22/12/2025
✅အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ကုသခြင်း
မိမိခံစားရသည့် ရောဂါလက္ခဏာများသည် အရင်းခံရောဂါတစ်ခုခုကြောင့်ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Secondary dysmenorrhea) နှင့် တူညီနေပါက သက်ဆိုင်ရာ သားဖွား၊ မီးယပ်အထူးကုဆရဝန်နှင့် စမ်းသပ်စစ်ဆေးရန်လိုအပ်ပါသည်။ သို့မှသာ အရင်းခံရောဂါကို ရှာဖွေဖော်ထုတ်ပြီး ကုသနိုင်မှာဖြစ်ပါသည်။
(၁) အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း
အကိုက်အခဲပျောက်ဆေးများ (Nonsteroidal anti-inflammatory drug - NSAID) ကို ပထမဦးစားပေးအနေနှင့် အသုံးပြု၍ ကုသကြပါသည်။ Diclofenac, Ibuprofen နှင့် Mefenamic acid စသော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးနိုင်ပါသည်။ အဆိုပါဆေးများသည် နာကျင်မှုကို သက်သာစေသလို ရာသီလာစဉ်နာကျင်ကိုက်ခဲမှုများကို ဖြစ်စေသော ပရိုစတာဂလင်ဒင်များကို လျော့နည်းစေသောကြောင့် အကျိုးရှိပါသည်။ နာကျင်မှုသိပ်မဆိုးလျှင် ပါရာစီတမောကိုလည်း သောက်သုံးနိုင်သလို အစာအိမ်နာတတ်သူများတွင် Etoricoxib ကဲ့သို့သော COX-2 inhibitor အုပ်စုဝင် ဆေးများကိုအသုံးပြုနိုင်ပါသည်။ နာကျင်မှုဝေဒနာ ပြင်းထန်ပါက ဘိန်းမျိုးနွယ်ဝင်အနာပျောက်ဆေးများ (Narcotic analgesics) ကိုပင် အသုံးပြုနိုင်ပါသည်။
(၂) ဟော်မုန်းပါဝင်သော ကိုယ်ဝန်တားဆေးများကို အသုံးပြု၍ ကုသခြင်း
သောက်ဆေးအမျိုးအစား ကိုယ်ဝန်တားဆေးကတ်များ (Combination Oral Contraceptive Pills)၊ သုံးလခံဆေး (သို့) ဒက်ပို ဟုခေါ်ကြသည့် ထိုးဆေးအမျိုးအစား ကိုယ်ဝန်တားဆေး (Depot medroxyprogesterone acetate) နှင့် သားအိမ်အတွင်းထည့်ရသည့် ဟော်မုန်းပါဝင်သော သားဆက်ခြားကိရိယာ (Levonorgestrel intrauterine device) တို့ကို အသုံးပြုကုသနိုင်ပါသည်။ ကိုယ်ဝန်တားဆေးများသည် သားဥအိမ်မှ သားဥကြွေခြင်းကိုဟန့်တားနိုင်သောကြောင့် ရာသီသွေးကို နည်းစေပြီး နာကျင်မှုလက္ခဏာများကို သက်သာစေနိုင်ပါသည်။ ကိုယ်ဝန်တားလိုသူတွေမှာဆိုလျှင် တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောဖြစ်သောကြောင့် ပို၍အဆင်ပြေပါသည်။
(၃) သဘာဝဖြည့်စွက်ဆေးများဖြင့်ကုသခြင်း
• ချင်း (ဂျင်း) တွင်ပါဝင်သော ဆေးဖက်ဝင် ဒြပ်ပေါင်းများသည် အရောင်ကျစေသော အာနိသင်ရှိပြီး နာကျင်မှုကို ဖြစ်စေသော ပရိုစတာဂလင်ဒင်များကို လျော့နည်းစေသောကြောင့် ရာသီလာစဉ်နာကျင်မှုဝေဒနာများကို သက်သာစေနိုင်ပါသည်။
• တရုတ်တိုင်းရင်းဆေးပညာတွင် အမျိုးသမီးရောဂါများကုသရာ၌ ထင်ရှားသော ဒေါင်းကွေး/တန်ကွေးမြစ် (Angelica root/ D**g quai) သည်လည်း သားအိမ်ကြွက်သားညှစ်ခြင်းကို သက်သာစေသောအာနိသင် (Antispasmodic effect) ရှိသောကြောင့် ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်ပါသည်။
• နိုင်ငံတကာသုတေသနများအရ Glycyrrhiza glabra မှရသော နွယ်ချို (Licorice) သည် အရင်းခံရောဂါမရှိဘဲ ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Primary dysmenorrhoea) ကိုသက်သာစေပါသည်။
• ခမ်မိုမိုင်း (ဂျာမန်စိန်ခြယ်) သည်လည်း ရာသီသွေးနှင့် ဆက်စပ်သော ပြဿနာများကို ကုသရာတွင် အသုံးပြုနိုင်သည်။ သားအိမ်ကြွက်သားညှစ်ခြင်းကို သက်သာစေသောအာနိသင် (Antispasmodic effect) ကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာစေပါသည်။ ခမ်မိုမိုင်းကို လက်ဖက်ရည် (Chamomile tea) အနေနှင့် သောက်သုံးပေးနိုင်သလို ခမ်မိုမိုင်းပါဝင်သော သဘာဝဆေးဝါးများကိုလည်းမှီဝဲပေးနိုင်ပါသည်။
• Omega 3 fatty acid သည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေသော ပရိုစတာဂလင်ဒင်များကို လျှော့ချပေးနိုင်သောကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ကုသရာတွင် များစွာအသုံးဝင်သည်။ Omega 3 ကို ငါးမှရရှိနိုင်သည့်အပြင် နှမ်းကြတ်စေ့ (Flax seed) မှလည်းထုတ်ယူရရှိနိုင်ပါသည်။ Omega 6 နှင့် Omega 9 fatty acids တို့နှင့်တွဲဖက်ထုတ်လုပ်ထားသော ဆေးဝါးများကိုလည်း အသုံးပြုနိုင်ပါသည်။
• ဗီတာမင်-ဒီ သည် လူသားတို့၏ကျန်းမာရေးအတွက်အလွန်အရေးပါသည်။ အမျိုးသမီးများတွင် ဗီတာမင်-ဒီ ချို့တဲ့ခြင်းသည် ရာသီလာလျှင်နာကျင်ကိုက်ခဲမှုများနှင့် ဆက်စပ်နေကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။ ဗီတာမင်-ဒီ ချို့တဲ့သော အမျိုးသမီးများကို ဗီတာမင်-ဒီ ဖြည့်စွက်ပေးလိုက်လျှင် ရာသီလာလျှင်နာကျင်ကိုက်ခဲမှုများကိုပါ သက်သာစေကြောင်းတွေ့ရပါသည်။
• ရာသီလာလျှင်နာကျင်ကိုက်ခဲမှုများကို ကုသရာတွင် ပရိုဘိုင်အိုတစ်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာပြီဖြစ်သည်။ လက်တိုဘတ်စလပ်စ် (Lactobacillus) ပါဝင်သော ပရိုဘိုင်အိုတစ်များသည် Endometriosis/ Chocolate cyst ကြောင့်ဖြစ်သော ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာစေပြီး၊ ထိုဝေဒနာခံစားနေရသော အမျိုးသမီးများ၏ ဘဝအရည်အသွေးကို တိုးတက်အောင် ကူညီပေးနိုင်ပါသည်။
(၄) စားသောက်နေထိုင်မှုပုံစံ
• နာကျင်သည့် နေရာအနီးတဝိုက်ကို ရေနွေးအိတ်ကဲ့သို့သော အပူတစ်မျိုးမျိုးကပ်ပေးနိုင်ပါသည်။
• အဆီလျှော့စားပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲပိစပ်ပါဝင်သော အစားအစာများ၊ အစေ့အဆံများ၊ တူနာနှင့် ဆယ်လမွန်ငါးနှင့် ဒိန်ချဉ်တို့ကိုစားပါ။
• ဗီတာမင် ဘီ-၆၊ ဗီတာမင်-အီး နှင့် မက်ဂနီစီယမ်ပါဝင်သော အားဆေးတစ်မျိုးမျိုးကို သောက်သုံးပေးပါ။
• ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။
• ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ပေးပါ။
နိဂုံးချုပ်အနေနှင့် အထက်ပါ နေထိုင်စားသောက်မှုပုံစံများကို လိုက်နာခြင်းနှင့် ဆေးဝါးများမှီဝဲခြင်းတို့ဖြင့် ရာသီလာစဉ် နာကျင်မှုများ မသက်သာပါက Secondary dysmenorrhea (အရင်းခံရောဂါတစ်ခုခုကြောင့်ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း) ဖြစ်နိုင်သောကြောင့် သားဖွား၊ မီးယပ်အထူးကုဆရာဝန်နှင့် ပြသ၍ စနစ်တကျ ရောဂါရှာဖွေကုသရန် လိုအပ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
#ကျန်းမာရေးဗဟုသုတရကြပါစေ
ေးပါတယ်ရှင့်