01/06/2023
“ဒိုင်ယာရီမှ စာမျက်နှာများ” (2)
(မှတ်ချက် ။ ။ ဝတ္ထုတို ဖြစ်ပါသည်)
*****
တစ်နေ့သ၌ ကျွန်ုပ်သည် လုပ်ငန်းခွင်ဟူသည့် ခေါင်းစားဖွယ်နေရာကြီးသို့ မသွားခင် Gym ဝင်ရင်း အလေးမကာ ဟာကျူလီဆန်သော မိမိ၏ ဗလများကို ကြည့်လျက် ကျေနပ်ပီတိဖြာနေရင်းမှ အလုပ်ကိစ္စများခေါင်းထဲသို့ မဖိတ်ခေါ်ဘဲရောက်လာလေတော့သည်။ ထိုမှတစ်ဆင့် မွဲပြာပုဆိုးနှယ် အဖန်တရာထပ်နေသော မိမိ၏ ဘဝနေ့ရက်များအကြောင်းကို ပျင်းရိ ငြီးငွေ့စွာတွေးမိလေတော့သတည်း။
ယခု အလေးမနေသည်၊ မကြာခင် ခြေထောက်လေ့ကျင့်ခန်း၊ နောက်ကျောလေ့ကျင့်ခန်း ပြီးပါက အဝတ်လဲပြီး ရုံးသို့သွားမည်၊ ရုံးရောက်လျှင် မတွေ့ချင်မှအဆုံး မျက်နှာကြီးများကို ပြီတီတီ လုပ်ပြရဦးမည်၊ ပြီးလျှင် အင်မတိအင်မတန်မှ ချေးများလှသော ကလီးယန့် (ဝါ) ဖောက်သည် များကို စိတ်ထဲမှ ကျိတ်ဆဲကာ လက်တွေ့တွင်တော့ အဆင်မချောမချင်း ကောင်းမွန်အောင်ပြုလုပ်ပေးရဦးမည်။ နေ့လည်စာအနေနှင့်ကျတော့လည်း ရုံးအောက်တွင်ဖွင့်ထားသော ဒေါ်မိုး ထမင်းဆိုင်တွင် ဖန်တရာထေနေသော ဟင်းများကို အလှည့်ကျ စားရဦးမည်။ မစားချင် သဖြင့် အခြားသွားရအောင်လည်း မန္တလေး နေအပူနှင့် ဆိုင်ကယ်နှင့် အပြင်သို့တကူးတကသွားရမှာ ပျင်းဖွယ်ကောင်းလှသည်။ ညနေကျလျှင်လည်း ….။
အင်း ဖန်တရာထေသည့်ထဲ ညနေခင်းတော့ မပါ၊ ယနေ့သည် တနင်္လာနေ့ဖြစ်သဖြင့် TGIM ( Thanks god, it’s Monday) အထိန်းအမှတ်ဖြင့် ရုံးပြန်တက်ပွဲအထိန်းအမှတ် ရုံးမှ လူမော်၊ ကျော်စွာထွန်း၊ မြတ်မင်းခန့် တို့နှင့် သောက်ရဦးမည်တကား။
*****
ဘာလိုလိုနှင့်ရုံးသို့ ခပ်စောစောရောက်ချေပြီ။ ပြက္ခဒိန်ကိုကြည့်တော့ (11.6.2018)။ မနေ့က Project ကိစ္စ ဆက်လုပ်ရန် အဖွဲ့မှရောက်နှင့်သူနှင့် တိုင်ပင်ရသည်။
“သီရိ ရေ မနေ့က Project အတွက် data စုထားတာ အချက်အလက်ပြည့်စုံပြီလား၊ ကျန်တဲ့သူတွေရော”
“ကျန်တဲ့သူတွေတော့ မရောက်သေးဘူး ကိုအောင်၊ ကျွန်တော်လည်း data စုထားတာ 30% ပဲပြီးသေးတယ်။”
“နည်းလှချည်လား၊ ဘယ်လိုဖြစ်တာလဲ”
“ကျွန်တော် သိပ်နေမကောင်းလို့ ကိုအောင်၊ လိုတာတွေကို ဒီနေ့အပြီးလုပ်ပေးပါ့မယ်”
နေမကောင်းဘူးဟုပြောမှ ကျွန်ုပ်လည်း သူ့မျက်နှာကို သေချာကြည့်မိသည်။ သင်းပုံက နေမကောင်းသည်ထက် စိတ်မကောင်းသည်က ပိုများနေသည့်ပုံဟု ယူဆမိသည်နှင့် အနည်းငယ် ကလိလိုက်သည်။
“မယ်သီရိရာ နေမကောင်းတာဟုတ်ရဲ့လား၊ စိတ်မကောင်းတာဖြစ်နေပါဦးမယ်။ မှန်မှန်ပြော ရည်းစားနဲ့ ပြတ်သွားပြီမလား”
ကျွန်ုပ်စလိုက်သည့်အခါ ယခင်ကဲ့သို့ ကတ်ကတ်လန် ပြန်ရန်တွေ့မည့်အစား ကြေကွဲမျက်လုံးကြီးနှင့် ကျွန်ုပ်အား ယခုကဲ့သို့ ပြန်မေးချေသည်။
“ကိုအောင်က ဘယ်လိုလုပ်သိတာလဲ”
ကျွန်ုပ်သည် ခေသူမဟုတ်၊ ချော်လဲရောထိုင် သိုင်းပညာကို ဝူတန်ဂိုဏ်းတွင် ၃နှစ် သင်ယူလာခဲ့ပြီးဖြစ်ရာ
“ပညာရှိတို့မည်သည် တွေးကြည့်လိုက်မယ်ဆိုရင်ဖြင့် တွေးကြည့်စရာမလိုပေဘူး ငါ့နှမရဲ့ ညည်းပုံစံက သိသာနေတာပဲဟာ”
“ကိုအောင်ပြောမှ ကျွန်ုတော်တောင် ရှက်လာပြီ၊ ကြည့်ရတာ ဒီနေ့ ခွင့်ယူရင်တောင် ကောင်းမလားမသိဘူး”
“အာ မလိုအပ်ဘဲယူမနေပါနဲ့၊ စောစောကလည်း ငါလျှောက်ပြောတာပါဟ ရွှီးလိုက်တာမှန်သွားတာ၊ နောက်ပြီး နင် အစားရော ပုံမှန်စားရဲ့လား မနက်စာ စားမယ့်ပုံမပေါ်ဘူး”
“ဟုတ်ပါ့။ ကျွန်တော်လည်း စားချင်စိတ်မရှိလို့ဘာမှ စားမလာခဲ့ဘူး။”
“ဟ အဲ့လိုလုပ်လို့တော့ဖြစ်မလား၊ နင် ဆိုင်ကယ်မောင်းမယ်ဆိုလည်း ဆီထည့်ရတာပဲ၊ နင် ကွန်ပျူတာတွေ၊ ဖုန်းတွေ သုံးမယ်ဆိုလည်း လျှပ်စစ်ဓာတ်အားတစ်ခုခု လိုတာပဲ ဒါတွေမရှိရင် အဲ့ပစ္စည်းတွေက ထိုးရပ်သွားမှာပဲ။ လူ့ခန္ဓာကိုယ်ဆိုတာလည်း ဒီတိုင်းပဲ ငါ့ညီမရ။ ခိုင်းတုန်းက ခိုင်းပြီး Energy တော့ ကျွေးပေးမှပေါ့ဟ”
“ကိုအောင်ပြောတာလည်းဟုတ်ပါတယ်”
“အေး ငါလည်းမစားရသေးဘူး။ အခုကလည်း အစောကြီးရှိသေးတယ်။ မနက်စာ သွားစားမယ်။ လိုက်မလား။”
“ကျေးဇူးပါ။ ဒီနေ့ ကျွန်တော် ဒကာခံပါရစေ။”
“မင်္ဂလာရှိတာပေါ့ကွယ် အဟေး”
******
“ဆိုပါဦး ဘယ်လိုဖြစ်တာလဲ”
“ဟိုကောင် ကျွန်တော့် ရည်းစား အဲလေ အရင်ရည်းစားပေါ့၊ အသစ်တွေ့ပြီးပါသွားတယ်။ ကျွန်တော့်ကို ဖြတ်သွားတာ”
“ဟင် ဆိုးပါ့။ ဘာ့ကြောင့်လို့ပြောသွားသေးလဲ”
“သေချာတော့ အတိအကျ မပြောဘူးကိုအောင်။ သူပြောပုံအရတော့ ကျွန်တော်က ဝနေတာကို မနှစ်သက်တော့တဲ့ပုံပဲ”
“ဒါနဲ့ ညည်းက သူနဲ့ကြိုက်ပြီးမှ ဝတာလား စကြိုက်ကတည်းက ဝတာလား”
“သူ စကြိုက်ကတည်းက ဝနေတာကို အခုမှ အပြစ်ရှာပြီး ဟွန်း။ ယောက်ျားတွေများ ကောင်းကိုမကောင်းဘူး”
“ယောက်ျားတွေက ကောင်းပါတယ်ဟ။ နင့်လူပဲ မကောင်းတာ”
“ကန်တော့ ကန်တော့ ကိုအောင် ဟုတ်တယ်။ သူပဲ မကောင်းတာ”
“ကြားရတာလည်း မောင်ကျဘမ်း ပုံပြင်ထဲကလို ခုမှမမဲ နဂိုကမဲသည် ကွာသင့်မကွာသင့် ဆိုတာလိုဖြစ်နေပြီ”
“ဟုတ်ပါ့။ ဒါတွေက အကြောင်းပြချက်တွေပါပဲ။ ကျွန်တော်တော့ တကယ့်ကို ယောက်ျားတစ်ယောက်ရဲ့ သစ္စာမဲ့မှုတွေ၊ Body Shaming လုပ်ခံရတဲ့ ခံစားချက်တွေ၊ သိမ်ငယ်စိတ်တွေ အားလုံး ခံစားနေရတယ်”
“ကျန်တာက ဟုတ်တယ်ဟ သိမ်ငယ်စိတ်ကတော့ ဘာမှ ဖြစ်စရာမလိုဘူး။ ဒါတွေက ပြုပြင်ပြောင်းလဲလို့ရတဲ့ ကိစ္စတွေပါ။ ပြီးတော့ ကိုယ်နဲ့ မထိုက်တန်လို့ဂျောင်းတာ ဂျောင်းပါစေ လို့သဘောထား။ ငိုစရာရှိ အားရပါးရငို ထည့်လိုက်ပြီးရင် အဲ့ဒါတွေ ခေါင်းထဲ မထည့်နဲ့ ရှေ့ဆက် Move on. ဒါပဲ”
“ဟုတ်ပါတယ်။ ကျွန်တော်လည်း Strong ဖြစ်အောင်နေရမယ်။ စိတ်ထဲလည်း ဒေါသဖြစ်တာကလွဲလို့ ကျန်တဲ့ ဝမ်းနည်းစိတ်တွေတော့ သိပ်မရှိပါဘူး”
“မှန်တယ် ငါ့နှမ။ ကိုယ်က ရှုံးပြီးရင်း ရှုံးသူ မဖြစ်စေနဲ့။ ဝိတ်ချပစ်လိုက်။ ပြီးရင် ပြန်ချေမိုးပလိုက်”
“ဒါ အမှန်ပဲဗျာ။ ဒါဖြင့် ကိုအောင် ကျွန်တော့်ကို တစ်ခုလောက်ကူညီပါ့လား”
“ဆိုဗျာ”
“ကျွန်တော် ဝိတ်ချချင်လို့။ ကူညီပြီး Train ပေးပါဦးနော်။ ကိုအောင်ကလည်း မနှစ်ကဆို ဗိုက်နည်းနည်းပူတယ်လေ။ ခုဆို ဗိုက်မရှိတဲ့ အပြင် muscle တွေတောင်ရှိလာသေးတယ်။ တကယ်လက်တွေ့ ဝိတ်ချထားသူဆိုတော့ ကျွန်တော့်ကို ထိထိရောက်ရောက်ကူညီပေးနိုင်မယ်ထင်လို့ ဆရာတင်ပါတယ်ဗျာ။”
“အိမ်း ဒီကိစ္စက ပြောရတာ လွယ်သလောက် လက်တွေ့မှာတော့ ခက်တယ်ကွယ်။ ပြီးတော့ သူက ဖြစ်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ခုလုပ်လို့ ခုဖြစ်တာ မဟုတ်ဘူး။ နေ့ချင်းညချင်းမဖြစ်ဘူး။ ကိုယ်က ရက်နည်းနည်း အသားကုန်ကြိုးစားပြီးမှ ပင်ပန်းမှု ဒဏ်ကို မခံနိုင်လို့ လက်လျှော့သူတွေလည်းရှိတယ်။ ရက်နည်းနည်း ကြိုးစားပြီး ဘာမှလည်း မထူးပါဘူးဆိုပြီး နားပစ်လိုက်သူတွေလည်း ရှိတယ်။ ဒီတော့ ဒါက ရေရှည် ကြိုးစားမှု တစ်ခုဆိုတာကို သိပြီးသဘောပေါက်မှရမှာ”
“အဲ့လိုတော့ ရေရှည် ကြိုးစားမှာပါ။ ကျွန်တော် သေချာဆုံးဖြတ်ပြီးပါပြီ။ ကိုအောင်က လက်တွေ့ Transformation လုပ်လာတဲ့သူဆိုတော့ ကိုအောင့် guide line အတိုင်း တသွေ မတိမ်း လိုက်နာမှာပါ”
“အေးပါ။ အဲ့ဒီလို ဆန္ဒပြင်းပြရင်တော့ မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ ကတိပေးပြီး သေချာလုပ်မယ်ဆိုရင်တော့ ရပါတယ်ဟ။”
“ကျေးဇူးပါ။ ဒါဆို ဘယ်နေ့ စမလဲ”
“မနက်ဖြန်ပေါ့”
“ဟုတ်”
“ဒီနေ့အတွက်ကတော့ ညည်းစားချင်သမျှ အကြိုက်ဆုံး ဘာဂါ၊ မာလာရှမ်းကော၊ ကြေးအိုး၊ ကြက်ကင် စတာတွေ အကုန် ဝအောင်စားထား”
“အာ ဝိတ်ချပါမယ်ဆိုမှ အဲ့လောက် မစားချင်ပါဘူး”
“မဟုတ်ဘူး မနက်ဖြန်ကျရင် စပြီဆိုတော့ ဒီနေ့ နှုတ်ဆက် အထိန်းအမှတ်နဲ့၊ လူလည်းကျေနပ်အောင် အစုံသာ စားထား၊ နောက်ကျရင် အချိန်တော်တော်ကြာ စားရမှာမဟုတ်တော့ဘူး”
“ဟုတ်။ ဒါမျိုးဆိုလို့ကတော့ မငြင်းဘူး၊ ကိုယ့်ကိုကိုယ် ဆုချရမယ် ဟီး…။”
*****
ပထမ နှစ်ရက်လောက် တော့ မယ်သီရိတစ်ယောက် အတော် ဒဏ်ခံရသည်ဟု မြင်မိသည်။ Lady gym trainer က train သမျှကို အကုန်လိုက်လုပ်သည်။ လောဘကြီးနေလို့ လေ့ကျင့်ခန်းဆိုတာ တွန်းမလုပ်သင့်ကြောင်း၊ ဖြည်းဖြည်းမှန်မှန် သွားသင့်ကြောင်း တိုက်တွန်းရသည်။
“ကိုအောင် ကျွန်တော်တော့ ဒီနေ့တော်တော် ညောင်းပြီးနာနေပြီ ဒီနှုန်းတိုင်းသာဆိုရေရှည် တောင့်ခံနိုင်ပါ့မလားမသိဘူး”
“အေးအဲ့ဒါ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သူတိုင်း ကြုံရတဲ့ ကနဦး အခက်အခဲတွေပဲ။ တစ်ပတ်၊ ဆယ်ရက်လောက်ကတော့ ကြွက်သားက နာတယ်ဟ။ ဒါကို ကျော်လွှားနိုင်ရင် ကျော်လွှား။ မကျော်နိုင်တဲ့သူက ဇွဲလျှော့ပြီးကျန်ခဲ့တာပဲ။”
“ဒီတစ် ပတ်ဆယ်ရက်ပြီးရင်ကျတော့ ဆက်လုပ်လည်းမနာတော့ဘူးလား”
“ဟုတ်တယ် မနာတော့ဘူး။ အဲ့အခါက ကြွက်သားက ဒီလေ့ကျင့်ခန်းတွေနဲ့ အသားကျပြီး ပိုသန်မာလာပြီလို့ဆိုရမှာပေါ့”
“ဟာ အဲ့လိုသာ သိထားလို့ကတော့ ဒီကာလလေး သည်းခံပါတယ်ဗျာ”
“ပြီးတော့ အဆီတွေကို ရှောင်ဖို့ကလည်း ကိုအောင်ပြောသလို Diet Food စစ်စစ်တွေချည်းစားဖို့ကမလွယ်ဘူး။ အဲ့ဒါက သီးသန့်မှာရမှာ။ တစ်လစာဆိုရင် လခတစ်ဝက်ကျော်လောက် ပြောင်မှာကျတော့ မနိုင်ဘူးတော့။ ပတ်ဝန်းကျင်ကလည်း မြန်မာထမင်းဟင်းနဲ့ ရှမ်းခေါက်ဆွဲ၊ မုန့်တီ၊ မြီးရှည်၊ ဆီချက် ဒါတွေပဲလွယ်တာ။ ဒီတော့ ကိုအောင်ပြောသလို Suitable environment ဖြစ်မနေသလိုပဲ။”
“ဒါကတော့ အချိန်ရရင် ရသလို မနက်ဈေးဝယ်ပြီး ကိုယ်တိုင် စားမယ့် အစားအစာ အတွက် ကယ်လိုရီချက်ပြုတ် ပြုပြင်နိုင်တာကောင်းတယ်။ အစားအစာ တွေ အတွက် ကယ်လိုရီဇယားကို Viber ကနေ ပို့ပေးလိုက်မယ်။ ပြီးတော့ စောစောက သီရိ ပြောသလို တကူးတက ဈေးကြီးပေးမစားနိုင်ရင် ကိုယ့်ပတ်ဝန်းကျင်က ရှိတဲ့ထဲမှာ ဘယ်ဟာ က အဆီနည်းလဲ Menu ကဒါပဲရှိတယ်ဆိုလည်း အနည်းဆုံးကို ရွေးနိုင်ရတယ်။ ပြီးရင် သင့်တင့်တဲ့ ပမာဏ စားရတယ်။”
“မနက်စာ တစ်နပ်ကတော့ ထည့်မတွက်နဲ့ Gym လည်းစောစောသွားတာဆိုတော့ ကိုယ်စားချင်တာစား။ အဲ မြီးရှည်ကို ဝက်အဆီ အခေါက်နဲ့စားတာမျိုးတော့ ရှောင်ပေါ့။ ကျန်တာက ရနိုင်တာထဲက နေ ဝယ်ရတယ်။ ဥပမာ စွပ်ပြုတ်၊ နံပြားတို့ဆို ကယ်လိုရီသိပ်မတက်ဘူး။ အာဟာရရှိတယ်။ ပြီးတော့ မုန့်ပစ်သလက် တို့ဘာတို့ပေါ့။ ကျန်တဲ့နေ့လည်စာ၊ ညနေစာကျတော့ ကိုယ့်ပတ်ဝန်းကျင်ကနေ ရနိုင်တဲ့အစားအစာထဲက ပရိုတိန်း ဓာတ်ပါပြီး ကယ်လိုရီ အနည်းဆုံးတွေကို ရွေးစားရတယ်။ ဥပမာ ဆန်ပြုတ်တို့၊ ကြက်ပေါင်းစွတ်ပြုတ်တို့၊ ဆာဗူးသီး၊ ပင်လယ်စာသုပ်၊ ငါးကင်၊ စသဖြင့် ပေါ့။ နင်စားနိုင်တယ်ဆိုရင်တော့ ကြက်ဥပြုတ် အကာချည်းစားရင်လည်းစားပေါ့။ အဓိက က ဘာမှ မစားတာမဟုတ်ဘဲ စားနေကျကိုမှ ပိုကောင်းတဲ့ Life style အတွက် ပြောင်းလဲနေတယ်လို့ သဘောထားပြီး အစားအစာ ကိုအစားထိုးစားတာပါပဲ။ ကျန်တာ မဆန်းပါဘူး”
“ဒါဆိုရင်တော့ သိပ်မခက်ခဲပါဘူး။ လုပ်နိုင်ပါတယ်။ ညနေစာရော ရှောင်ရမလား”
“အမှန်ကတော့လေ ညနေစာ တစ်နပ်ကို ရှောင်တယ်ဆိုတာထက် တစ်နေ့တာ စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏက ကိုယ်သုံးလိုက်တာနဲ့ မျှနေဖို့ပဲ။ ကိုယ်သုံးတဲ့ ကယ်လိုရီထက်များတာ စားရင် အဆီပိုစုမယ်။ ကိုယ်သုံးတာထက် နည်းတဲ့ ပမာဏပဲ စားရင် အဆီတွေ လောင်ကျွမ်းမယ်၊ ဒီသဘောပေါ့၊ ညနေစာကိုတော့ ရှောင်မယ့်အစား အသီးအနှံ၊ အရွက်သုပ်၊ စွပ်ပြုတ်၊ အဆီနည်းတဲ့အကင် ဒါတွေစားသင့်တယ်”
“ဟုတ်ကဲ့ပါ”
***** ***** *****
အချိန်ကာလများသည် နာရီလက်တံများ၏ အားမနာပ လည်ပတ်မှုများနှင့်အတူ ကုန်ဆုံးရင်း ရွက်စုတ် ပြက္ခဒိန်များ တစ်ရွက်ပြီး တစ်ရွက် အမှိုက်ပုံးထဲရောက်ခဲ့ရသည်မှာ ဘာလိုလိုနှင့် နှစ်ကုန်ပိုင်းတောင်ရောက်တော့မည်ဖြစ်သည်။
နှစ်ကုန်ကာလ ဆိုတော့ ဆိုင်လားမဆိုင်လားမသိ နှစ်သစ်ကူး Bonus လေးကိုတော့ တောင့်တမိသည်ဖြစ်သည်။ ထိုစဉ် သီရိ တစ်ယောက်ရောက်လာပြီဖြစ်သည်။
“မောနင်း ကိုအောင် ဒီနေ့စောသား”
“အင်းမောနင်း သီရိ မနက်စာ မှာလိုက်ပါဦး ထုံးစံအတိုင်း ပဲပြုတ်ထမင်းဆီဆမ်းပဲလား”
“ဒါပေါ့”
ယခု ကျွန်ုပ်ရှေ့တွင် ထိုင်နေသည်မှာ လွန်ခဲ့သည့် (၆) လကျော်က ပေါင်ချိန် (၁၆၀) ကျော် မသီရိမဟုတ်တော့၊ ပေါင်ချိန် (၁၂၀) ခန့်သာရှိသော ကျစ်လျစ်သွယ်လျ လှပသော မသီရိ ဖြစ်နေပေပြီ။ မနက်စာ ဆိုရင်သူမက အဆီများမှာစိုး၍တစ်ကြောင်း မူလက လည်း မကြိုက်သည့် ဓာတ်ခံလည်းပါသဖြင့် ကြက်ဥ ဟက်ဖရိုက်မှ အနှစ်ဆိုရင်မစားရာ အနှစ်ကိုသာ ကြိုက်သော ကျွန်ုပ်နှင့် ကွက်တိ ဖြစ်ပြီး အမြဲလဲစားဖြစ်သောကြောင့် ကျွန်ုပ်သည် ကြက်ဥအနှစ် နှစ်လုံး နှင့် သူမသည် ကြက်ဥအကာ နှစ်ချပ် နှင့်စားလေ့ရှိသည်။
ဤ (၆) လခန့်အတွင်း အဖြစ်အပျက်တို့ များစွာပြောင်းလဲခြင်းတို့ ဖြစ်ခဲ့သည်။ သူမကို ကယ်လိုရီ၊ ပရိုတင်းနှင့် အာဟာရတို့မှအစ Body mass index ဇယားအဆုံး ကျန်းမာရေးနှင့်ဆက်စပ်သည်များကို တောက်လျှောက် ပြောပြဖြစ်သည်။ အားကစားနှင့်ဆိုင်သော activity များကိုလည်း ရှိသမျှ join ကြသည်။ ကျုံးဘေးက အန်တီကြီးများနှင့် Zumba ဆိုလည်း သွားကလိုက်၊ ကျော်ဝဏ္ဏတို့နှင့် မန္တလေးတောင် ဆိုလည်းတက်လိုက်၊ သက်နိုင်တို့နှင့် လေ့လာရေး ခရီးဆိုပြီး ပြက္ခရွေ၊ မြခနောက် စသည့်တောင်တက်ခရီးစဉ်များဆိုလည်းပါသွားလိုက် နှင့် အိုးချင်းထားအိုးချင်းထိ ဆိုသည့်အတိုင်း တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်များ မသိမသာ နှင့် တဖြည်းဖြည်းတိုးလာခဲ့ပြီဖြစ်သည်။ သူမဘက်ကတော့ မသိ၊ ကျွန်ုပ်ဘက်ကတော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဆိုသည့် စိတ်အခံလေးကလည်းရှိတော့ ဖိတ်စာတစ်ခြမ်းပင်ရိုက်ထား၍ရပြီဖြစ်သည်။ (ဤကား ကိုယ့်ဘာသာ ကြော်ငြာဝင်ခြင်းတည်း။)
နောက်ပြီး 10 လပိုင်း 10 ရက်နေ့ကတည်းက ကျွန်တော် သူမကို Propose လုပ်ထားပြီးဖြစ်ပါသည်။ သူမဘက်က စဉ်းစားပေးမည်ဆိုသည့် စကားနှင့်အတူ လှပသော ရက်စွဲတစ်ခုကိုသာ ထိုင်စောင့်နေရုံ အခြေအနေဖြစ်ပါသည်။
*****
ယနေ့အတွက်တော့ ရုံးအလုပ်များ မယ်မယ်ရရလုပ်စရာမကျန်တော့ပါ။ ရှိသည့်အလုပ်များပြီးသွားပြီး ရှာကြံလုပ်ရန်အလုပ်ကလည်း မရှိသဖြင့် Laptop ကိုရှေ့မှာဖွင့်ထားပြီး ရုံးမှ အလကားရသော ကော်ဖီကို Water cooler မှ ရေပူနှင့် ရောစပ်ရင်း ကုန်းဆင်းကော်ဖီ၊ ကုန်းဆင်း Wifi နှင့် Telegram မှ MCU movie များ ဒေါင်းလုပ် ဆွဲကာ ပြန်ကြည့်ပေတော့သည်။ ယခုကဲ့သို့ ဘာမှ အလုပ်မရှိလျှင် Laptop ပိတ်၍ အလုပ်မရှိကြောင်း ဖော်ပြနေမည့်အစား ရုပ်ရှင်ကြည့်နေရသည်က ဇိမ်လည်းကျပြီး ပို၍ အဆင်ပြေပေသည်။ မဟုတ်ပါက မိမိမှာ အလုပ်မရှိ၍ ငုတ်တုပ်ထိုင်နေကြောင်းသူများ မြင်သွားမည်မဟုတ်ပါလော။
တစ်ခါတစ်ခါ လူများ ဘေးသို့ရောက်လာပါကလည်း Online Meeting လုပ်နေသယောင်ယောင်၊ Online Class ပဲတက်နေသယောင်ယောင် လုပ်ပြလိုက်ရုံပ။
ဒီလိုနှင့် ရုံးဆင်းချိန်ရောက်တော့ သီရိတို့က အလုပ်ကိစ္စဖြင့် အပြင်သွားရာ ပြန်မရောက်သေး၊ ဒီတော့ သူကြိုက်သည့် ဆူရှီသွားဝယ်ထားပြီး တွေ့မှ အတူစားရန်ရည်ရွယ်လိုက်သည်။
ဆူရှီဆိုင်မှ ပြန်အထွက် ဆိုင်၏ တစ်နေရာတွင် သီရိနှင့် ယောက်ျားတစ်ဦးကိုတွေ့လိုက်ရသဖြင့် အသာ အနားကပ်သွားလိုက်သည်။ ဆိုင်က အပင်များနှင့်အလှဆင်ထားပြီး ဝိုင်းတစ်ဝိုင်းနှင့်တစ်ဝိုင်း သီးသန့်ဆန်သဖြင့် ကျွန်ုပ်သာ အသာအယာ ဘေးကပ်နေပါက မြင်နိုင်မည်မဟုတ်ချေ။ ထိုစဥ် အနှီကျက်သရေမရှိသော သူထံမှ အနူသံဝဲဝဲဖြင့် ထွက်လာသည့်စကားသံများမှာ
“အဲ့ဒီလိုမဟုတ်ပါဘူး သီရိရယ်။ ကိုက သီရိ အတွက်ဆို ဘယ်အရာနဲ့ မဆို လဲနိုင်တယ်ဆိုတာ သက်သေပြချင်တာပါ။ ကို့ကိုယုံပါ။ မနက်ဖြန် ကိုတို့ ဆုံပြီး အေးဆေး စကားပြောရအောင်လေ သီရိ အချိန် နဲ့ နေရာပြောလိုက်နော်။”
“အင်း ဒါဆို မနက်ဖြန် Café Jor Thort မှာပဲ ညနေ ၅နာရီခွဲ ဆုံမယ်လေ။”
“သီရိ ကိုတို့ အစက ပြန်စကြမယ်နော်။”
“စဉ်းစားပါရစေဦး မနက်ဖြန် တွေ့တော့မှ အဖြေပြန်ပေးတာပေါ့”
အလို .. ကြားလို့မှ ကောင်းကြပါသေးရဲ့လား လောကကြီး။ ဥယျာဉ်မှုးတစ်ဦး၏ ပျိုးထောင်မှုသည်ကား လက်သရမ်းတတ်သည့် ကျက်သရေတုံး လူများ၏ လက်ထဲတွင် အခူးခံရသော ပန်းအဖြစ်သာ နိဥိတံလေတော့တကား။
ရုတ်ချည်းနောက်ဆုတ်မှုနှင့်အတူ မိမိ အားမြင်သွားလေမလားဟု စိုးရိမ်စိတ်ဖြင့် အသာ ခိုးကြည့်မိသေးသည်။
ဟုတ်ပေသည်။ သူ့မှာဒီလို သံယောဇဥ်လက်ကျန် မပြတ်လို့လည်း ကျွန်ုပ်အား ဆုံးဖြတ်ချက်မချနိုင်သေးသည်ပေါ့။ သူ့လူနဲ့သူကျတော့လည်း ပြန်အဆင်ပြေချင်တော့ မြန်ပါပေ့ဟု သာတွေးလိုက်တော့သည်။
သွားကြပေဦးတော့ သောက်အတွဲများရေ ငါကတော့ ဘေးကနေ ဇာတ်ပို့ဇာတ်ရံ လုပ်ရတဲ့ ထရိန်နာ ကြီးပေါ့။ စိတ်တွင်ကြုံးဝါးလျက် သူ့အတွက်ရည်ရွယ်၍ ဝယ်လာသော ဆူရှီများကိုကြည့်ပြီးစဉ်းစားစရာလေးတွေ ဖြစ်သွားသည်။ အခုချိန်မှ ပေးရင်လည်း မသင့်တော်။ လွှင့်ပစ်ရအောင်လည်း နှမြောစရာကြီး အစားအစာ ဆိုတာ မဖြုန်းကောင်းပါဘူးလေ။ Diet လုပ်မယ့် Food လေးတွေကို ဒီည အမြည်းလုပ် ပစ်ရန် ကြံလိုက်သည်။
*****
ရွေးထားသောအကင်တောင်း လေးကို အကင်သည် ကောင်လေးကို လှမ်းပေးရင်း ပြောလိုက်တော့၏
“ညီလေးရေ ရော့ ဒီအကင်တွေ အပြင် မင်းပြောတဲ့ မြက်တွေ များများ ထည့်ပေးလိုက်ကွာ”
“ကဲ အခုတော့ အားကို မြက်ဆိုတာကို လက်ခံပြီပေါ့”
“လက်ခံပြီဟေ့ အဲ့ဒီ့ ကျူးဆိုင်တွေ ဂျူးမြိတ်တွေ ခဏထား မြက်စားချင်တဲ့စိတ် ပေါက်နေလို့ မြက်ကို လေး၊ ငါးကင်လောက် ထည့်ပစ်လိုက်”
“ရမယ် အားကို။ လူ ဆိုတာနော်.. တစ်ခါတစ်လေ စားချင်စိတ် ပေါက်ရင် စားသာစား”
“အေးပါ အပ္ပနားရာ”
အကင် စောင့်နေရင်း ဒီည အဖွဲ့နှင့် Join ရင်ကောင်းမလဲ စပြီးစဉ်းစားရတော့သည်။ ရုံးက ကျော်စွာထွန်းတို့နဲ့ပဲ Join ရမလား၊ ကျော်ဝဏ္ဏ တို့နှင့်ပဲ join ရမလား၊ သက်နိုင်ထွန်း တို့နှင့်ပဲ join ရမလား စဉ်းစားဦးမှ။
‘လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးကြတာပဲ’
ဖုန်း ringtone မြည်လာသဖြင့်ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် ကျော်ဝဏ္ဏ။
ဝမ်းသာအားရကောက်ပြောလိုက်သည်။
“အေး ညီလေး အတော်ပဲ သောက်မလို့ဆက်တာလား ဘယ်ချိန်ဆုံမလဲ”
“ဟား ချစ်ကိုကြီးက တယ်အားကိုးရပြီး အလိုက်သိတာပဲ။ ခုပဲလာခဲ့”
“ဟေ တကယ်လား”
“ဟာ တကယ်ပေါ့ဗျ။ ကျုပ်ကလည်း ဒါ့ကြောင့်ဆက်တာ”
“အေး။ အမှန်တော့ မင်းမဆက်လည်းငါဆက်မလို့ကွ။ ခုပဲလာပြီဟေ့။ ငါတို့ မြည်းဖို့ ဆူရှီနဲ့ အကင်တွေ ဝယ်ခဲ့မယ်”
“ကြိုက်ပြီဗျာ။ ကျွန်တော်လည်း ပုလင်းတွေ ရေခဲသေတ္တာထဲ ဖြည့်ထားလိုက်မယ်”
“အေး၊ ကိုလည်း ဝယ်ခဲ့ပါမယ်”
*****
“ဝေ့ ခေါ်မရ အော်မရ ကျော်ဝဏ္ဏရေ ဒေါ်လှက မင်းကို အလျှော်မရလို့ အပေါ်ခဏ လာခဲ့တဲ့”
“ဟိုက် ဘာတွေလဲဗျာ”
“ငါလည်းသိဘူးလေ ကာရံ ကိုက်အောင် ခေါ်ကြည့်တာ”
“သြော်အဲ့လိုလား.. ဒါဆိုလည်း...
အပျိုရှောင်တဲ့ အကိုအောင် ရေ ဟိုကောင်နဲ့ ဘယ်လိုတောင် ဖြစ်နေတာလား”
“ဟားဟား ကြောက်ပါပြီကွာ”
ကျွန်ုပ်လည်း လက်ထက်မှ ပါလာသော အထုပ်များ ကမ်းပေးရင်း အထက်တွင်ဆိုခဲ့သည့်အတိုင်း ချောလဲရောထိုင်လုပ်ရပြန်သည်။
“ကဲညီလေး ရော့ မင်းဆူရှီစားချင်နေမယ်ထင်လို့ ရှယ်ဝယ်လာခဲ့တာ ၄ ပွဲတောင်၊ အတူတူမြည်းမယ်။ ဒီမှာ အကင်လည်းပါတယ်။”
“ဟား မိုက်လှချည်လား သိုင်းကျူး ၊ ကျူးသိုင်း။”
“ပြောနေတာကြာတယ်ကွာ စမယ်။”
“ခဏလေး ပုလင်းဖောက်တံသွားယူလိုက်ဦးမယ်”
“ရှာမနေနဲ့ ကြာတယ်...ပေး”
ကျွန်ုပ်လည်း ပုလင်းကိုယူပြီး သွားနှင့်ကိုက်ဖောက်ပြီး ပုလင်းပြန်ကမ်းပေးလိုက်သည်။ ဝဏ္ဏမှ ကျွန်ုပ်အား မျက်လုံးပြူးကြည့်ပြီး
“ဟာကိုအောင် ဘယ်လိုဖောက်လိုက်တာလဲ ခင်ဗျား သွားက မာလှချည်လား သံသွားတွေများတပ်ထားသလား”
“ဘာသံသွားမှ မတပ်ဘူး ညေး၊ ဒီမှာကြည့်တွေ့လား အားလုံးအော်ရီဂျင်နယ်ပဲ”
“ဒါဖြင့် ဘာလို့ ဒီလိုခိုင်ခံ့နေရတာလဲ ကျွန်တော် လုပ်ကြည့်ရင်ပဲ့မလားမသိဘူး”
“ပဲ့လောက်မယ် မလုပ်ပါနဲ့။ နောက်ပြီး ငါ့သွားတွေ ဒီလိုခိုင်မာနေတာ LMZ သွားတိုက်ဆေးနဲ့ ပုံမှန်တိုက်လာလို့ကွ”
“ဟုတ်လား ဘယ်လိုလဲဗျ”
“အေး ညီလေး စိတ်ဝင်စားရင် ဒီမှာ ဝင်ကြည့်လိုက်
https://www.facebook.com/knddistribution/posts/141639115583226
သူက လုံးဝ သဘာဝ သွားတိုက်ဆေးဆိုတော့ အရည်အသွေးကောင်းတယ် သုံးဖူးသူတိုင်းလည်းကြိုက်ကြတယ်”
“ဟုတ်”
“အေး ဒါဆို လောလောဆယ်တော့ ငါတို့ 🐮 ဖြစ်ခဲ့တဲ့ အကြောင်းလေးတွေ မြက်ကင်လေးစားရင်း ဖလှယ်ကြတာပေါ့ကွာ”
“ဟားဟား ဒါပေါ့”
ဤသို့ဖြင့် ဘီယာကို ဖန်ခွက်များထဲငှဲ့ရင်း ကျွန်ုပ်တို့၏ မှောင်မိုက်သောညများအတွက် အလင်းရောင်ဖြစ်မည်ထင်သော အရာကို ထွန်းညှိုလိုက်ကြချေတော့သတည်း။
****************************
Written by : နောင်လတ်(မန်း)
ဤအစီအစဉ်ကို LMZ သွားတိုက်ဆေးနှင့် သွားတိုက်တံ - အထက်မြန်မာပြည် ဖြန့်ချိရေး KND Trading & Distribution မှ မေတ္တာဖြင့် ကူညီ ပံ့ပိုးပါသည်။ ချစ်မိတ်ဆွေများလည်း Link ကိုနှိပ်ကာ Product များကို လေ့လာကြည့်ရန် နှင့် အစမ်းသုံးကြည့်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ယခု တစ်ပတ်အတွင်း LMZ သွာတိုက်ဆေးများ give away ပေးမည့်အစီအစဉ် ရှိပါသည်။
09-772801400, 09-2011002
****************************