03/03/2022
#စိတ်ကျရောဂါလက္ခဏာများ
Depression ဆိုတဲ့စကားလုံးက လူတိုင်းရင်းနှီးပြီးသားပါ။ ဒါပေမဲ့ သာမန်စိတ်ကျတဲ့ အခြေအနေနဲ့ ရောဂါအဆင့်စိတ်ကျတဲ့ အခြေအနေ...ဘာတွေကွာလဲဆိုတာ သေချာသိတဲ့သူ နည်းပါလိမ့်မယ်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရပြီဆိုရင် ဘယ်လို လက္ခဏာတွေကြုံရလဲဆိုတာ ဗဟုသုတအနေနဲ့ဖော်ပြပေးပါမယ်။
▶ အဓိက ကွာခြားချက်က စိတ်ရောဂါဖြစ်နေပြီလို့ ပြောဖို့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် အလုပ်၊ လူမှုရေးနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ ထိခိုက်မှုကြုံနေရပါမယ်။
▶ စိတ်ကျနေပေမဲ့ လုပ်နိုင်ကိုင်နိုင်နေသေးတယ်၊ ထိခိုက်မှုတွေ ရှိမနေရင် သာမန်စိတ်ကျတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
▶ ဒီအချက်ကြောင့်ပဲ ဘဝမှာအောင်မြင်တဲ့ထိ ကြိုးစားရုန်းကိုင်နိုင်နေတဲ့ စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေကို အမည်တပ်ဖို့ High Functioning Depression ဆိုတဲ့စကားလုံးပေါ်လာတဲ့ ပုံပါ။
▶စိတ်ဓါတ်ကျပြီဆိုရင် အဓိကခံစားရတတ်တာက အတိတ်နဲ့ပတ်သတ်ပြီး နောင်တရတာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတာ၊ အနာဂတ်နဲ့ပတ်သတ်ပြီး မျှော်လင့်ချက်မဲ့သလိုခံစားရတာ၊ ဘဝမှာ မနေပျော်တော့တာ၊ သတ်သေလိုစိတ်ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။
▶စိတ်ဓါတ်ကျပြီဆိုတာနဲ့ စိတ်ပိုင်းတင်မကဘဲရုပ်ပိုင်း၊ လှုမှုရေးပိုင်း၊ အလုပ်အကိုင်... အကုန်ထိခိုက်ပါတယ်။ ကြုံလာနိုင်တဲ့ လက္ခဏာတွေကို အချက်အလက်အနေနဲ့ ပြောပြရရင်....
1️⃣ #စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
▶တောက်လျောက် စိတ်ဓါတ်ကျ သို့ ဝမ်းနည်းနေခြင်း
▶ မျှော်လင့်ချက်မဲ့၊ ကူကယ်ရာမဲ့သလို ခံစားရခြင်း
▶ ကိုယ့်ကိုယ်ကို လေးစားမှုနည်းလာခြင်း/မိမိကိုယ်မိမိတန်ဖိုးထားမှု လျော့နည်းလာခြင်း
▶ မျက်ရည်လွယ်လာခြင်း
▶ အပြစ်ရှိတယ်လို့ ခံစားနေရခြင်း
▶ စိတ်တိုစိတ်ဆတ်လွယ်လာပြီး တခြားသူများကို သည်းမခံနိုင်လာခြင်း
▶ စိတ်တက်ကြွမှုကင်းမဲ့လာခြင်း သို့ ကိစ္စများကို စိတ်မဝင်စားတော့ခြင်း
▶ဆုံးဖြတ်ချက်ချရန် ခက်ခဲလာခြင်း
▶ဘဝမှာ ပျော်ရွှင်စရာ ရှာမတွေ့တော့ခြင်း
▶ စိုးရိမ်ပူပန်စိတ် ဖြစ်လာခြင်း
▶ သတ်သေလိုစိတ်ပေါ်လာခြင်း သို့ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ဖို့ အတွေးဝင်လာခြင်း
2️⃣ #ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
▶ စကားပြောပုံ (သို့) လှုပ်ရှားသွားလာပုံတွေက ပုံမှန်ထက်ပိုနှေးလာခြင်း
▶ ကိုယ်အလေးချိန် (သို့) စားချင်စိတ် ပြောင်းလဲလာခြင်း (များသောအားဖြင့် စားချင်စိတ်နည်းတာ ဝိတ်ကျလာတာ အဖြစ်များပါတယ်) တချို့တွေမှာ Depression ဝင်ရင် အစားစားချင်စိတ်မရှိတော့ဘူး။ အဲတော့ ဝိတ်ကျလာတတ်တယ်။ တချို့ကျ Depression ဝင်တာနဲ့ ပိုစားလာတတ်တယ်။ များသောအားဖြင့် စိတ်ဖိစီးစရာကြုံရင် အစားစားဖြေရှင်းတတ်တဲ့သူတွေပေါ့။ သူတို့ဆို ဝိတ်တက်လာကြတယ်။
▶ဝမ်းချုပ်ခြင်း
▶အကြောင်းရင်းရှာမရဘဲ နာကျင်ကိုက်ခဲတာဖြစ်လာခြင်း
▶ အင်အားကုန်ခမ်းခြင်း
▶လိင်စိတ်သားစိတ် လျော့ပါးလာခြင်း
▶အမျိုးသမီးများမှာ ဓမ္မတာကိစ္စ မမှန်တာဖြစ်လာခြင်း
▶ အိပ်ရေးပျက်လာခြင်း (e.g.,ညဘက် အိပ်ပျော်ဖို့ ခက်ခဲလာခြင်း၊ ပုံမှန်ထက် မနက်စောစော နိုးလာတတ်ခြင်း)
3️⃣ #လူမှုဆက်ဆံရေးပိုင်းဆိုင်ရာလက္ခဏာများ
▶အပေါင်းအသင်းမိတ်ဆွေများကို ရှောင်လာခြင်း၊ သာရေးနာရေးကိစ္စများတွင် မပါဝင်တော့ခြင်း
▶ ကိုယ်ဝါသနာပါတဲ့ကိစ္စနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လျစ်လျုရှုလာခြင်း
▶အလုပ်၊ အိမ်နဲ့ မိသားစုကိစ္စများတွင် အခက်အခဲကြုံလားခြင်း.....တို့ ဖြစ်ပါတယ်။
▶ ဒီလက္ခဏာတွေကို အနည်းနဲ့အများကြုံဖူးကြမှာပါ။ အများအားဖြင့် ရက်ပိုင်းနဲ့ ပျောက်သွားကြပါတယ်။ ပျောက်မသွားဘဲ ၂ပတ်ဆက်တိုက် ခံစားနေရပြီဆိုရင်တော့ စိတ်ကျရောဂါလို့ သတ်မှတ်လို့ရနေပါပြီ။ ကျွမ်းကျင်သူများနဲ့ Mental Health Assessment လုပ်ဖို့ လိုအပ်နေပါပြီ။
🔶 #စိတ်ကျဝေဒနာပြင်းထန်မှုအခြေအနေများ
▶ Depression က ဖြေးဖြေးချင်း ဝင်လာတတ်တာမို့ စဖြစ်ကာစမှာ သတိမပြုမိကြပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြည့်တတ်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက တခုခုတော့ဖြစ်နေပြီနော်ဆိုပြီး ပြောမှ သတိထားမိတတ်ကြပါတယ်။ တချို့ကျလဲ ရောဂါရင့်လာမှ သိကြပါတယ်။
▶ ဆေးပညာအရ စိတ်ကျရောဂါ အတိမ်အနက်ကို..
🔹အနည်းငယ်စိတ်ကျခြင်း (Mild)- နေ့စဥ်လူနေမူဘဝကို အနည်းငယ်ထိခိုက်တဲ့အဆင့်
🔹 အတော်အသင့်စိတ်ကျခြင်း (Moderate)- နေ့စဥ်လူမှုဘဝကို သိသိသာသာထိခိုက်တဲ့အဆင့်
🔹 ပြင်းထန်စွာစိတ်ကျခြင်း (Severe)- နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုံးဝမလုပ်နိုင်လောက်တဲ့နီးပါး ထိခိုက်တဲ့အဆင့် ဆိုပြီး ခွဲခြားထားပါတယ်။
▶ရောဂါပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး ကုသပုံလဲ ကွာခြားပါတယ်။
▶တချို့ပိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပြောခဲ့တဲ့ လက္ခဏာတွေအပြင် Psychotic features လို့ခေါ်တဲ့ (Hallucinations) ပတ်ဝန်းကျင်မှာ တကယ်မရှိဘဲ အသံကြားတာ၊ မြင်တာစတဲ့ အရာတွေဖြစ်လာတာ၊ Delusions (ယုံမှားစွဲခြင်း) တကယ်မဟုတ်မမှန်တဲ့အရာတွေကို အမှန်လို့ယုံလာတာတွေ ခံစားလာရတတ်ပါတယ်။
▶ အခုပြောခဲ့တာတွေကတော့ စိတ်ကျရောဂါဖြစ်နေပြီဆိုရင် ကြုံလာရမဲ့ လက္ခဏာတွေပါ။ စိတ်ဓါတ်ကျနေတယ်လို့ ခံစားနေရရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါ။ တူညီတာများနေရင်ဖြစ်ဖြစ်၊ ခံစားနေရတာ ၂ပတ်လောက်နေရင်ပဲဖြစ်ဖြစ် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
🖋 Written by Dr. Htein Linn Aung
Source: www.nhs.uk