29/10/2022
#ဖားကန့်
======
#ဒေါက်တာနေဝင်း
(၁)
ဥရုချောင်းဟာ
အချစ်တွေ အချစ်တွေ နဲ့
ဖားကန့်ကို
ရစ်ခွေ ရစ်ခွေ စီးနေခဲ့တာ
နှစ်တွေ နှစ်တွေ ထောင်သောင်းချီ …။
ဘုရားသခင်
မေတ္တာကြီးလွန်းလှရဲ့
ဥရုချောင်း နဲ့ ဖားကန့်ကို
တံပိုးတင်တော်မူခဲ့တယ် …။
သူတို့ချစ်ခြင်း
လူ့ကြောင့် မကွေကွင်းစေပြီ။
ဥရုချောင်း နဲ့ ဖားကန့်ဆိုတာ
ဒီမြေကမ္ဘာက
ဘုရားသခင်ရဲ့ မင်္ဂလာ။
ချစ်ခြင်းဟာ
မြဲသင့်ရဲ့ ။
ချစ်ခင်သူတို့အဖို့
ဘုရားဆုနဲ့ ပြည့်သင့်ရဲ့။
ဒါပေမဲ့
နတ်ဆိုးဟာ
ကျောက်စိမ်းကို ဖန်ဆင်း
မိုက်ဇာတ်တစ်ခု ခင်းခဲ့တယ်။
ကျောက်စိမ်းဟာ
တိတ်ဆိတ်စွာ
အညှာအတာမဲ့စွာ
လျှို့ဝှက်ခမ်းနားစွာ
ဖားကန့်ကို ရောက်လာခဲ့ပါတယ်။
သူရောက်လာတဲ့ ညနေခင်း
တိမ်တွေ သွေးရောင်လင်းသတဲ့။
သူရောက်တဲ့ည
ငှက်စုန်း အုပ်လိုက်ကျသတဲ့။
ကျောက်စိမ်းဟာ
ဖားကန့်ဆီ
အရောက်လာခဲ့ပါတော့တယ်။
(၂)
ကျောက်စိမ်းဟာ
ဥရုချောင်းကို ရန်ရှာတယ်။
အဖန်ဖန် အခါခါ
ရန်ရှာတယ်။
ချောင်းဟာ ချောင်းအဖြစ်
မကြည်နိုင် မလဲ့နိုင်
နောက်ကျိမှိုင်တွေချ ။
မနက်ဖြန်မှာ
ချောင်းဟာ ချောင်းအဖြစ်
ဘယ်လိုစီးရမယ်မသိ
မျက်စေ့ သူငယ်နဲ့ပေါ့ ။
ကျောက်စိမ်းဟာ
ချောင်းရဲ့လည်မြိုကို နင်း
တံတား ခင်းပစ်လိုက်တယ် …။
ဟိုးတောင်ဆီက
မိုးတွေညို့လာပြီဆို
ချောင်းဟာ ငိုတယ်။
ချောင်းတန်မဲ့
သူ့ရင်ကြီး တီး,တီးပြီး ငိုတယ်။
မျက်ရည်တွေလျှံ
ပေါင်းလန်အောင် ငိုတယ်။
လောပန်းစစ်ရင်
ဘက်ဟိုးညွှန်ရာ ရေဖြစ်သတဲ့။
ချောင်းဟာ
လောပန်းလက်မှာ
နန်းကြိုးလေးတစ်ချောင်းပမာ ပုံသွင်း
ချောင်းမပီအောင် စီးဆင်းခဲ့ရပါတယ်။
ဥရုချောင်းခမျှာ
ဘုရား နားညောင်းအောင်
ဘယ်လိုပင် ဆုတောင်းသော်မရ
ချောင်းဘဝ ပျက်ခဲ့ရပေါ့။
ဥရုချောင်းလေ
အချစ်တွေ အချစ်တွေ နဲ့
ရစ်ခွေ ရစ်ခွေ စီးမယ်ပေါ့ ။
အခုတော့
ကျောက်စိမ်းကစားတဲ့
ယန္တယားခြေရင်း
ခြေဆင်းကျောကော့
( ဖားကန့်ရေ…)
နှမလက်လျှော့နေလေတော့ …တဲ့ ။
(၃)
ကျောက်စိမ်းဟာ
ဘိန်းစားနက္ခတ်နဲ့ယှဉ်ဖွားပြီး
အကုသိုလ် "မှော်ဆရာ" တစ်ပါးဖြစ်တယ်။
အဲတော့
ကျောက်စိမ်းက
သွေးဆာတယ် … ငွေဆာတယ်
ဒုစရိုက်ဆာတယ်… ရက်စက်မှုဆာတယ်
မကောင်းတာမှန်သမျှ
ဆာတယ်…။
ဆာတော့ ရှာတယ် …။
အစ, မှာ သံတူရွင်းနဲ့
အကုသိုလ်ကျင်းတူးပြီး
လောပန်းလောင်းသီချင်း နဲ့ ရှာတယ်။
ဖားကန့်ခမျာ
တူရွင်းသံ တညံညံ
သေနတ်သံ တဂျိမ်းဂျိမ်း
ဘိန်းခန်းတွေ ဟိန်း
သွေးအလိမ်းလိမ်း ပေါ့။
မှော်အောင်တဲ့ ကျောက်စိမ်းဟာ
ကမ္ဘာပါတ်ပြီး ကြွားတယ်
အတုမရှိတဲ့
သူ့အကုသိုလ်ဥပဓိကြောင့်
ကျောက်စိမ်းဟာ
ကမ္ဘာကို ညှို့ဖြား
ဖားကန့်သားကို စားကြမယ် … တဲ့။
(၄)
အချိန်တန် "ယင်းထ" တော့
ဒင်းက
ဖားကန့်ဆီ ပြန်လာတယ်။
ဒီတစ်ခေါက် ပြန်အလာ
ဒီမိုကရေစီပါတယ်
ခရိုနီပါတယ် …ဘဏ်ပါတယ်
ဘောက်ဆာပါတယ်…ယမ်းပါတယ်
ကေတီဗွီ နဲ့ မာဆတ် ပါတယ် …ဆေးပြားပါတယ်
အဲ …
ယန္တယားကြီးတွေ နဲ့
တာကောကြီးလည်း ပါသတဲ့ ။
ကျောက်စိမ်းဟာ
မနက်ဖြန်ဆို ဘယ်တောင်ကိုဖြိုရမလဲ
ဒါပဲ စဉ်းစားသတဲ့ ။
လုပ်ကွက် လုပ်ကွက် ဆိုပြီး
လုပ်ရက်လိုက်ပုံများ
တောင်"ကြီး" ကားအောက်
နေ့မြင်ညပျောက်
ကြောက်စရာပေါ့။
တကယ်တော့
ငွေ နဲ့ အာဏာ ခတ်တဲ့ကြား
ဖားကန့်ဟာ
မြေစာပုံ ဖြစ်ခဲ့ရတာပါ။
ကျောက်စိမ်းဟာ
ကြမ်းကြုတ်မှုမှန်သမျှ
ဖာဆွယ်သလိုဆွယ်ပြီး
ဖားကန့်ဆီ
အရောက်သယ်ခဲ့တယ်။
ငြိမ်းချမ်းရေးကို မကြိုက်ဘူး
စစ် နဲ့ ပလူးတယ်။
ဥ ပ ဒေ စိုးမိုးဖို့
တရားကို သေနတ်မိုးထားတယ်။
ကျောက်စိမ်းဟာ
လာဘ်ရွှင်ဖို့
လာဘ်ပေး လာဘ်ယူလုပ်တယ်။
အခွန်ရှောင်ဖို့
အခွန်ကို အခွံနဲ့ ဆောင်တယ်။
ရင်းနှီးမြှုတ်နှံမှု အတွက်
ရင်းနှီးတဲ့သူတွေကို မြှုတ်နှံပေးခဲ့တယ်။
ဖက်စပ်အကျိုးတူဖို့
အကျိုးတူတဲ့သူတွေချည်း
ဖက်စပ်ပေးခဲ့တယ်။
ကျောက်စိမ်းဟာ
ကျောက်ကိုမုန်း၍ စိမ်းခဲ့သည်…ဆိုတာမျိုး
ပလီပလာအချိုးတွေနဲ့
ဖားကန့်အသားကိုလှီး
နန့်စီဖိန်း အရက်နဲ့မြည်းတယ်။
နိုင်ငံတော်ကြီး … နိုင်ငံတော်ကြီး လို့အော်ပြီး
အဲ့ဒီနိုင်ငံတော်ကြီးကို
ကျောက်စိမ်း ဆိုတဲ့ကောင်က
နားလှည့်ပြီး ပါးရိုက်ခဲ့တာပေါ့ ။
အခုတော့
ဖားကန့်ဆိုတာ
ခွေးအ,တွေ ဝိုင်းဆွဲခံရတဲ့
အသားတစ် တစ်တုံးမျှသာ ဖြစ်ခဲ့ရ
ဘုရားသခင်ကိုသာ
အားနာနေမိတော့တယ်။
ကျောက်စိမ်းက
လူမွေးတယ်
အဲ့ဒီလူတွေကို
"လူ" လို့မခေါ်ပဲ "ရေမဆေး" လို့ခေါ်တယ်။
ရေမဆေးတွေဟာ
ဘယ်တော့မှ ရေမဆေးတဲ့ လောဘတွေနဲ့
တောက်ပ နေတော့တယ်။
သူတို့ဘဝက ကြမ်းပြီး
နေစရာက ကြုပ် တော့
သူတို့ဟာ အမြဲ "ကြမ်းကြုတ်" နေကြရ။
ကျောက်စိမ်းနာ ရနေတဲ့
ဖားကန့်မှာ
ရေမဆေးလောက်တွေ တဖွားဖွားကျ
လွှတ်လှနေခဲ့တယ်။
ကျောက်စိမ်းဟာ
ရေမဆေးတွေကို
ဒီနေ့ "ငါ" မတူးရင်
မနက်ဖြန်မင်းတို့ သေမယ် … " လို့
မိန့်ခွန်းတွေ ချွေတယ်။
မိန့်ခွန်းအဆုံးမှာ
ရေမဆေးတွေက
"တူးပါဗျို့ … တူးပါဗျို့
ကုန်အောင်တူးပါဗျို့ …" လို့
မြေစာပုံအောက်ကနေ ကြွေးကြော်ကြတယ်။
ကြွေးကြော်သံတွေ
ကြွေးကြော်သံတွေ …ကြောင့်
ကျောက်စိမ်းဟာ
မြေစာပုံကြီးကို ဖြိုချပစ်တယ်။
ရေမဆေးတွေကတော့
မြေစာပုံအောက်မှာ သေရင်
သေပြီးနောက်မှာ
"ကျောက်စိမ်း" ဖြစ်လာမယ်လို့ ယုံသတဲ့။
ဒီလိုနဲ့
ဖားကန့်ဆိုတာ
လူတွေအတွက်တော့
(သေတဲ့အထိ)
ကျောက်မြင်သမျှ စိမ်းနေသတဲ့။
(၅)
အို
ချစ်လှစွာသော ဘုရားသခင်
အရှင့် တံပိုးကား
လူတို့ ချိုးကြလေပြီ ။
မာန်နတ်ကား
ကျောက်စိမ်းအားဖြင့်
လူကို ယစ်မူးစေလျက်
ဖားကန့်ကိုဖျက်
လုပ်ရက်ကြလေပြီ ။
အနာဂါတ်အဖို့ငှာ ရှိသော
ကိုယ်တော့် အစီအမံကို ယုံကြည်ပါ၏။
ကျောက်စိမ်းသည်
ဥရုချောင်းဖျား
ဖားကန့်နားမှ ကွယ်ပျောက်ပါစေသား။ ။
#နေဝင်း
Credit: Thaung Nyan