17/11/2023
စဉ့်ကူးတိုက်ပွဲ စစ်ကူလာတဲ့ စစ်အုပ်စုက ဒေသခံ(၁၃)ဦးကို သတ်ဖြတ်၊
လမ်းဘေး လက်ဖက်ရည်ဆိုင်ကို စီးနင်းပြီး တွေ့သမျှလူ ဒူးထောက်ခိုင်းကာ ပစ်သတ်တာလို့ဆို၊
စစ်အုပ်စု ဆက်လက် သောင်းကျန်းနေဆဲမို့ အလောင်းတွေ မကောက်နိုင်သေး၊
ရဲလေး/MFP ၊ နိုဝင်ဘာ - ၁၆
မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်၊ ပတ်လည်အင်းရွာထိပ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်က စစ်အုပ်စု ငွေညှစ်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ စစ်အုပ်စုက လမ်းဘေး လက်ဖက်ရည်ဆိုင်ကို စီးနင်းပြီး ဆိုင်ရှင်မိသားစု အပါအဝင် တွေ့သမျှပြည်သူ (၁၃)ဦးကို ဒူးထောက်ခိုင်းကာ ပစ်သတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေက MFP ကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ(၁၆)ရက် မနက်(၄)နာရီက စတင်ပြီး မန္တလေး -မိုးကုတ် ကားလမ်း၊ ပတ်လည်အင်းရွာထိပ်က စစ်အုပ်စု ငွေညှစ်ဂိတ် တိုက်ခိုက်ခံရလို့ မတ္တရာနယ် အင်ကြင်းမြိုင် စခန်းကနေ စစ်ကူလာတဲ့ စစ်အုပ်စုက မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ကို စီးနင်းပြီး ဆိုင်ရှင်မိသားစုဝင် နှစ်ဦး၊ ဆိုင်ထိုင်နေသူ ပြည်သူ ကိုးဦးနဲ့ လမ်းသွားလမ်းလာ ပြည်သူ တစ်ဦး၊ စုစုပေါင်း (၁၂)ဦးကို အကြောင်းမဲ့ ပစ်သတ်တာလို့ ဆိုပါတယ်။
"လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပြီး အကုန် ဒူးထောက်ခိုင်းပြီးမှ ပစ်သတ်တာလို့ သိရတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးနဲ့ ကလေးတစ်ဦးလည်း ရှိတယ်။ အလောင်း အခုထိ ကောက်မရသေးပါဘူး။ စစ်ကောင်စီတပ်တွေလည်း အခုထိ အဲဒီဘေးနားမှာ ရှိနေတုန်းပါပဲ" လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ လက်ဖက်ရည်ဆိုင်က ဒေသခံတွေကို ပစ်သတ်ပြီးနောက် ပတ်လည်အင်းကျေးရွာကို စီးနင်းဝင်မွှေကာ လုယက်မီးရှို့သလို ပတ်လည်အင်းရွာက ပြည်သူတစ်ဦးကိုလည်း ထပ်မံ သတ်ဖြတ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယနေ့ညနေပိုင်းမှာလည်း စစ်အုပ်စုက မန္တလေး-မိုးကုတ် ကားလမ်းပေါ် သွားလာတဲ့ ခရီးသွား ပြည်သူတွေရဲ့ ဆိုင်ကယ်၊ ကားနဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာ၊ လုယက်တာ၊ ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား(၅၀)လောက် ရှိတဲ့ ပတ်လည်အင်းရွာ စစ်အုပ်စု ငွေညှစ်ဂိတ်ကို ဒီမနက်(၄)နာရီမှာ တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မနက်(၆)နာရီမှာ စခန်းသိမ်း နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်အုပ်စု (၂၀)ခန့်သေ၊ အများအပြား ထွက်ပြေးပြီး သေနတ်သုံးလက် သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း သေနတ်ကိုင်ပြီး လက်မြှောက် ပြေးထွက်လာကာ လက်နက်ချတဲ့ အသက်(၄၅)ဝန်းကျင် စစ်အုပ်စု တစ်ယောက်ကိုလည်း ဖမ်းမိပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု သောင်းကျန်းနေကာ ပြည်သူတွေ ထွက်ပြေးနေရဆဲမို့ ပတ်လည်ရွာအတွင်း ဒေသခံတွေ သတ်ဖြတ်ခံရမှုနဲ့ နေအိမ်မီးလောင်မှု အသေးစိတ် အခြေအနေတွေ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်၊ ပတ်လည်အင်းရွာ၊ မန္တလေး - မိုးကုတ် လမ်းပေါ်က စစ်အုပ်စု ငွေညှစ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရွာကို မီးရှို့နေစဉ်/Photo – Patheingyi Reporter