16/05/2026
ထီထိုးရတာဝါသနာပါတဲ့ ထိုင်းရောက် ရွှေမြန်မာတို့အတွက်တကယ်ကို စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အခုလတ်တလောမှာ ထိုင်းနိုင်ငံရဲ့ စားသုံးသူအကာအကွယ်ပေးရေး ကော်မတီကနေ ထီဆုငွေတွေကို အရင်ကထက် အများကြီး ပိုတိုးပေးဖို့ အဆိုပြုချက်တစ်ခု တင်လိုက်ပြီဖြစ်လို့ပါပဲ။
ဒီအဆိုပြုချက်ထဲမှာ လူတိုင်း မျက်လုံးပြူးသွားစေမယ့် အချက်ကတော့ လက်ရှိမှာ ဘတ် ၆ သန်းဖြစ်တဲ့ ပထမဆုကို ဘတ် ၁၀ သန်း အထိ တိုးမြှင့်သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ထီအသေးဆုပေါက်တဲ့သူတွေအတွက်လည်း ဆုငွေတွေကို အခုလို ပြောင်းလဲဖို့ စီစဉ်ထားပါသေးတယ် -
နောက်ဆုံးဂဏန်း ၃ လုံးဆု: ဘတ် ၄,၀၀၀ ကနေ ဘတ် ၁၀,၀၀၀ အထိ။
နောက်ဆုံးဂဏန်း ၂ လုံးဆု: ဘတ် ၂,၀၀၀ ကနေ ဘတ် ၅,၀၀၀ အထိ။
ဘာကြောင့် အခုလို တိုးပေးဖို့ ကြံရွယ်တာလဲဆိုရင် ထိုင်းအစိုးရထီ ဆုငွေဖွဲ့စည်းပုံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပြောင်းလဲခြင်း မရှိတော့တာကြောင့် ဖြစ်ပါတယ်။
ကော်မတီရဲ့ အဆိုအရ "ထီဌာနဟာ နှစ်စဉ် အမြတ်ငွေ အမြောက်အမြား ရနေတာကြောင့် ဒီအမြတ်တွေကို ပြည်သူတွေဆီ ဆုငွေအဖြစ် ပြန်ခွဲဝေပေးတာက ပိုပြီး တရားမျှတမှု ရှိစေမယ်" လို့ သိရပါတယ်။
ဒါ့အပြင် အစိုးရထီ ဆုငွေတွေ တိုးပေးလိုက်ခြင်းအားဖြင့် ပြင်ပက နှစ်လုံး၊သုံးလုံးထီထိုးတဲ့ ပြဿနာကိုလည်း လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါတင်မကသေးဘဲ ရလာတဲ့ အမြတ်ငွေတွေထဲကနေ နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ နေ့လယ်စာ စရိတ်တွေကိုပါ ပိုပြီး ထောက်ပံ့ပေးသွားမှာပါ။
ဒီအစီအစဉ်ဟာ လက်ရှိမှာတော့ အဆိုပြုချက်အဆင့်ပဲ ရှိပါသေးတယ်။ လာမည့် မေလ ၂၁ ရက်နေ့မှာ ထီဌာန ညွှန်ကြားရေးမှူးနဲ့ ကော်မတီတို့ တွေ့ဆုံဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်။ အကယ်၍သာ အတည်ဖြစ်သွားရင်တော့ ထီဝါသနာရှင်တွေအတွက် ကံစမ်းရကျိုး ပိုနပ်တော့မှာ အသေအချာပါပဲ။
မိမိတို့ရဲ့ ထီကံကို အရင်ကထက် ပိုပြီး ယုံကြည်ချက်ရှိရှိ စမ်းကြည့်ဖို့ ပြင်ဆင်ထားကြတော့နော်!