ ဉာတိတဿ သကာ ဟောန္တိ"။ ကိုယ်လုပ်တာ ကိုယ့်အထဲမှာ ကိုယ့်ပုံရိပ်တွေကို ကိုယ်ရသွားတယ်တဲ့။ ဘယ်မှာ ဒီ ပုံရိပ်တွေက ထင်သွားတုန်းဆိုတော့ ကုသိုလ်၊ အကုသိုလ်ကံရဲ့ ပုံရိပ်တွေက စိတ်အစဉ်မှာထင်သွားတာ။ Mental process လို့ ခေါ်တဲ့ စိတ်အစဉ်တဲ့။

ဒီ ဧရာဝတီမြစ်ကြီး စီးဆင်းနေတဲ့အချိန်မှာ မြစ်ရေကြီးက မပြတ်စီးနေတာ။ အဲဒီလိုပဲ ကိုယ့်ရဲ့ ရင်ထဲမှာ စိတ်အစဉ်ကြီးက မပြတ်ရှိနေတာ။ အဲဒီ မပြတ်တဲ့စိတ်အစဉ်ထဲမှာ ပုံရိပ်တွေပါသွားပြီ။ အဲဒီပုံရိပ်တွေ ဘယ်လိုလုပ်လိုက်ပြီးတော့ ဖျတ်လို့ရမလဲ။ မရနိုင်ဘူး။ စီစီတီဗွီနဲ့ဆိုရင်တော့ ဖြုတ်ပြီးတော့ ဖျောက်လို့ရသေးတယ်။ ရင်ထဲကဟာကတော့ ဖျောက်လို့မရဘူးသာ မှတ်။

အဲဒီတော့ "ဒီဘဝထင်တဲ့ ပုံရိပ်တွေဟာ လူသေသွားတော့ ပျောက်သွားရောလား"လို့ ဆိုတော့ မြတ်စွာဘုရားက "ဒီပုံရိပ်တွေက သူနဲ့အတူ ပါသွားလိမ့်မယ်"တဲ့။ ပါသွားမှာပဲ။ ဒါတွေက ဘဝသံသရာအဆက်ဆက်မှာပါသွားပြီး အရိပ်ပမာလိုက်နေမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ပုံရိပ်မကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့ရပြီး ပုံရိပ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေက ချမ်းသာသုခရရှိမှာဖြစ်တယ်။ ဒီ ပုံရိပ်တွေ ကြည့်ပြီးတော့ ဘဝမှာ အကျိုးပေးမှုတွေဖြစ်တယ်။

ဒါကိုပဲ မြတ်စွာဘုရားက "ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် ထို လုပ်သမျှ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အမွေကို လုပ်သူ ခံရမယ်" တဲ့။ အဲဒါ ကံ၊ ကံ၏ အကျိုးကို လက်ခံတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားပဲ။ အဲဒီလို ကမ္မဿကတာ သမ္မာဒိဋ္ဌိ လက်ခံထားတဲ့အမြင်ရှိမှ ဗုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်။ အဲဒီလို ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်မရှိရင် မဖြစ်ဘူး။ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဆိုနေပေမယ့်လို့ ကံမယုံကြည်ဘူးဆိုရင် ဗုဒ္ဓဘာသာမဖြစ်နိုင်ဘူး။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


"အမျိုးသမီးတွေအတွက် မှတ်သားစရာ"မိန်းမဘဝဆိုတာ ဒုက္ခရောက်တယ်။"ဒုက္ခော ဣထ္ထိဘာဝေါ" အမျိုးသမီး ဖြစ်ရတဲ့ဘဝဟာ ဒုက္ခရောက်တယ်။မြ...
25/06/2026

"အမျိုးသမီးတွေအတွက် မှတ်သားစရာ"

မိန်းမဘဝဆိုတာ ဒုက္ခရောက်တယ်။
"ဒုက္ခော ဣထ္ထိဘာဝေါ" အမျိုးသမီး ဖြစ်ရတဲ့ဘဝဟာ ဒုက္ခရောက်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တိုင်ကိုက အမျိုးသမီးဘဝဟာ ဒုက္ခရောက်တယ်လို့ဟောခဲ့တယ်။

အမျိုးသမီးဘဝဟာ အမျိုးသားတွေထက် ထပ်ဆင့်ပို့တဲ့ အာဝေနိကဒုက္ခ ဆိုတာတွေဟာ အမျိုးသမီးတွေမှာ ရှိတယ်ပေါ့...။

ဒါကြောင့် အမျိုးသမီးဘဝဟာ အမျိုးသားတွေထက် ပိုဒုက္ခကြီးတယ်။

ဒီလိုဒုက္ခကြီးတာ ဘာကြောင့်လဲဆိုရင် အမျိုးသမီးဘဝဟာ တစ်ဖက်သားကို အားကို နေရတာ ကိုယ်ဝန်ဆောင်ရတာ
သူတစ်ပါးကို မှီခိုနေရတယ်ဆိုတဲ့ . . .

ဒီဒုက္ခတွေ အာဝေနိက ဆင်းရဲတွေနဲ့ အမျိုးသမီး ဘဝဟာ ပိုလို့ပဲစိတ်ပျက် ငြီးငွေ့စရာကောင်းတယ် ဆိုတာ
မြတ်စွာဘုရားက ရှင်းလင်းထောက်ပြ ဟောကြားထားတာ ဖြစ်တယ်။

အဲ့ထဲမယ် အမျိုးသမီးတွေဟာ အိမ်ထောင်ရေး ကံ မကောင်းဘူး ဆိုလို့ရှီရင်. . .

အမျိုးသမီးဘဝမှာ အိမ်ထောင်ဘက်အပြိုင် ကြုံလာပြီဆိုလို့ရှီရင် သူတို့မှာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။

အဲဒီလို အိမ်ထောင်ပြိုင်ရှီလာပြီ ဆိုလို့ရှီရင် ပိုပြီးတော့ စိတ်ဆင်းရဲကြရတယ်တဲ့။

အမျိုးသမီးတွေရဲ့ ကြီးမားလှတဲ့ ဒုက္ခ တစ်ခုကတော့ ဘာလဲလို့ဆိုလို့ရှီရင်. . .

တစ်ကြိမ်လောက် ကိုယ်ဝန်ဆောင်ပြီးတော့ မီးဖွားလိုက်ရတဲ့ ဒုက္ခဟာ အလွန်ကိုကြီးမားတယ်။

ဒါကြောင့်မို့ မြန်မာစကားမှာလည်းဆိုတယ် "ယောကျာ်းဖောင်စီး မိန်းမမီးနေ" ဆိုတဲ့စကား။

ကိုယ်ဝန်ဆောင် သားမွေးခြင်းဟာ သေမင်းနဲ့ စခန်းသွားရတဲ့ အနေအထားမျိုး ဖြစ်တယ်။
သေမင်းနဲ့ ကစားရသလိုဖြစ်နေတယ်ပေါ့...။

အမျိုးသမီး ကိုယ်ဝန်ဆောင်ပြီး သားဖွားရတာ လည်း အလွန်အန္တရာယ်ကြီးတယ်လို့ ဒီလိုဆိုလိုတာဖြစ်တယ်။

လောကမှာ ကိုယ်ဝန်ဆောင်ရတယ် သားဖွားရတယ် ဆိုတဲ့ အလုပ်ဟာ အလွန်အန္တရာယ် ကြီးမားတဲ့ အလုပ်ဖြစ်တယ်။

အဲဒီဆင်းရဲတွင်း ရောက်နေပြီဆိုရင် မိခင်ရော ကလေးရော ဆုံးရှုံးမှုနဲ့ ကြုံရတတ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အိမ်ထောင် ရက်သားဘဝဟာ ကိလေသာတွေနဲ့ စိတ်ပူစရာတွေနဲ့ တွေ့နေကြရတယ်။

ဒါကြောင့်မို့လို့ အိမ်ထောင်ပြုတယ်ဆိုတာ တကယ့်ကို အိမ်ထောင်ကျတယ်။

လောကလူတွေဟာ ထောင်ကျတယ်ဆိုရင် ဘယ်လိုလို့ ချမ်းသာနိုင်မလဲ။

လူတွေဟာ ထောင်ကျတယ်
ဆိုလို့ရှီရင်တော့ ကြောက်ကြမှာပဲ။

သို့သော် အိမ်ထောင်ကျတာကြတော့ ပွဲလမ်းသဘင်ခံပြီးတော့ အကောင်းထင်ပြီး
လုပ်နေကြတယ်။

"မင်္ဂလာ" လို့ စကားတောင်
တပ်လိုက်သေးတယ် ။ တကယ်ကတော့ မြန်မာစကားသုံးထား တဲ့ အိမ်ထောင်ကျတယ်ဆိုတာ ထောင်ကျတာနဲ့ တူတူပဲ
ဖြစ်တယ်ပေါ့။

သံသရာထဲမှာ ရှိနေသမျှ တော့ . . .
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်
ဘဝဒုက္ခ ခံစားကြရဦးမှာပဲ။

ဘဝဒုက္ခ လွတ်မြောက်ဖို့အတွက် မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းကိုပေါင်းသင်းဆက်ဆံပြီး . . .

ထိုသူတော်ကောင်းတို့ရဲ့
အဆုံးအမစကားနဲ့ သံသရာဝဋ်က လွတ်အောင် မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် သာလျှင် ဆင်းရဲဒုက္ခအဆုံးသတ်နိုင်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


ပိုက်ဆံတွေ အလုံးလိုက်အရင်းလိုက်ဝင်မှ သန်းထီပေါက်မှ ရာထူးတွေတက်မှဒါတွေဖြစ်မှ ကံကောင်းတာမဟုတ်ပါဘူး။မိမိအတွက်တော့…..၊- ကုသိ...
23/06/2026

ပိုက်ဆံတွေ
အလုံးလိုက်အရင်းလိုက်ဝင်မှ
သန်းထီပေါက်မှ ရာထူးတွေတက်မှ
ဒါတွေဖြစ်မှ ကံကောင်းတာမဟုတ်ပါဘူး။

မိမိအတွက်တော့…..၊
- ကုသိုလ်အမှုတွေပြုခွင့်ရနေတာ၊
- ရတနာသုံးပါးဆည်းကပ်ကြည်ညိုခွင့်ရနေတာ၊
- ဘုရားဟော တရားဓမ္မတွေနာကြားခွင့်ရနေတာ၊
- ဆရာတော် သံဃာတော်များ၏
အဆုံးအမတွေ ကြားနာခွင့်ရနေတာ၊
- သစ္စာလေးပါးအကြောင်း
မိမိဉာဏ်အတိမ်အနက်အတိုင်း သိခွင့်ရနေတာ၊
- သဒ်ဓါ၊ သီလ၊ သုတ၊ စာဂ၊
ပညာတွေ ပြုလုပ်ရရှိနေတာ၊
- ဝိပဿနာတရားတွေ အားထုတ်ခွင့်ရနေတာ

အစရှိတဲ့အရာတွေ လက်ဝယ်ရရှိနေတာကိုက
တကယ့်ကို ကံကောင်းနေပါပြီ။

နိဗ္ဗာန်မရောက်မီစပ်ကြား လက်ရှိဘဝ
နောက်ဘဝအတွက် ကောင်းစေမည့်
ဟိတတွေပြုခွင့်ရနေတာကိုက စင်စစ်ဧကန်
အမှန်မုချ ကံကောင်းနေပါပြီ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

🙏🙏🙏

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ


သဒ္ဓါလွန်သွားလို့ရှိရင် မယုံသင့်တဲ့နေရာတွေပါ ယုံကြတယ်။ မလုပ်သင့်တာတွေ လုပ်ကြတယ်။ ဥပမာမယ် . . . ဘုန်းကြီးတစ်ပါး ကြွလာလို့...
22/06/2026

သဒ္ဓါလွန်သွားလို့ရှိရင်
မယုံသင့်တဲ့နေရာတွေပါ ယုံကြတယ်။ မလုပ်သင့်တာတွေ လုပ်ကြတယ်။

ဥပမာမယ် . . .
ဘုန်းကြီးတစ်ပါး ကြွလာလို့ ရှိရင်
ခေါင်းပွတ်ပေးစမ်းပါ ကျန်းမာတယ် လို့။ ခေါင်းပွတ်တာနဲ့ ဘယ်တော့မှ မကျန်းမာဘူးနော်။မယုံနဲ့…အဲ့ဒါ။

ခေါင်းပွတ်ရုံနဲ့ ကျန်းမာမှုဆိုတာ
ဘယ်တော့မှ မမျှော်လင့်လေနဲ့။
ပွတ်ချင်တိုင်းပွတ်။ ရှိတဲ့ ဆံပင်တွေသာ ပြောင်သွားမယ် ။ကျန်းမာလာမှာမဟုတ်ဘူး။ စိတ်က ယုံကြည်နေတာသာ ဖြစ်တယ်။ ကျန်းမာချင်ရင် ဘာလုပ်ရမလဲ။

မတည့်တာ မစားနဲ့။
ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်အောင်နေ။
ရာသီဥတု မျှတအောင်နေ။
ကျန်းမာရေးလိုက်စား ။ အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှုတွေကိုလုပ်။ ဒါပဲ ရှိတယ်နော်။

ဘုန်းကြီးခြေထောက်နဲ့ ခေါင်းနဲ့ ပွတ်မှ
ကျန်းမာမယ်လို့ ဘယ်တုန်းကမှ မြတ်စွာဘုရားက မဟောဘူး။
အဲ့ဒါတွေကို ယုံကြည်လွန်းအားကြီးလို့ရှိရင် ပညာမဲ့တဲ့ သဒ္ဓါမျိုးဖြစ်သွားတတ်တယ်။

အဲ့ဒါမျိုး မဖြစ်စေသင့်ဘူးပေါ့နော်။
မဖြစ်စေသင့်ဘူး။ မြန်မာပြည်မှာသာ မဟုတ်ဘူး။ ထိုင်းနိုင်ငံက လူတွေလည်း ဗုဒ္ဓဘာသာတွေလည်း ဒီအတိုင်းပဲ။

Blessing ဆိုတာ ကို သိပ်မျှော်လင့်ကြတယ်။Blessing ပေးပါဆိုကာ ခေါင်းပွတ်ခိုင်းတယ်။အဲဒီလို မျှော်လင့်ချက်နဲ့ ခေါင်းကိုပွတ်ခိုင်းတယ်။ ဓာတ်လုံးတောင်းတယ်။ လက်ဖွဲ့တောင်းတယ်။
လက်ဖွဲ့က စွမ်းလို့ရှိရင် ဒီပုဂ္ဂိုလ်က သူ့ဟာသူပဲ သုံးမှာပေါ့။ စဥ်းစားကြည့်ပေါ့နော်။ဘယ်သူ့ ပေးမတုန်း။

ဓာတ်လုံးက စွမ်းရင်လည်း သူ့ဘာသူ သုံးမှာပေါ့။ဘယ်သူ့ပေးမှာတုန်း။
သို့သော် လောက လူတွေဟာ
ယုံကြည်မှုတွေဟာ လွန်ကဲတယ်လို့ခေါ်တယ်ပေါ့နော်။

အဲ့ဒီလိုမျိုး မဖြစ်စေဘဲနဲ့
အကြောင်းစစ် အကြောင်းမှန်ကို နားလည်ဖို့ လိုအပ်တယ်။
သဒ္ဓါကို ပညာနဲ့ ထိန်းချုပ်ပေးရမယ်။
ပညာကိုလည်း သဒ္ဓါနဲ့ ထိန်းချုပ်ရမယ်။ ဆိုလိုတာက သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုသည် ညီမျှစေရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ


“အကာကိုပစ်၍ အနှစ်ကိုရှာ”🔷🔷🔷🔷🔷🔷🔷🔷🔷🔷ဘဝမှာ အနှစ်သာရရှိတာနဲ့ အနှစ်သာရမရှိတာ ခွဲခြားသိသင့်တယ်။ ဘယ်ဟာ အနှစ်သာရရှိပြီး ဘယ်ဟာက အ...
20/06/2026

“အကာကိုပစ်၍ အနှစ်ကိုရှာ”
🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ဘဝမှာ အနှစ်သာရရှိတာနဲ့ အနှစ်သာရမရှိတာ ခွဲခြားသိသင့်တယ်။ ဘယ်ဟာ အနှစ်သာရရှိပြီး ဘယ်ဟာက အနှစ်သာရမရှိတုန်းလို့ဆို အကြမ်းဖျင်း နည်းနည်းစဉ်းစားကြည့်ပေါ့။ ကိုယ်ရထားတဲ့ ရုပ်ခန္ဓာ မိခင်ဝမ်းထဲ ဖြစ်လာတဲ့ အချိန်ကစပြီး တစ်နေ့တခြား တစ်ဆင့်ဆင့်ကြီးထွား တစ်ဆင့်ထက်တစ်ဆင့် အိုအိုလာ၊ နောက်ဆုံး အိုမင်းရင့်ရော်လာ တစ်နေ့ထက်တစ်နေ့ အိုအိုလာတယ်။ ခန္ဓာကိုယ်ကြီးဟာ တစ်နေ့ကျတော့ ပျက်စီးသွားတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ အနှစ်သာရဆိုတာ ဘာမှမရှိဘူး။ သိမ်းထားစရာ ဘာမှမရှိဘူး။

၁၀ နှစ် နေရမယ့် ပုဂ္ဂိုလ်၊ ၁၀ နှစ်နေပြီး သေသွားရင် ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ အသက်နဲ့ ခန္ဓာ ကွဲသွားတာနဲ့တစ်ပြိုင်နက် အသုံးဝင်မှု ရပ်ဆိုင်းသွားတယ်။ သူ့ရဲ့ အတိုင်းအတာတစ်ခု အသက် (၆၀)၊ (၇၀)၊ (၈၀)။ အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲသွားတာနဲ့ ဟောဒီရုပ်ခန္ဓာကြီးမှာ ယူပြီး သိမ်းထားစရာ ဘာမှမရှိဘူး။ မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားစရာ မရှိဘူး။ အားလုံး ပစ်လိုက်ရမှာချည်းပဲ။

လူ့ခန္ဓာကိုယ်ထဲကနေ မပစ်လိုက်ရတာဆိုတာ ဘာတစ်ခုမှ မရှိဘူး။ အားလုံး ပစ်လိုက်ရမှာချည်းပဲ။ အသက်ရှင်တုန်းမှာတော့ တန်ဖိုးရှိသလို ဖြစ်ပြီးတော့ အသက်နှင့်ခန္ဓာကိုယ် ကွဲသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ဘာမှ တန်ဖိုးမရှိတော့ဘူး။ ချစ်ခင်လှပါတယ်ဆိုတဲ့ မိသားစုကတောင်မှ အိမ်မှာကြာကြာ မထားနိုင်ကြပါဘူး။ ဒါသဘာဝပဲ။ အဲဒီ ရုပ်ခန္ဓာကိုယ်ကြီးမှာ အနှစ်ရှာမယ်ဆိုရင် လုံးဝမတွေ့နိုင်ဘူး။ ဘာမှ မတွေ့နိုင်ဘူး။

နာမ်ထဲမှာ အနှစ်ရှာဦးမလားဆိုတော့ နာမ်ဆိုတာ အခုဖြစ်ပြီး အခုချက်ချင်း ပျက်သွားတာဆိုတော့ သူ့ကို အနှစ်ရှာဖို့ဟာ အလွန်ခက်တယ်။ အနှစ်သာရဆိုတာ ဘာမှမရှိဘူး။ နာမ်ဆိုတာ တစ်ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားတာ။ အနှစ်သာရ ပြောစရာ ခန္ဓာကိုယ်ကြီးမှာ တစ်ခုမှမရှိဘူး။ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှ မရှိဘူး။ သို့သော် နာမ်တရားကို မှီဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ ရနိုင်သေးတယ်လို့။

အနှစ်နဲ့အကာကို ခွဲခြားပြီး သိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ဘူး။ အနှစ်သာရ ရဖို့အတွက် အချိန်များများ ပေးရမယ်။ တကယ့်အနှစ်သာရက ကိုယ်ကျင့်တရားသာ ဖြစ်တယ်။ အဲဒီအနှစ်သာရလေးကို ဖျက်ပြီးတော့ ဘာမှ အနှစ်မရှိတဲ့ ခန္ဓာကြီးအတွက် သီလတွေ ရပ်နားပြီးတော့ အနှစ်သာရကို ဖယ်ရှားပြီး အနှစ်မဲ့တဲ့အရာကို ယူတယ်။ ထို့အတူပဲ အကုသိုလ်ဖြစ်တာ ကြည့်မယ်ဆိုရင် အကာအတွက် အကုသိုလ်ဖြစ်တာ များတယ်။ အနှစ်သာရအတွက် အကုသိုလ်ဖြစ်တာ နည်းတယ်။

ဘယ်ဟာက အကာ၊ ဘယ်ဟာက အနှစ်ဆိုတာ သိဖို့လိုတယ်။ သိလာပြီးတဲ့နောက်မှာ အကာကို ဂရုမစိုက်ဘဲနဲ့ အနှစ်သာရကို ရအောင်ယူတတ်ဖို့၊ အနှစ်သာရမှ ရအောင်မယူတတ်ဘူးဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ အကာကို ခင်တွယ်နေတဲ့ အတွက်ကြောင့် အနှစ်မရဘူး။ အကာကြီးကလည်း ကိုယ်ခင်တွယ်ပြီးနောက် စွန့်ပစ်ရမယ့် အနေအထားမျိုး ရောက်သွားတယ်။ ကိုယ်ဘာမှ မရတဲ့ အနေအထား ဖြစ်တယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် ဝဍ္ဎိသုတ္တန်မှာ ဟောထားတယ်။ ဘဝမှာ ရနိုင်တဲ့ အနှစ်တွေက ဘာတွေလဲဆိုရင် သဒ္ဓါဆိုတဲ့ အနှစ်၊ သီလဆိုတဲ့ အနှစ်၊ သုတဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာ ကြားနာမှု အနှစ်၊ စာဂလို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှု အနှစ်၊ ပညာလို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေ ရှိပြီးတော့ နေတယ်။ သို့သော် အနှစ်ဟာ ထုတ်မယူတတ်လို့ရှိရင် မရပါဘူး။ ထုတ်မယူတတ်လို့ရှိရင် အကာပဲ ရမယ်။

ဆိုပါစို့ သစ်ပင်တစ်ပင်ရဲ့ အနှစ်ဟာ အကာတွေ ဖုံးထားတဲ့ အတွင်းမှာရှိတယ်။ အရွက်ထဲမှာလည်း မရှိဘူး။ အခက်ထဲမှာလည်း မရှိဘူး။ ပင်စည်ထဲမှာသာ ရှိတယ်။ အနှစ်ရှိတဲ့ နေရာကို သိပြီး အဲဒီအနှစ်ကို ယူတတ်ဖို့ အရေးကြီးတယ်။ မိမိ ရုပ်ခန္ဓာကိုယ်ထဲမှာလည်း အနှစ်မရှိဘူး။ အပေါ်ယံနာမ်မှာလည်း အနှစ်မရှိဘူး။ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ သဘာဝတရားမှာသာ အနှစ်တွေရှိတယ်။ အဲဒီအနှစ်သာရတွေကို ယူတတ်ရင် ရမယ်။ မယူတတ်ဘူးဆိုရင် ရမှာမဟုတ်ဘူး။ လွတ်သွားမှာ။

နာမ်တရားမှာ ဖြစ်ပေါ်တဲ့ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ယုံကြည်တယ်ဆိုတာ ဘာကိုယုံကြည်တာလဲဆိုရင် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အပြစ်ကို ရလိမ့်မယ်၊ အဆိုးတရားလာမယ်။ စာပေက ကံ ကံ၏အကျိုးကို ယုံကြည်တယ်လို့ ဆိုတယ်။ ကံဆိုတာ ကိုယ့်သန္တာန်မှာ ရှိတဲ့ စေတနာစွမ်းအားကို ခေါ်တယ်။ အဲဒီ စေတနာစွမ်းအားကို အသိအမှတ်ပြုတယ်။ အဲဒီ စေတနာစွမ်းအားမှ ရလာတဲ့ အကျိုးတရားကို အသိအမှတ်ပြုတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရနိုင်တယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရနိုင်တယ်လို့ ကံ ကံ၏အကျိုးကို ယုံကြည်တာ၊ သိမြင်တာဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်တယ်၊ အမှန်အတိုင်း မြင်တာ။

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ

#တရားတော်များ
#ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
#အသိတရား


လောကမှာ ' စေတနာ ' ဆိုတာ မိမိလုပ်လိုက်တဲ့ .ကံတရားတွေရဲ့ နောက်ကွယ်က တကယ့်အသက်ဝိညာဉ်ပါပဲ ။ မြတ်စွာဘုရားရှင်က ' စေတနာဟံ ဘိက္...
15/06/2026

လောကမှာ ' စေတနာ ' ဆိုတာ မိမိလုပ်လိုက်တဲ့ .
ကံတရားတွေရဲ့ နောက်ကွယ်က တကယ့်အသက်ဝိညာဉ်ပါပဲ ။

မြတ်စွာဘုရားရှင်က ' စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ ' လို့ ဟောတော်မူခဲ့တဲ့အတိုင်း စေတနာဟာ ကံဖြစ်ပြီး ၊ အဲဒီကံရဲ့ အကျိုးပေးဟာလည်း စေတနာရဲ့ အရည်အသွေးပေါ်မှာပဲ လုံးလုံးမူတည်နေပါတယ် ။ ကိုယ်စိုက်တဲ့ အစေ့အဆန်အတိုင်း အသီးအပွင့် ရသလိုပါပဲ ။

စေတနာအကျိုးပေးကို ကြည့်တဲ့အခါ အပြင်ပန်းက ကြီးကျယ်ခမ်းနားမှုတွေထက် အတွင်းစိတ်ရဲ့
' စင်ကြယ်မှု ' က ပိုပြီး အခရာကျပါတယ် ။

တစ်ခါတလေ ကိုယ်လှူဒါန်းလိုက်တဲ့ ၊ ကူညီလိုက်တဲ့အရာက သေးသေးလေးဖြစ်ပေမယ့် အဲဒီအချိန်မှာ ထားရှိတဲ့ စေတနာက အင်မတန် ထက်သန်ဖြူစင်နေမယ် ၊
နှမြောတွန့်တိုမှု မရှိဘူးဆိုရင် အဲဒီစေတနာရဲ့ အကျိုးပေးဟာ အဆမတန် ကြီးမားတတ်ပါတယ် ။
အလှူပစ္စည်း ပမာဏထက် စိတ်ရဲ့ စေတနာသန့်ရှင်းမှုက အကျိုးပေးကို ပိုပြီး သတ်မှတ်ပေးတာပေါ့ ။

စေတနာရဲ့ အကျိုးပေးဆိုတာ အနာဂတ်ကျမှ ရမှာတင်မဟုတ်ပါဘူး ။
ပြုလုပ်လိုက်တဲ့ အခိုက်အတန့် ပစ္စုပ္ပန်မှာတင်
' စိတ်ချမ်းသာမှု ' အဖြစ် ချက်ချင်း အကျိုးပေးနေပြီ ဖြစ်ပါတယ် ။ သူတစ်ပါးကို ကူညီလိုက်ရလို့ မိမိရင်ထဲမှာ လန်းဆန်းသွားတာ ၊ ကြည်နူးသွားတာဟာ ...
စေတနာရဲ့ လက်ငင်းအကျိုးပေးပဲ ။
အဲဒီလို လက်ရှိမှာ ကုသိုလ်စိတ်နဲ့ အေးမြနေတဲ့သူဟာ နောင်အနာဂတ် ဘဝခရီးမှာလည်း ကောင်းမွန်တဲ့ ဘဝအခြေအနေ ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေနဲ့ပဲ အကျိုးပေး ရှင်သန်ရမှာ ဖြစ်ပါတယ် ။

ဒါကြောင့် အလုပ်တစ်ခုခုကို လုပ်တော့မယ် ၊ အလှူအတန်း ပြုတော့မယ်ဆိုရင် မိမိရဲ့ စေတနာကလေး ထက်သန်နေရဲ့လားဆိုတာကို အမြဲ သတိနဲ့ စစ်ဆေးရမယ် ။ ပြုလုပ်စဉ်မှာလည်း ဝမ်းမြောက်ရမယ် ၊ ပြုလုပ်ပြီးရင်လည်း နှမြောတသမှု မရှိဘဲ ကြည်နူးနေရမယ် ။

အဲဒီလို ( ရှေ့ ၊ လယ် ၊ ဆုံး ) စင်ကြယ်တဲ့ စေတနာမျိုးနဲ့ ကျင့်ကြံနိုင်မှသာလျှင် ဘဝမှာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးသော အကျိုးပေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။"

ဆရာတော်ဘုရားကြီး
ဒေါက်တာရှင်နန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ


မြတ်စွာဘုရားက ကုသိုလ် ကောင်းမှုကို လုပ်ဖြစ်အောင် လုပ်ပါတဲ့။ပြုလုပ်တဲ့ အခါမှာလည်း တစ်ခါတည်း မလုပ်ပါနဲ့..အကြိမ်ကြိမ် အထပ်ထ...
12/06/2026

မြတ်စွာဘုရားက
ကုသိုလ် ကောင်းမှုကို
လုပ်ဖြစ်အောင် လုပ်ပါတဲ့။

ပြုလုပ်တဲ့ အခါမှာလည်း
တစ်ခါတည်း မလုပ်ပါနဲ့..
အကြိမ်ကြိမ် အထပ်ထပ် လုပ်ပါ။
နေ့စဉ်အမြဲ ပြုလုပ်ပေးပါတဲ့။

ဘာလို့တုန်း ဆိုတော့...
စွမ်းအား ဆိုတာ
အကြိမ်ကြိမ်လုပ်မှ ရလာတာလေ။

ကုသိုလ်ကောင်းမှု လုပ်ချင်တဲ့ စိတ်ကိုလည်း
အမြဲထားပါလို့ တိုက်တွန်းတယ်နော်။

ဘာလို့ တိုက်တွန်းတုန်း ?
ကောင်းမှုတွေ ကိုယ့်သဏ္ဍာန်မှာ
စုမိ ဆောင်းမိရှိလာပြီ ဆိုရင်
ချမ်းသာသုခကို ရစေတယ် …

အေး … ဒါကြောင့်
ချမ်းသာသုခကို
ကုသိုလ်တရားကပေးတယ် ဆိုတာ
မှတ်သားထားရမယ် …

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#တရားတော်များ
#အသိတရား
#ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ


ဂမုန်းနှင်းပန်း---------------------ဂမုန်းနှင်းပန်း၊ အပင်ဆန်းကို၊လန်းရွှင်ဝေဆာ၊ စိုက်ထားပါမူ၊ဥစ္စာငွေမျိုး၊ ဒီရေတိုးရှင်...
11/06/2026

ဂမုန်းနှင်းပန်း
---------------------

ဂမုန်းနှင်းပန်း၊ အပင်ဆန်းကို၊
လန်းရွှင်ဝေဆာ၊ စိုက်ထားပါမူ၊
ဥစ္စာငွေမျိုး၊ ဒီရေတိုးရှင့်၊
ပန်းမျိုးရွှင်စွာ၊ ပွင့်လာပါမူ၊
လာဘဓန၊ ကောင်းစွာရ၍
သုခ​ဖြာဖြာ၊ ကြီးပွားရာသည်၊
ကျမ်းလာစကား မှတ်ယုံတည်း။
(ဂမုန်းပျို့၊ ပိုဒ်ရေ - ၃၆)

ဂမုန်းကျမ်းတို့၏ အဆိုအရ ဂမုန်းနှင်းပန်း (ယခုအခေါ် နှင်းပန်း)သည် ဂမုန်းခတ္တာငယ်မျိုးတစ်ပါးဖြစ်၍ သိဒ္ဓိဝင်အပင်တစ်ပင်ဖြစ်သည်။ အပွင့်ပွင့်သောအခါ စိုက်သောအိမ်သည် လာဘ်ရွှင်လေ၏။ အဖြူမျိုးနှင့် အနီမျိုးဟူ၍ ၂မျိုးရှိ​လေသည်။ (ပုံ - အနီမျိုး)

မြန်မာ့စွယ်စုံကျမ်း အတွဲ - ၃အဆိုအရ
ဂမုန်းနှင်းပန်း = အရွက်သွယ်သည်။ ကြက်သွန်ပွင့်ကဲ့သို့ အဖြူပွင့် ပွင့်သည်။ အပွင့်ရိုးတန်ရှည်သည်။

စိုက်ပျိုးနည်းမှာ သန့်ရှင်းသောမြေတွင် ငွေဒင်္ဂါးပြား၁ပြားခံ၍ ရွှေရည်ငွေရည်လောင်းကာ သမ္ဗုဒ္ဓေ၉ခေါက်ရွတ်ပြီး စိုက်ရသည်။

ရှေးခေတ်ကာလက သိဒ္ဓိဝင် သိုက်ဝင်ဂမုန်းတစ်မျိုးဖြစ်သော်လည်း ယခုအခါမူ အိမ်စိုက်အလှပင်တစ်မျိုးအဖြစ် လူသိများ​​နေပြီဖြစ်သည်။

ကျမ်းကိုး 👇
ဂမုန်းပျို့ (လက်ရေးမူ)
ရတနာဂမုန်းကျမ်း
ဂမုန်းညွှန်း
မြန်မာ့စွယ်စုံကျမ်း အတွဲ - ၃

#ဂမုန်းအကြောင်းသိကောင်းစရာ
#ဂမုန်းအမျိုးမျိုး
#ဂမုန်းနှင်းပန်း
#သုတအဖြာဖြာ
#ဂန္ဓာရီပညာရပ်များ
#လက်ဝဲလက်ယာ


ที่อยู่

Bangkok
Bang Kapi
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝙏𝙖𝙠𝙖𝙪𝙣𝙜 Mind & Dhammaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์