07/14/2025
ကမ္ဘာ့အသက်အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်တဲ့ ဝမ်းတွင်းမြို့နယ်က ၁၂၇ နှစ်အရွယ် အဘိုးဦးသာထောင်
အားလုံးပဲ မင်္ဂလာပါ။ Fact Entertainment page ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီနေ့ခေတ်မှာ အသက် ၁၀၀ အထိ အသက်ရှည်ရှည်နေနိုင်တဲ့ အဘိုးအဘွားတွေက ရှားပါးသွားပြီဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာ အသက် ၁၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘိုးတစ်ယောက်ရှိနေပါတယ်။ ဒီအဘိုးကတော့ ဦးသာထောင်လို့ခေါ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ လူးခင်းအုပ်စု၊ ပျားစွဲအနောက်စံပြကျေးရွာမှာ နေထိုင်ပါတယ်။
အဘိုးဦးသာထောင်ကို မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ ခရစ်နှစ် ၁၈၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အဘိုးရဲ့ မွေးဖွားစာရင်း၊ အိမ်ထောင်စုဇယား အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိပါတယ်။ အဘိုးက အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်အပြင် ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ဖူးတဲ့ ရှေ့မီနောက်မီလူကြီးတစ်ယောက်ဖြစ်ပါတယ်။
အဘိုးနဲ့ရွယ်တူတွေကတော့ ဆုံးပါးသွားပြီဖြစ်ပေမယ့်လည်း အဘိုးကတော့ အခုအချိန်အထိ အသက်ရှည်ကျန်းမာနေတာပါ။ သားသမီး ၈ယောက်၊ မြေး ၅၁ ယောက်၊ မြစ် ၇၆ ယောက်၊ တီ ၈ယောက်ရှိပြီး အသက် ၁၂၇ နှစ်လို့ မထင်ရလောက်အောင် ကျန်းမာနုပျိုတဲ့သူပါ။ အသက် ၉၀ ခန့်လောက်သာ ထင်ရလောက်အောင် အရွယ်မကျသွားတဲ့အပြင် သွားနိုင်လာနိုင်ဆဲဖြစ်ပါတယ်။ အဘိုးက ရွာမှာပဲ နေထိုင်တာဖြစ်ပြီး ကွီးနေထူးနိုင်က ဇာတ်လမ်းတွဲရိုက်ရင်းနဲ့ အဘိုးတို့ရှိတဲ့ရွာအကြောင်းကို သိသွားပါတယ်။ ကူညီတတ်တဲ့ ကွီးနေထူးနိုင်က အဘိုးထံကို သွားကန်တော့မှာဖြစ်ပြီး ဦးသာထောင်ကို ဂင်းနစ်စံချိန်ဝင်အောင် ကူညီပေးချင်နေပါတယ်။
လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ကတော့ အသက် ၁၂၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံက အဘိုးဦးသာထောင်ကတော့ ၁၂၇ နှစ်အရွယ်ရှိတာကြောင့် ၅နှစ်ပိုပြီးတော့ အသက်ကြီးပါတယ်။ ဒါပေမယ့် ရွာမှာပဲ နေထိုင်တာဖြစ်လို့ အဘိုးရဲ့အကြောင်းကို လူသိနည်းနေကြပါတယ်။
အဘိုးက ခေတ်မျိုးစုံကို ဖြတ်သန်းလာခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံလည်းများတဲ့သူပါ။
ဒီအသက်အရွယ်အထိ အသက်ရှည်ရှည်နေနိုင်တာကို အချို့တွေက မယုံကြည်ကြပေမယ့်လည်း အဘိုးရဲ့မွေးဖွားစရင်းကို မြင်ရင်တော့ ယုံကြည်သွားကြပါတယ်။ မြ့န်မာနိုင်ငံမှာ အသက်အကြီးဆုံးစာရင်းဝင်ထားတဲ့သူကတော့ အသက် ၁၂၄ နှစ်အရွယ်အဘွားတစ်ယောက်ဖြစ်ပြီး အဘိုးဦးသာထောင်အကြောင်းကိုတော့ ဘယ်သူကမှ မသိခဲ့ကြပါဘူး။
အဘိုးမှာ အထောက်အထားခိုင်ခိုင်မာမာရှိတာကြောင့် ဂင်းနစ်မှတ်တမ်းဝင်စေချင်နေကြပြီး သက်ရှိထင်ရှားရှိတဲ့အချိန်မှာ အဘိုးကို ကမ္ဘာကျော်သွားစေချင်ကြပါတယ်။ အဘိုးဦးသာထောင်သာ ဂင်းနစ်စံချိန်ကို ဝင်ခဲ့ရင်တော့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတော့မှာပါ။
အဘိုးတို့ရဲ့ဆွေမျိုးတွေကလည်း အသက်ရှည်ကြပြီး အဘိုးရဲ့သားဖြစ်သူကလည်း အသက် ၉၀ ကျော်သွားပါပြီ။ လွန်ခဲ့တဲ့နှစ်မှာ အဘိုးရဲ့ ၁၂၆ နှစ်ပြည့်မွေးနေ့အဖြစ် သားသမီးမြေးမြစ်တွေက ကျင်းပပေးခဲ့ပါသေးတယ်။
သားသမီးတွေကလည်း လိမ္မာတာကြောင့် အဘိုးဦးသာထောင်နဲ့အတူ ကုသိုလ်ကောင်းမှုတွေကိုလည်း လုပ်ပေးကြပါတယ်။ ခေတ်အဆက်ဆက်နဲ့ ရောဂါကပ်ဆိုးအဆက်ဆက်ကို အဘိုးက ကျော်ဖြတ်လာနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ အသက်ရှည်နေတာကလည်း ကုသိုလ်ထူးကြောင့်ဖြစ်ပါတယ်။
ဒီခေတ်မှာ ရောဂါမျိုးစုံနဲ့ အခြားသောအကြောင်းအရာတွေကြောင့် သက်တမ်းစေ့အောင် မနေလိုက်ရတဲ့သူတွေရှိနေပေမယ့်လည်း အဘိုးဦးသာထောင်ကတော့ ကျန်းကျန်းမာမာ ရှိနေပါတယ်။ ဒီလိုအသက်ရှည်တဲ့အဘိုးက မြန်မာနိုင်ငံမှာ နောက်ထပ်တစ်ယောက်ပေါ်လာဖို့ကလည်း မလွယ်ကူတော့ပါဘူး။ အဘိုးဦးသာထောင်နဲ့အတူ အခြားသောအဘိုးအဘွားတွေလည်း အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။