11/01/2024
#မျောက်ပုံပြင်
တစ်ရက်မှာ မြို့ပေါ်က လူချမ်းသာတစ်ယောက် ရွာတစ်ရွာကို ရောက်လာတယ်။ ရွာက မျောက်တွေ ရသလောက် ဝယ်ချင်တယ်၊ မျောက်တစ်ကောင် ဒေါ်လာ တစ်ရာပေးမယ်လို့ ရွာသားတွေကို ပြောတယ်။ ရွာသားတွေ ပျော်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရွာနားက တောအုပ်ထဲမှာ မျောက်တွေအများကြီးရှိနေကြလို့ပါ။
ရွာသားတွေလည်း တောအုပ်ထဲ သွားပြီး မျောက်တွေဖမ်းကြတယ်။ ဖမ်းရတဲ့ မျောက်တွေကို လူချမ်းသာဆီမှာ လာရောင်းကြတယ်။ လူချမ်းသာကလည်း လာရောင်းသမျှ မျောက်တွေကို တစ်ကောင် ဒေါ်လာတစ်ရာပေးဝယ်ပြီး လှောင်ချိုင့်ကြီးထဲမှာ ထည့်လှောင်ထားတယ်။
ရွာသားတွေလည်း တောအုပ်ထဲက မျောက်တွေကို ဖမ်းပြီး လူချမ်းသာဆီမှာ လာရောင်းရင်း ပိုက်ဆံတွေရလို့ ပျော်နေကြတယ်။ မကြာခင် တောအုပ်ထဲမှာ လွယ်လွယ်ကူကူ ဖမ်းလို့ရတဲ့ မျောက်တွေ ရှားလာတယ်။ ဒါကြောင့် လူချမ်းသာဆီ မျောက်တွေ လာရောင်းတာ နည်းသွားတယ်။
ဒါကို ရိပ်မိတဲ့ လူချမ်းသာလည်း မျောက်တစ်ကောင်ကို ဒေါ်လာ ၂၀၀ နဲ့ ဝယ်မယ်လို့ ရွာသားတွေကို ပြောပြန်တယ်။ ရွာသားတွေလည်း ပျော်သွားကြပြီး တောအုပ်ထဲသွားခါ မျောက်တွေကို ကြိုးစားပမ်းစား ရှာဖမ်းကြတယ်။ ဒါပေမဲ့ ဖမ်းရတဲ့ မျောက်တွေနည်းလာလို့ လူချမ်းသာဆီ လာရောင်းတဲ့ မျောက်တွေလည်း နည်းလာတယ်။
ရက်အနည်းငယ်ကြာတော့ လူချမ်းသာက မျောက်တစ်ကောင်ကို ဒေါ်လာ ၃၀၀ နဲ့ ဝယ်မယ်လို့ ပြောပြန်တယ်။ ရွာသားတွေလည်း သစ်ပင်တွေပေါ် တက်ပြီး မျောက်တွေကို စွန့်စွန့်စားစားဖမ်းကြပြန်တယ်။ နေ့မအိပ်ညမအိပ် ရှာဖမ်းကြတယ်။ ဖမ်းမိသမျှ မျောက်တွေကို လူချမ်းသာဆီ လာရောင်းကြတယ်။ လူချမ်းသာလည်း သူ့ကတိအတိုင်း မျောက်တစ်ကောင်ကို ဒေါ်လာ ၃၀၀ ပေးဝယ်တယ်။
ကြာတော့ တောအုပ်ထဲမှာ မျောက်တွေ ရှာရခက်လာတယ်။
လူချမ်းသာက မျောက်တွေ ထပ်လိုချင်သေးတယ်။ တစ်ကောင်ကို ဒေါ်လာ ၈၀၀ ပေးဝယ်မယ်လို့ ပြောပြန်တယ်။ ရွာသားတွေလည်း ဈေးကောင်းရလို့ မျောက်တွေကို ကြိုးစားပမ်းစား ရှာဖမ်းကြတယ်။ ဒါပေမဲ့ တောအုပ်ထဲမှာ မျောက်တွေ လုံးဝမရှိတော့ဘူး။
ဒီအချိန်မှာ လူချမ်းသာက သူ့မှာအရေးတကြီးကိစ္စပေါ်လာလို့ မြို့ကို ပြန်ရမယ်။ သူ ပြန်ရောက်လာတဲ့ အချိန်အထိ သူ့မန်နေဂျာက သူ့ကိုယ်စား မျောက်ဝယ်တာကို ဆောင်ရွက်ပေးမယ်လို့ ရွာသားတွေကို ပြောပြီး ရွာက ထွက်သွားတယ်။
ရွာသားတွေလည်း မျောက်တွေရှာမရတော့လို့ စိတ်ညစ်နေကြတယ်။ ဒီအချိန်မှာ မန်နေဂျာက ရွာသားတွေကို ကမ်းလှမ်းမှုတစ်ခုလုပ်တယ်။ သူက လူချမ်းသာဝယ်ထားတဲ့ ရာချီတဲ့ မျောက်တွေကို လှောင်ထားတဲ့ လှောင်ချိုင့်ကြီးကို လက်ညိုးထိုးပြပြီး မျောက်တစ်ကောင်ကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းပေးမယ်လို့ ပြောတယ်။
ပြီးတော့ သူဆက်ပြောတယ်။ "ငါ့ဆရာ ပြန်လာတဲ့အခါကျရင် မျောက်တစ်ကောင်ကို ဒေါ်လာ ၈၀၀ နဲ့ ပြန်ရောင်းကြပေါ့ကွာ" တဲ့။
ရွာသားတွေလည်း အချင်းချင်း တိုင်ပင်ကြတယ်။ မျောက်တစ်ကောင်ကို ဒေါ်လာ ၄၀၀ နဲ့ ဝယ်ပြီး မကြာခင်မှာ ပြန်ရောက်လာမယ့် လူချမ်းသာကို ဒေါ်လာ ၈၀၀ နဲ့ ပြန်ရောင်းရင် ဒေါ်လာ ၄၀၀ မြတ်မယ်။ ဒီလောက်လွယ်တဲ့ ငွေရှာနည်း မရှိဘူး။ ဒါကြောင့် မျောက်တွေကို မန်နေဂျာဆီက ဝယ်ကြမယ်ပေါ့။
ဒီတော့ သူတို့လည်း စုထားသမျှ ငွေတွေ သိမ်းထားရာက ထုတ်ကြတယ်။ တချို့က ငွေချေးပေးသူဆီက ပိုက်ဆံချေးကြတယ်။ တချို့က အိမ်၊ ခြံတွေ အပေါင်ခံပြီး ငွေချေးကြတယ်။ ပြီးတော့ အဲဒီငွေတွေကိုင်ပြီး မန်နေဂျာဆီမှာ မျောက်ဝယ်ဖို့ သွားကြတယ်။
မန်နေဂျာဆီမှာ မျောက်ဝယ်မယ့်လူတွေ ရောက်လာပြီးမျောက်ဝယ်ဖို့ တန်းစီကြတယ်။ ချက်ချင်းပဲ လူတန်းရှည်ကြီးဖြစ်သွားတယ်။ နာရီအနည်းငယ်အကြာမှာ မျောက်တွေအားလုံး ရောင်းကုန်သွားတယ်။ မျောက်တွေဝယ်လို့ရတဲ့ ရွာသားတွေလည်း ပျော်နေကြတယ်။
ဒါပေမဲ့ ရွာသားတွေရဲ့ ပျော်ရွှင်မှုဟာ ကြာကြာမခံလိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်နေ့မှာ မန်နေဂျာဟာ ရွာထဲက ပျောက်သွားသလို သူ့ဆရာ လူချမ်းသာလည်း ရွာကို ပြန်ရောက်မလာတော့ဘူး။
ရွာသားတွေလည်း ဝယ်ထားတဲ့ မျောက်တွေကို သူတို့အိမ်မှာ ထားရင်း လူချမ်းသာပြန်ရောက်လာပြီး မျောက်တွေကို ပြန်ဝယ်ဖို့ စောင့်နေကြတယ်။ ရက်ပေါင်းများစွာကြာလာတော့ သူတို့ဟာ မျောက်တွေကို အစာကျွေးရတာနဲ့ ထိန်းကျောင်းတာ မလုပ်နိုင်တော့တာကြောင့် မျောက်တွေကို တောအုပ်ထဲ ပြန်လွှတ်လိုက်ကြတယ်။ တစ်ရွာလုံးက လူတိုင်းနီးပါး ပိုက်ဆံတွေ ရှုံးသွားကြတယ်။
ဒါဟာ ပုံပြင်လို့ ထင်ရပေမယ့် ဒါမျိုး အပြင်မှာ တကယ်ဖြစ်ခဲ့ပါတယ်။ ရှယ်ယာရောင်းဝယ်တဲ့ လုပ်ငန်းမှာပါ။ အဖြစ်က ဒီလိုပါ။
ရှယ်ယာဈေးကွက်မှာ ရှယ်ယာတချို့ဟာ ဝယ်မယ့်သူ မရှိဖြစ်နေတယ်။ ရုတ်တရက် လူချမ်းသာတချို့ဟာ အဲဒီရှယ်ယာတွေကို စဝယ်ကြတယ်။ အဝယ်များလာလို့ အဲဒီရှယ်ယာတွေ ဈေးတက်လာတယ်။ မျောက်တွေကို ဈေးတိုးပြီး ပေးဝယ်သလိုပါ။
အဲဒီရှယ်ယာကို ဝယ်သူများလာတယ်ဆိုတဲ့ သတင်းဟာ သတင်းစာတွေနဲ့ စီးပွားရေးဂျာနယ်တွေမှာ ပါလာတယ်။ ရှယ်ယာကို အခုဝယ်လိုက်ကြတဲ့ လူချမ်းသာတွေကလည်း သိသမျှ လူတွေဆီ sms တွေပို့ပြီး အမြတ်အများကြီးရမယ့် ရှယ်ယာကို ဝယ်ဖို့ တိုက်တွန်းကြတယ်။
အတွေ့အကြုံမရှိကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်များများရနိုင်တယ်ဆိုတဲ့ အဲဒီရှယ်ယာတွေကို အလုအယက် ဝယ်ကြတယ်။ လူချမ်းသာတွေက သူတို့ဆီက ရှယ်ယာတွေကို ဈေးတိုးပြီး ဝယ်ကြပြန်တယ်။ သူတို့လည်း ရှယ်ယာတွေကို ဈေးကြီးကြီးနဲ့ ပြန်ဝယ်ပြီး ရှယ်ယာဈေးထပ်တက်မလားလို့ စောင့်ကြည့်နေကြတယ်။ ဒီတစ်ခါမှာတော့ ရှယ်ယာတွေ ဈေးထပ်တက်မလာတော့ဘူး။
ဒါပေမဲ့ ရှယ်ယာတွေ ဝယ်ထားကြသူတွေဟာ သူတို့ရှယ်ယာတွေကို အမြတ်များများနဲ့ ပြန်ရောင်းဖို့ မျှော်တလင့်လင့် ဖြစ်နေကြတယ်။ မြို့ပြန်သွားတဲ့ လူချမ်းသာဟာ ရွာပြန်လာပြီး မျောက်တွေကို ပြန်လာဝယ်မလားလို့ စောင့်နေတဲ့ အဖြစ်နဲ့ တူနေတယ်။
သူတို့ဟာ ရှယ်ယာတွေ ဈေးပြန်တက်မလားဆိုတဲ့ မျော်လင့်ချက်နဲ့ ရှယ်ယာတွေကို နှစ်အတန်ကြာ ကိုင်ထားကြသေးတယ်။ ဒါပေမဲ့ ဈေးတက်မလာတဲ့အဆုံး ရှယ်ယာတွေကို အရှုံးခံရောင်းလိုက်ရပါတော့တယ်။ ရွာသားတွေဟာ အမြတ်များများရချင်လို့ မန်နေဂျာဆီက မျောက်တွေပြန်ဝယ်ပြီး ပိုက်ဆံတွေ ရှုံးသွားကြသလိုပါပဲ။
လောဘမကြီးပါနဲ့။ ရှယ်ယာဈေးကွက်မှာ ငွေကို လွယ်လွယ်နဲ့ ရတယ်ဆိုတာ မရှိဘူး။
ချမ်းသာဖို့ဆိုတာ အချိန်နဲ့ ကြိုးပမ်းမှုလိုပါတယ်။ ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး။
ဝက်ဆိုက်တစ်ခုက ဆောင်းပါးလေးတစ်ပုဒ်ကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၀၃-၀၁-၂၀၂၄