Moe myint hein

Moe myint hein ယောနိသောမနသီကာယ

06/09/2023

ရေအနည်းလို (အေရိုးဗစ်စပါး) စိုက်ပျိုးနည်း

ရေအနည်းလိုစပါးသည် ပုံမှန်ရေလိုအပ်ချက်ထက် ထက်ဝက်လျော့နည်းသောအခြေအနေတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သောစပါးမျိုး ဖြစ်သည်။

မိုးရာသီတွင် မိုးရေဖြစ်စေ ဆည်ရေဖြစ်စေ လုံလောက်စွာမရရှိသော လယ်မြေများ၊ ယာမြေများနှင့် နွေရာသီတွင် ရေကိုချွေတာသုံးစွဲရန်လိုအပ်သည့် ဆည်ရေ၊ မြစ်ရေ၊ ချောင်းရေတို့ဖြင့် ရေသွင်းစိုက်ရသည့်လယ်မြေများတွင် စိုက်ပျိုးသင့်သောစပါးမျိုး ဖြစ်ပါ သည်။

ရေအနည်းလိုစပါးမျိုးများ

ရေအနည်းလိုစပါး(၇)မျိုးကို သုတေသနပြုထုတ်‌ဝေထားကြောင်း သိရသည်။
၄င်းတို့မှာ-
၁။ ရေအနည်းလို-၁
၂။ ရေအနည်းလို-၂
၃။ ရေအနည်းလို-၃
၄။ ရေအနည်းလို-၄
၅။ ရေအနည်းလို-၅
၆။ ရေအနည်းလို-၆
၇။ ရေအနည်းလို-၇ တို့ ဖြစ်သည်။

ဆက်လက်၍ သုတေသနပြုလျက်ရှိရာ ဝိုင်အေအာ-၁၄ စပါးမျိုးသည် အလားအလာကောင်းသော စပါးမျိုးဖြစ်ကြောင်း သိရသည်။

ရေအနည်းလိုစပါးမျိုးများသည် ရေပြတ်လပ်မှုဒဏ်ကို သာမန်စပါးမျိုးများထက် ပိုမိုခံနိုင်ရည်ရှိသည်ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုအရ မိမိဒေသအခြေအနေနှင့် သင့်တော်ပြီး စားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုအရ ကြိုက်နှစ်သက်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။

ရေအနည်းလိုစပါးမျိုးများ၏ အရည်အသွေးလက္ခဏာများမှာ

ရေအနည်းလို-၁

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၁၅ ရက်နှင့် ရိတ်သိမ်းနိုင်သည်။ အပင်အရပ် ၄ ပေခန့် ရှိသည်။ တစ်နှံပါ သီးလုံး ၁၂၄ သီးနိုင်သည်။ ဆန်ရည်ဆန်သားမှာ ဗိုက်ဖြူအနည်းငယ်ပါသည်။ စားသုံးမှုအဆင့်အတန်းကောင်းသည်။ ထူးခြားချက်မှာ စပါးရွက်ခြောက်ရောဂါဒဏ်ကိုခံနိုင်ရည်ရှိသည်။ ရေပြတ်လပ်မှုဒဏ်ကို ခံနိုင်သည်။

ရေအနည်းလို-၂

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး စားသုံးမှုအဆင့်အတန်း ကောင်းသည်။ အသက်ရက်မှာ ၁၁၂ ဖြစ်သည်။ အပင်အရပ် ၃ ပေခွဲခန့် မြင့်သည်။ တစ်နှံပါသီးလုံး ၁၁၁ လုံးသီး နိုင်သည်။ ဆန်ရည်ဆန်သား ကြည်လင်ပြီး ဗိုက်ဖြူအနည်းငယ်ပါသည်။ ထူးခြားချက်မှာ စပါးရွက်လိပ်ပိုးနှင့် စပါးဆစ်ပိုးဒဏ်တို့ကို ခံနိုင်ရည်ရှိကြောင်း သိရပါသည်။

ရေအနည်းလို-၃

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အပင်မှာ ၃ ပေခွဲခန့်မြင့်သည်။ အသက်ရက် ၁၂၀ နှင့် တစ်နှံပါသီးလုံး ၁၇၈ လုံးသီးနိုင်သည်။ ဆန်ရည်ဆန်သားမှာ ဗိုက်ဖြူအနည်းငယ်ပါ သည်။ စားသုံးမှုအဆင့်အတန်း ကောင်းပါသည်။

ရေအနည်းလို-၄

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၁၇ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၄ ပေခန့်မြင့်ပြီး တစ်နှံပါသီးလုံး ၁၉၈ ခန့်သီးသည်။ ဆန်ရည်ဆန်သား ကြည်လင်ကာ စားသုံးမှုအဆင့်အတန်းကောင်းမွန်သည်။ ထူးခြားချက်မှာ စပါးရွက် ခြောက်ရောဂါကို အသင့်အတင့်ခံနိုင်ပြီး စပါးဂုတ်ကျိုးရောဂါကို ခံနိုင်ကြောင်း သိရပါ သည်။

ရေအနည်းလို-၅

ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၁၀ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၃ ပေခွဲခန့်မြင့်ပြီး တစ်နှံပါသီးလုံး ၁၈၉ ခန့်သီးနိုင်သည်။ ဆန်ရည်ဆန်သား ကြည်လင်ပြီး စားသုံးမှုအဆင့်အတန်းကောင်းမွန်သည်။ ထူးခြားချက်မှာ ဂုတ်ကျိုးရောဂါ ဒဏ်ကို ခံနိုင်ကြောင်း သိရပါသည်။

ရေအနည်းလို-၆

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၁၀ ဖြစ်သည်။ အပင်အမြင့် ၄ ပေ ခန့်ဖြစ်ပြီး တစ်နှံပါသီးလုံး ၁၉၆ ခန့်သီးနိုင်သည်။ ဆန်ရည်ဆန်သားကြည်လင်သည်။ စားသုံးမှုအဆင့်အတန်းကောင်းသည်။ ထူးခြားချက်မှာ စပါးဂုတ်ကျိုးရောဂါဒဏ်ကို ခံနိုင်ရည်ရှိကြောင်းသိရပါသည်။

ရေအနည်းလို-၇

ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၁၆ ရက်ဖြင့်ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၄ ပေခန့်မြင့်သည်။ တစ်နှံပါသီးလုံး ၁၈၉ လုံးသီးနိုင်သည်။ ဆန်ရည်ဆန်သား ကြည်လင်ကာ ဗိုက်ဖြူအနည်းငယ်ပါသည်။ စားသုံးမှုအဆင့်အတန်းကောင်းသည်။ ထူးခြားချက်မှာ စပါးရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်ကြောင်း သိရပါသည်။

စိုက်ပျိုးနည်းစနစ်

အခြောက်ထွန်ရေးတွင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသောနည်းစနစ်ဖြင့် စိုက်ပျိုး နိုင်သည်။
အတန်းလိုက်စိုက်ကြောင်းများကို နွားထွန်အသုံးပြု၍ ဖော်နိုင်သည်။ မျိုးစေ့ကို စိုက်ကြောင်းအတွင်း လက်ဖြူးချစိုက်ပျိုးရန်ဖြစ်သည်။ မျိုးစေ့ချပြီးပါက စိုက်ကြောင်း အလိုက် ခြေဖြင့် မျိုးစေ့များကို ဖုံးကာ စိုက်နိုင်သည်။

ထွန်စက်ဆွဲမျိုးစေ့ချကိရိယာကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။

စပါးပျိုးထောင်သကဲ့သို့ ဘောင်များဖော်ကာ ဘောင်ပေါ်၌ စိုက်ကြောင်းများဆွဲပြီး မျိုးစေ့ချသည့်စနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။

ရေပေးသွင်းခြင်း

ပုံမှန်လယ်စပါးစိုက်ပျိုးသကဲ့သို့ ရေကို သိုလှောင်နိုင်သည်ထိ ပေးသွင်းရန် မလိုအပ်ပါ။ စပါးပင်များ၏အမြစ်ဇုန်ဝန်းကျင်သို့ ရေကိုစိုစွတ်ရုံသာ ပေးသွင်းရန်လိုသည်။ စိုက်ခင်းအတွင်း နှံ့စပ်ရုံသာ (Flash-Flooding) ပေးသွင်းခြင်းဖြင့် လုံလောက်သည်။

စိုက်ခင်းအပေါ်မှ ရေပန်း(Sprinkllers)သည့်စနစ်ဖြင့် ရေဖြန်းပေးနိုင်သည်။ အကယ်၍ စပါးကို ဘောင်(raised-beds)ဖြင့် စိုက်ပျိုးပါက ဘောင်ကြားတစ်လျှောက် ဘောင်စိုရုံသာ ရေပေးသွင်းရန် ဖြစ်သည်။

ရေပေးသွင်းနည်းစနစ်မှာ မျိုးစေ့ချပြီးချိန်တွင် စပါးပင် အပင်ပေါက်ကောင်းစေရန် ပထမအကြိမ် ရေပေးသွင်းပေးရန်လိုသည်။ ဆက်လက်၍ စပါးပင်ကြီးထွားကာလ တလျှောက်တွင် အပင်ညှိုးမည့်အခြေအနေ မရောက်မီတိုင်း၌ မြေစိုစွတ်ရုံ ရေပေးသွင်း ရန် ဖြစ်သည်။ စပါးပန်းပွင့်ချိန်တွင် မြေစိုစွတ်မှုအခြေအနေ မပျက်စေရန် နှစ်ကြိမ်ခန့် ရေပေးသွင်းပေးရန် ဖြစ်ပါသည်။

စပါးမျိုးမွေးမြူရွေးချယ်ရေးသုတေသနပြုတွေ့ရှိချက်အရ ရေစိုတစ်လှည့် ခြောက်တစ်ခါ(Alternate Wetting and Drying-AWD) ရေထိန်းစနစ်ဖြင့်လည်း ရေပေးသွင်းနိုင်ကြောင်း သိရသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မူလဆည်ရေသောက်စပါး အတွက်ရေလိုအပ်ချက်ထက် ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရေကို လျှော့ချနိုင်ကြောင်း သိရပါသည်။

‘အေရိုးဗစ်’စပါးစိုက်ပျိုးနည်းစနစ်

ရေအနည်းလိုစပါး၏ အင်္ဂလိပ်အခေါ်အဝေါ်မှာ ’အေရိုးဗစ်’စပါး(Aerobic Rice) ဖြစ်သည်။
ပုံမှန် ရေသိုလှောင်စိုက်ပျိုးသောစပါးမျိုးများနှင့် မတူပါ။ ဆန့်ကျင်ဘက်အနေဖြင့် 'အေရိုးဗစ်'စပါးသည် 'အေရိုးဗစ်' သို့မဟုတ် စိုက်ပျိုးရာသီတစ်လျှောက် မြေဆီလွှာ၌ အောက်ဆီဂျင်ရရှိနေသောအခြေအနေတွင် ဖြစ်ထွန်းသည့်စပါးမျိုး ဖြစ်သောကြောင့် 'အေရိုးဗစ်'စပါးဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ စပါးပင်များ၏အမြစ်ဇုန်ဝန်းကျင်သို့ ရေကိုစိုစွတ်ရုံသာ ပေးသွင်းရုံဖြင့် စိုက်ပျိုးအောင်မြင်နိုင်ခြင်း ဖြစ်သည်။

ဤသို့ အစိုတမန်းပြင်ပြီး စိုက်ပျိုးခြင်းမဟုတ်သော်လည်း မြေသြဇာနှင့် ပိုးမွှားရောဂါကာကွယ် စောင့်ရှောက်မှုစသည့် ပြုစုဂရုစိုက်မှုလုပ်ငန်းများကိုမူ ပုံမှန်စပါး စိုက်ပျိုးသကဲ့သို့ ဆောင်ရွက်သည့်စနစ်ကို ဖိလစ်ပိုင်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန(International Rice Research Institute-IRRI)က ‘အေရိုးဗစ်’ စပါး စိုက်ပျိုးနည်းစနစ်ဟု ခေါ်ဝေါ်သုံးစွဲကြောင်း သိရပါသည်။

အကြံပြုချက်

ဒေသနှင့်ကိုက်ညီသည့် ရေအနည်းလိုစပါးမျိုးကိုစိုက်ပျိုးရာတွင် နှစ်စဥ်ဆက်တိုက် မျိုးခံ စိုက်ပျိုးခြင်းမပြုဘဲ မျိုးသန့်ကိုလဲလှယ်ကာ သွေးသစ်လောင်းစိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ရေအနည်းလိုစပါးမွေးမြူရွေးချယ်ရေး သုတေသနလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ထွက်ပေါ်လာသော စပါးမျိုးများကို ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု နည်းပါး၍ စပါးသီးနှံကို အောင်မြင်စွာ စိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်သည့်ဒေသများတွင် စိုက်ပျိုးခြင်းဖြင့် ပြောင်းလဲရာသီ လိုက်လျောညီစေရေးဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
ဤသို့ဖြင့် လယ်ယာစိုက်ပျိုးဝင်ငွေတိုးကြစေလိုပါသည်။
ဆင်းသီဟ

Address

Okkan
Yangon

Website

Alerts

Be the first to know and let us send you an email when Moe myint hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe myint hein:

Share

Category