30/06/2023
စပါးအထွက်တိုးဖို့ "ဝါ"သုံး"ဝါ"မဖြစ်အောင် ဂရုစိုက်ပါ
စပါးပင်သက်တမ်းတစ်လျှောက်မှာ စပါးပင်အရွက် "ဝါ" လို့ မရတဲ့ အဆင့်သုံးခုရှိပါတယ်။
ပထမ "ဝါ" တာကတော့ အပင်ပွားနေတဲ့အချိန် (အပင်ကြီးထွားဆင့်) မှာ အရွက်မ "ဝါ" စေရဘူး။ ဒုတိယ "ဝါ"က တော့ မှိုကပ်ချိန် (အနှံသန္ဓေတည်ဆင့်) မှာ မ"ဝါ" စေရဘူး။ တတိယ "ဝါ" ကတော့ နို့ရည်တည်ချိန် (ရင့်မှည့်ဆင့်) မှာ မ "ဝါ"စေရဘူး ဖြစ်ပါတယ်။ ဒီအဆင့်တွေမှာအရွက်တွေဝါရင် အထွက်ကျမှာ မလွဲဧကန်ပါပဲ။
အပင်ပွားချိန်မှာ အရွက်တွေဝါနေရင် အပင်ပွားမှုနည်းမယ်။ အပင်ကြီးထွားမှု တန့်နေမယ်။ အပင်ပွားနည်းရင် တစ်ဧကမှာရှိရမယ့် ကြဲခင်းအောင်နှံ ၁၅-၁၆ သိန်း ၊စိုက်ခင်းအောင်နှံ ၁၀ သိန်း ပြည့်ပြည့်ဝဝ မရတော့ဘူးပေါ့။ အဲဒီကတည်းက စပါး
ထွက်က ကျနေပြီပေါ့ဗျာ။ တစ်နှံမှာ အောင်စေ့ ၁ဝဝ၊ တစ်ဧကမှာ အောင်နှံ ၁၀ သိန်း၊ တင်း ၁ဝဝ ထွက်မယ့်ကိန်းလို့ ဆိုရိုးရှိတယ်မဟုတ်လားဗျာ။
အဲဒီတော့ ဒီအဆင့်မှာ စပါးရွက်တွေရဲ့ အရောင်ဟာ ဓနိဖက်ရောင်လို စိမ်းမှောင်နေဖို့ မလိုပေမဲ့ မဝါအောင်ဂရုစိုက်ရမယ် ဒါမှ အစာချက်အားကောင်းမှာပေါ့ဗျာ။ ဒီလိုဖြစ်အောင် N.P.K အချိုးစားမျှတအောင် ဓာတ်မြေဩဇာ ကျွေးဖို့ လိုတာပေါ့။
နောက် ဒုတိယ "ဝါ" ကတော့ မှိုကပ်ချိန်မှာ မဝါစေရဘူးပေါ့ဗျာ။ မှိုကပ်ချိန်မှာ ဘာလို့မ "ဝါ" စေရမှာလဲ။ စပါးပင်ရဲ့ ဗိုက်ထဲမှာ သူ့သားဆက်အတွက် သန္ဓေလေး တည်နေပြီလေဗျာ။
ဒီသန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးပြီးဖူးကားနေတဲ့အနှံကြီး ဖြစ်လာဖို့အတွက် အစာအာဟာရအလိုအပ်ဆုံး အချိန်ပေါ့ဗျာ။လူကိုယ်ဝန်ဆောင် မိခင်တွေအထဲက ကလေးကျန်းမာရေးအတွက် အားဆေးဖြစ်တဲ့ ဖြူရာမင်ဘီစီတို့၊ အိုဘီမင်တို့၊ နို့တို့၊ကြက်ဥတို့၊ အသားတို့ စားပေးရသလိုပေါ့ဗျာ။
စပါးပင်ရဲ့ သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးပြီး ဖောင်းကားကြီးမားတဲ့ အနှံထွက် လာဖို့အတွက် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရဓာတ်နဲ့ အရွက်ရဲ့ အစိမ်းရောင်က နေရောင်ခြည်နဲ့ချက်လုပ်တဲ့ ကာဗိုဟိုက်ဒရိတ်အစားများရဲ့ ၆၅ ရာခိုင်နှုန်းကို အနှံသန္ဓေ ကြီးထွားမှုအတွက် အသုံးချတယ်ဗျာ။ ဒီချိန်မှာ အရွက်ကဝါနေမယ်။ အစာကောင်းကောင်းမချက်လုပ်နိုင်ဘူးဆိုရင် သန္ဓေသားလေး အာဟာရချို့တဲ့ပြီး အနှံလည်း မကြီးထွား၊ အစေ့လည်းမများ၊ အောင်စေ့လည်းနည်းသွားသပေါ့ဗျာ။ ဒါကြောင့် အစာချက်လုပ်အားကောင်းအောင် ဒီအချိန် အရွက်တွေစိမ်းစိုကျန်းမာနေ အောင် အထူးဂရုစိုက်ဖို့ လိုတာပေါ့ဗျာ။
နောက် တတိယ "ဝါ" ကတော့ နို့ရည်တည်ချိန် (ရင့်မှည့်ကာလ) မှာ စပါးရွက်တွေ မဝါ စေရဘူးပေါ့ဗျာ။ နို့ရည်တည်တယ်ဆိုတာ သန္ဓေသားလေး အဆင့်ဆင့်ကြီးထွားပြီး အနှံအဖြစ် အပြင်ထွက်လာတယ်။ (ကလေးမွေးပြီပေါ့ဗျာ)
အနှံစုံရင် စပါးစေ့လေးတွေဟာ နံနက် ၈ နာရီကနေ ၁၁ နာရီကြားမှာ ပန်းပွင့်ပြီး သန္ဓေအောင်တယ်။ ပန်းပွင့်သန္ဓေအောင်ပြီးတာနဲ့ စပါးခွံနှစ်ခြမ်းဟာ ပြန်ပိတ်သွားတယ်။ အဲဒီစပါးခွံထဲမှာ စပါးစေ့ဟာ အဆင့်ဆင့်ဖြစ်တည်တယ်ဗျာ။ အစာဖြည့်တင်းတာပေါ့။ ပထမနို့ရည်ကျဲကျဲ၊ တဖြည်းဖြည်းနို့ရည်ပျစ်၊ နို့ရည်ခဲ၊နောက် နို့ရည်မာ၊ နောက်ဆုံး ဆန်သားဖြစ်လာတာပေါ့။ နို့ရည်ကျဲကနေ ဆန်သားဖြစ်တဲ့ထိ သုံးပတ်ခန့်ကြာတယ်ဗျ။
ဒီအချိန်မှာစပါးခွံထဲက ဆန်သားလေး ပြည့်ပြည့်ဖြိုးဖြိုးအောင်မြင်တဲ့အစေ့ ဖြစ်လာဖို့ အစာအများဆုံး အသုံးချတာပေါ့ဗျာ။ ဘယ်ကအစာကို အသုံးချတာလဲ၊ အမြစ်က စုပ်ယူတဲ့အာဟာရ၊ အရွက်အစိမ်းရောင်နဲ့ နေရောင်ခြည်နဲ့ချက်လုပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ၆၅ရာခိုင်နှုန်း အသုံးချသဗျ။ ဆန်သားလေးဖြစ်တည်ဖို့အတွက် လိုအပ်တဲ့အစာအာဟာရကို ချက်လုပ်ပေးဖို့ တာဝန်ရှိနေတဲ့ စပါးရွက်တွေက "ဝါ" နေမယ်ဆိုရင် ဆန်သားလေး အစာအာဟာရငတ်ပြီပေါ့ဗျာ။ အစာ
အာဟာရငတ်တော့ အဆံမအောင်၊ အဆံချောင်၊ အဖျင်းများ၊ အထွက်ကလည်း လျှောခနဲ သွားပြီပေါ့ဗျာ။
ဒီအချိန်မှာ အရွက်တွေ စိမ်းမှောင် နေဖို့မလိုပေမဲ့
မဝါအောင် အပင်ကျန်းမာနေဖို့ လိုအပ်ပါတယ်.
N.P.K အချိုးစားမျှတတဲ့ ဓာတ်မြေဩဇာကျွေး၊
ဒါမှမဟုတ် ရွက်ဖျန်းမြေဩဇာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖျန်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်...
Ph 09440469227(viber)သို့
ဆက်သွယ်မှာယူ နိုင်ပါတယ်။