Burma News Myanmar latest news presentation

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသူ Kelley Eckels-Currie ကိုအတည်ပြု ခန့်...
01/04/2026

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသူ Kelley Eckels-Currie ကိုအတည်ပြု ခန့်အပ်ပြီ

ရန်ကုန်၊ ဧပြီ ၁

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (UN Special Rapporteur) အဖြစ် အမေရိကန်နိုင်ငံသူ ကယ်လီ အက်ခဲစ်-ကားရီ (Kelley Eckels-Currie) ကို ခန့်အပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသော ၆၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် အဆိုပါခန့်အပ်မှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Kelley Eckels-Currie သည် မြန်မာ့အရေးနှင့် ပတ်သက်၍ အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်ပြီး ယခင်ကလည်း အမေရိကန်အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ရိုဟင်ဂျာအရေးနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများတွင် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာစင်မြင့်တွင် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သူလည်း ဖြစ်ပါသည်။

ယခုအခါ ၎င်းသည် သက်တမ်းကုန်ဆုံးတော့မည့် လက်ရှိအထူးကိုယ်စားလှယ် မစ္စတာ တွမ်အန်ဒရူးစ် (Tom Andrews) ၏ နေရာတွင် ဆက်ခံတာဝန်ယူရမည် ဖြစ်သည်။

အထူးကိုယ်စားလှယ်သစ်အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာရန်၊ အစီရင်ခံစာများ တင်ပြရန်နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိစေမည့် နိုင်ငံတကာ လှုပ်ရှားမှုများကို ဦးဆောင်ရန် တာဝန်ရှိမည် ဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အပါအဝင် မြန်မာ့အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း Kelley Eckels-Currie ကို မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မှုကို ဝမ်းမြောက်စွာ ကြိုဆိုကြပြီး ၎င်း၏ ဦး ဆောင်မှုအောက် တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းများ ပိုမိုအားကောင်းလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားထားကြပါသည်။

သံအမတ်ကြီး Mrs. Kelley Anne Eckels-Currie သည် နိုင်ငံခြားရေးမူဝါဒ နယ်ပယ်တွင် ဆယ်စုနှစ် သုံးခုကြာ အတွေ့အကြုံရှိသူဖြစ်ပြီး အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူး ပြု ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သံအမတ်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံများအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Project 2049 Institute တွင် Senior Fellow အဖြစ် တာဝန်ယူစဉ် “Burma Transition Initiative” ကို စတင်တည်ထောင်ပြီး ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင် စီ (ECOSOC) ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ်ကြီးအဖြစ်လည်းကောင်း (၂၀၂၀-၂၀၂၁) တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

သူမ၏ ပညာအရည်အချင်းအနေဖြင့် Georgetown University Law Center မှ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဖြင့် ဥပဒေပါရဂူဘွဲ့ (Juris Doctor) ရရှိထားသူ ဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် Atlantic Council ၏ Senior Fellow အဖြစ်လည်းကောင်း၊ National Endowment for Democracy ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူထားပြီး Geopolitical advisory firm တစ်ခုဖြစ်သည့် Kilo Alpha Strategies ၏ တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။

မင်းအောင်လှိုင်ကို ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတအဖြစ် ရွေးချယ်ရန်ကိစ္စကို  ကြံ့ဖွတ်ကိုယ်စာ...
01/04/2026

မင်းအောင်လှိုင်ကို ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတအဖြစ် ရွေးချယ်ရန်ကိစ္စကို ကြံ့ဖွတ်ကိုယ်စားလှယ်များ ကြိုတင်သိရှိခွင့်မရခဲ့ဘဲ အနီးကပ်မှသာ သိရှိခဲ့ရဟုဆို

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်မည့်အရေးကို ကြံ့ဖွတ်အမတ်များ ကြိုတင်သိရှိခွင့်မရခဲ့ဘဲ အနီးကပ်မှသာ သိရှိခဲ့ရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူခဲ့ပြီး အကြမ်းဖက် ပြည်သူ့လွှတ်တော်အစုအဖွဲ့က မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခဲ့ကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့ အဆိုပြုမည်ကို အချိန်နီးကပ်မှသာ သိရှိခဲ့ရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

"ကြိုတင်အသိမပေးဘူး။ အနီးကပ်မှ အသိပေးတာ။ ပြည်သူ့လွှတ်တော်ဘက်မှာ သတင်းတွေ ကြိုထွက်သလို ဦးညိုစောကို တင်မယ်လို့ပဲ သိထားတာ။ အနီးကပ်ရောက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်မယ်ဆိုတာ သိရတာ။ သူတို့ ထိပ်ပိုင်းကတော့ ကြိုသိမှာပေါ့။ ပြည်ခိုင်ဖြိုး အမတ်တွေကတော့ နာရီပိုင်းအလိုမှပဲ အသိပေးတာ" ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်အစုအဖွဲ့မှတစ်ဆင့် မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် တင်မြှောက်မှုအပေါ် မကျေလည်မှုများရှိသော်လည်း ပါတီက ချမှတ်သော ဆုံး ဖြတ်ချက်ဖြစ်၍ လိုက်နာရကြောင်း၊ လာမည့် အကြမ်းဖက် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင်လည်း မင်းအောင်လှိုင်ကိုသာ သမ္မတ ရွေးချယ်ရမည်ဖြစ်ကြောင်း ကြံ့ ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

"ပြည်ထောင်စုလွှတ်တော်က သမ္မတ ရွေးရင်လည်း ဗိုလ်ချုပ်မှူးကြီးကိုပဲ ရွေးရမှာပဲ။ အခုထိတော့ ဘယ်သူ့ကို သမ္မတမဲပေးပါဆိုပြီး မပြောသေးဘူး။ သမ္မတရွေးမယ့်နေ့မှ လွှတ် တော် မသွားခင်မှပဲ ဗိုလ်ချုပ်မှူးကြီးကို ဘယ်သူတွေ မဲပေးပြီး ဦးညိုစောကို ဘယ်လိုမဲပေးဆိုတာမျိုး ပါတီ ထိပ်ပိုင်းက ပြောမယ်ထင်တယ်။ အခုထက်ထိတော့ ဘာညွှန်ကြားချက်မှ မလာသေးဘူး" ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီအတွင်း အမတ်နေရာအများစုကို ရရှိထားသော်လည်း အစိုးရဖွဲ့စည်းရေး၊ ဝန်ကြီးများ ခန့်အပ်ရေး အပါအဝင် အရေးကြီး ကိစ္စများစွာကို ကြံ့ဖွတ်အမတ်များက သိရှိခွင့်မရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ရှင်းပြသည်။

ကြံ့ဖွတ်ပါတီသည် စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲတွင် အကြမ်းဖက်ပြည်သူ့ လွှတ်တော်တွင် ၂၃၁ နေရာ၊ အကြမ်းဖက်အမျိုးသားလွှတ်တော်တွင် ၁၀၈ နေရာ ရရှိထားပြီး အကြမ်းဖက် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၃၃၉ နေရာ ရရှိထားသော်လည်း ပါတီတွင်း မည်သည့်စီမံခန့်ခွဲမှု ကိစ္စကိုမှ ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်ကသာ တိုက်ရိုက်စီမံကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရကို မဲခိုးတယ်လို့ တဖွဖွ စွပ်စွဲခဲ့သူက စစ်အာဏာ သိမ်းပြီး ၅ နှစ်ကျော်အကြာ အရှက်ဂုဏ်သိက္ခာမ...
01/04/2026

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရကို မဲခိုးတယ်လို့ တဖွဖွ စွပ်စွဲခဲ့သူက စစ်အာဏာ သိမ်းပြီး ၅ နှစ်ကျော်အကြာ အရှက်ဂုဏ်သိက္ခာမဲ့စွာဖြင့် သမ္မတပလ္လင် ခိုးယူပြီ

By ဧရာ၀တီလင်းပိုင်

အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့ မင်းအောင်လှိုင်က အခုဆိုရင်ကြံ့ဖွတ် ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာ

ဒုတိယသမ္မတကနေ သူအမြဲတမ်း တပ်မက်ခဲ့တဲ့ တခဲ့တဲ့ "သမ္မတ" ဆိုတဲ့ ပလ္လင်ဆီကို တရားဝင် တက်လှမ်းတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အခုအချိန်အထိ မင်းအောင်လှိုင် ပါးစပ်က အမြဲပြောခဲ့ပြီး မြန်မာပြည်သူတွေ နားခါးအောင် ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိပါတယ်။

အဲဒါကတော့ "မဲစာရင်း မှားယွင်းမှုတွေနဲ့ မဲမသမာမှုတွေကြောင့် အာဏာကို ခေတ္တထိန်းသိမ်းရခြင်းဖြစ်တယ်" ဆိုတဲ့ ဆင်ခြေပါပဲ။

ဒါပေမဲ့ ဒီကနေ့မှာတော့ အဲဒီဆင်ခြေရဲ့ နောက်ကွယ်က တကယ့်ဇာတ်မြစ်ဟာ ပေါ်လွင်လာခဲ့ပါပြီ။ အဲဒါကတော့ မဲမသမာမှု ဖြစ်ခဲ့တာ မဟုတ်ဘဲ၊ သူကိုယ်တိုင် သမ္မတပလ္လင်ပေါ် တက်လှမ်းနိုင်ဖို့အတွက် မဲမသမာမှုကို ခေါင်းစဉ်တပ်အကြောင်းပြ ခင်းကျင်းခဲ့တဲ့ အာဏာရမက်အတွက် သွေးစွန်းတဲ့ လမ်းခင်းမှုသာ ဖြစ်တယ်ဆိုတာ ဒီနေ့ သက်သေပြသွားခဲ့ပြီဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို "မဲခိုးတယ်" လို့ စွပ်စွဲကာ လက် နက်အားကိုးဖြင့် ဖယ်ရှားခဲ့ခြင်းဟာ ဒီမိုကရေစီကို စောင့်ရှောက်ဖို့ မဟုတ်ကြောင်း ယခုအခင်းအကျင်းက သက်သေပြနေပါတယ်။

အမှန်စင်စစ် တရားဝင်မှုမရှိဘဲ ဒုသမ္မတ ရာထူးမှတစ်ဆင့် သမ္မတနေရာကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားခြင်းဟာ "မဲစာရင်း" ထက် ပိုမိုကြီးမားတဲ့ "နိုင်ငံတော်အာဏာကို ဗြောင်ကျကျ ခိုးယူခြင်း" သာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ရာထူးရလိုမှုကြောင့် ပြည်သူကိုရန်သူလို့ သတ်မှတ်ပြီး "မဲစာရင်းမမှန်လို့" ဆိုတဲ့ ဝါဒဖြန့် စကား နောက်မှာ စစ်တပ်ကို အသုံးချပြီး အပြစ်မဲ့ပြည်သူထောင်ချီကို သတ်ဖြတ်ခဲ့ပါတယ်။

နိုင်ငံတော်ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံကို ကာကွယ်ဖို့ထက် လူတစ်ယောက်ရဲ့ သမ္မတဖြစ်ချင်တဲ့ စိတ္တဇကို ဖြည့် ဆည်းပေးဖို့ အသုံးချခံ ဖြစ်သွားရပါတယ်။

အခုအခါမှာ သမ္မတရာထူးကို ရယူပြီး အစိုးရအဖွဲ့ အပြောင်းအလဲတွေ လုပ်ပြခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြေလည်သွားတော့မလိုလို ဝါဒဖြန့်မှုတွေ ရှိလာနေပါတယ်။ ဒါပေမယ့် ပြည်သူတွေ သတိပြုရမှာက "ဇာတ်ညွှန်းရေးသူက အတူတူ၊ မင်းသားကလည်း ဒီလူပဲ" ဆိုတာပါပဲ။

"မဲခိုးလို့" ဆိုတဲ့ လိမ်လည်မှုနဲ့ စတင်ခဲ့တဲ့ ခရီးဟာ ဘယ်လိုမှ ဖြောင့်ဖြူးတဲ့ လမ်းဆုံးကို ရောက်ရှိမှာ မဟုတ်ပါဘူး။ အာဏာရှင်တစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အောင်ပွဲဟာ ပြည်သူလူထုအတွက်တော့ ဆုံးရှုံးမှုအသစ်တွေရဲ့ အစသာ ဖြစ်ပါလိမ့်မယ်။

လူ သန်းပေါင်းများစွာရဲ့ ဘဝတွေကို စတေးပြီး မင်းအောင်လှိုင် ရယူမယ့် သမ္မတရာထူးဟာ အရှက် ဂုဏ်သိက္ခာမဲ့တဲ့ ရာထူးသာ ဖြစ်ပါတယ်။ မိမိဘာသာ ဖန်တီးထားတဲ့ ဥပဒေအောက်မှာ မိမိကိုယ်ကို သမ္မတအဖြစ် တင်မြှောက်ခြင်းဟာ ကမ္ဘာ့သမိုင်းမှာ အကျည်းတန်ဆုံး မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်မှာပါ။

ပြည်သူများ အနေနဲ့ အပြောင်းအလဲကို မျှော်လင့်ခြင်းထက် လက်ရှိအခြေ အနေရဲ့ အနှစ်သာရကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ သမ္မတရူးမှုကို ဖြည့်ဆည်းပေးနေရတဲ့ ဒီပြဇာတ်ဟာ နိုင်ငံအတွက်တော့ အဖြေမဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းတွေကိုသာ သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

အရင်းခံ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်က "ပြည်သူ့အကျိုး" မဟုတ်ဘဲ "မိမိရာထူး တည်မြဲရေး" သာ ဖြစ်နေသရွေ့ ဘယ်လို အခင်းအကျင်းသစ်တွေ ခင်းကျင်းပါစေ ပြည်သူတွေအတွက်တော့ ပိုမိုဆိုးရွားတဲ့ ဖိနှိပ်မှုတွေနဲ့ စီးပွားရေး ကျပ် တည်းမှုတွေသာ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

(ဧရာ၀တီလင်းပိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်နေသော တော်လှန်ရေးဘက်တော်သား တစ်ဦးဖြစ်သည်။)

စက်သုံးဆီတင်သင်္ဘောများ အဝင်နည်းပါးလာ၍ ဆီခွဲတမ်းများကို စတင်လျှော့ချနေပြီး ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများက...
31/03/2026

စက်သုံးဆီတင်သင်္ဘောများ အဝင်နည်းပါးလာ၍ ဆီခွဲတမ်းများကို စတင်လျှော့ချနေပြီး ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများကိုသာ ဦးစားပေးစနစ်ဖြင့် စက်သုံးဆီများ ချထားပေး

ရန်ကုန်၊ မတ် ၃၁

မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီသင်္ဘောများ အဝင်နည်းပါးလာ၍ ဆီခွဲတမ်းများကို စတင်လျှော့ချနေပြီး ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများကိုသာ ဦးစားပေးချတော့ကြောင်း စက်သုံးဆီ ဖြန့်ဖြူးရေးအသင်းမှ အဖွဲ့ဝင် ဆီလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အရှေ့အလယ်ပိုင်းပဋိပက္ခ ၁ လကျော်ကြာမြင့်လာချိန် မြန်မာနိုင်ငံပြည်တွင်းသို့ လာရန်ရှိနေသည့် စက်သုံးဆီသင်္ဘောများမှာ အီရန်ဟော်မုခ်ရေလက်ကြားတွင် ဖြတ်သန်းခွင့်မရသေးဘဲ ပိတ်မိနေကြောင်း သိရှိရသည်။

"ဆီတင်သင်္ဘောတွေ ပိတ်မိနေတယ်ဆိုတာက ကျနော်တို့က တိုက်ရိုက်မှာတာမျိုးမဟုတ်ဘူး။ ကျနော်တို့က စင်ကာပူနဲ့ ဗီယက်နမ်က ပြန်မှာတာ။ စင်ကာပူနဲ့ ဗီယက်နမ်ကုမ္ပဏီတွေကနေ မြန်မာပြည်ကို ပြန်ရောင်းပေးမယ့် ဆီသင်္ဘောတွေက ရေ လက်ကြားမှာ ပိတ်မိနေတာ။ နောက်တစ်ခုက သူတို့နိုင်ငံတွေမှာလည်း ဆီအကျပ်အတည်းဖြစ်နေတော့ အရင် ဝယ်ထားတဲ့ စာချုပ်တွေပြီးရင် ထပ်ပြီး မှာဝယ်ယူဖို့က​ အတော်ကို ခက်နေပြီ" ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က စက်သုံးဆီများကို ရုရှားနိုင်ငံမှ ဝယ်ယူခွင့်ရရှိရေး ကြိုးပမ်းနေသော်လည်း ယနေ့ အချိန်အထိ ညှိနှိုင်းဆွေးနွေးနေဆဲအဆင့်တွင်သာရှိသည်ဟု ကြားသိထားကြောင်း၊ လက်တွေ့ ရုရှားထံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းရေးမှာ အဆင့်များစွာနှင့် လမ်းခရီးကြန့်ကြာသော အခက်အခဲများစွာရှိနေကြောင်း သိရှိရသည်။

စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။

အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ ပြန်လည်ရောင်းချနေခြင်းဖြစ် ကြောင်း ၊ တစ်ဖက်တွင် ဆီဆိုင်များမှာ ဆီခွဲတမ်းမရရှိတော့သဖြင့် အရောင်းရပ်နားထားရသည်ဟု ထုတ်ပြန်ထားကြသည်။

လက်ရှိ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာလျှင် ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄,၉၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆,၀၈၅ ကျပ်အထိ ရှိလာပြီး မန္တလေးနှင့် အခြားမြို့ကြီးများတွင်မူ စျေးနှုန်းမှာ ယခုထက် ပိုမိုမြင့်မားလျက်ရှိသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် ဆီများကို ကန့်သတ်ရောင်းချမည့် စနစ်သစ်ကို ကျင့်သုံးနေပြီဖြစ်သည်။ အဆိုပါ စနစ်အရ ယာဉ်များ၏ Wheel Tax စတစ်ကာပါ Hologram ကို Scan ဖတ်၍ သတ်မှတ်ပမာဏ (Quota) အတိုင်းသာ ရောင်းချနေသည်။

အိမ်စီးကားများအတွက် တစ်ပတ်လျှင် ဝယ်ယူခွင့်ပမာဏများမှာ အင်ဂျင်ပါဝါ 1.3 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၃၅ လီတာ၊ အင်ဂျင်ပါဝါ 2.0 / 2.4 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၄၀ လီတာ၊ အင်ဂျင်ပါဝါ 3.0 CC နှင့် အထက်ယာဉ်များမှာ တစ်ပတ်လျှင် ၄၅ လီတာ သတ်မှတ်ထားပြီး အဆိုပါ Quota ပမာဏကို တစ်ပတ်လျှင် ၂ ကြိမ်သာ ခွဲဝယ်ခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်အကြိမ်ရေ သို့မဟုတ် လီတာပမာဏ ကျော်လွန်ပါက ထိုအပတ်အတွင်း ထပ်မံဖြည့်တင်းခွင့် မရရှိပေ။

အငှားယာဉ် (Taxi) များအတွက်မူ တစ်ပတ်လျှင် ၉၀ လီတာမှ ၁၁၀ လီတာအထိ ၃ ကြိမ်ခွဲ၍ ဝယ်ယူခွင့်ပေးထားပြီး၊ ဆိုင်ကယ်များမှာ တစ်ပတ်လျှင် ၈ လီတာသာ ရရှိမည်ဖြစ်သည်။

စနစ်သစ် စတင်ခဲ့သော်လည်း ယခင်ကျင့်သုံးခဲ့သည့် ယာဉ်အမှတ်ပြားအဆုံးသတ်ဂဏန်းပေါ်မူတည်၍ ခွဲခြားဝယ်ယူရသည့် စုံ/မ စနစ် ကို လုံးဝပယ်ဖျက်ထားခြင်း မရှိသေးဘဲ ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ဝယ်ယူခွင့်နေ့ရက်တွင်သာ QR Scan ဖတ် ၍ သတ်မှတ်လီတာအတိုင်း တိုးကြိတ်ဝယ်ယူနေရသည်။

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှု ဂယက်သည် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်းနှင့် ဆက်စပ်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ အခြေခံလူတန်းစားများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေကြောငး၊ စျေးနှုန်းမြင့်တက်မှုနှင့်အတူ ကန့်သတ်ချက်များပါ ရှိလာသည့်အတွက် ခွဲတမ်းစနစ်နှင့် ဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကြီးမားလာမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို  ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံးရန်ကုန်၊ မတ် ၃...
30/03/2026

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၀

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ကင်းလှည့်လာသော ရဲကား ၄ စီး၊ အင်အား ၂၀ ခန့် ပါဝင်သော ယာဉ်တန်းကို PLA က ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ရဲ ၁၀ ဦးသေဆုံးကာပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"ရဲခွေး အင်အား ၂၀ ခန့်ပါတဲ့ ကား ၄ စီးကို တိုက်ခိုက်ခဲ့တာ ရဲ ၁၀ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ထပ်တိုးသေဆုံးတာတော့ မသိရသေးပါဘူး။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး" ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ရဲယာဉ်တန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်ခြင်း၊ ဂိတ်ထိုးပြီး ပိုက်ဆံ ကောက်နေသော ရဲကားယာဉ်တန်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကိုလည်း အကြမ်းဖက် စစ်တပ်က ရှင်းလင်းရေး လုပ်ဆောင်နေကာ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သားနှင့်သမီးက ဖခင်အရှိန်အဝါဖြင့် နိုင်ငံတော်ပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်ကာ စီးပွားရေး အကျိုးအမြ...
30/03/2026

မင်းအောင်လှိုင်၏ သားနှင့်သမီးက ဖခင်အရှိန်အဝါဖြင့် နိုင်ငံတော်ပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်ကာ စီးပွားရေး အကျိုးအမြတ်များစွာ ရရှိနေ

ရန်ကုန်၊ မတ် ၃၀

စစ်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ရာထူးအာဏာကို အသုံးပြု၍ နိုင်ငံတော်ပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုလုပ်ကာ ၎င်း၏ သားနှင့်သမီးဖြစ်သူတို့ထံသို့ စီးပွားရေးအကျိုးအမြတ်များ စီးဆင်းစေရန် စနစ်တကျ လုပ်ဆောင်နေကြောင်း Justice For Myanmar (JFM) က ထုတ်ဖော်ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသည် ဖခင်ဖြစ်သူ၏ အရှိန်အဝါဖြင့် လုပ်ငန်းပေါင်းများစွာကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည်။

အောင်ပြည့်စုံက ဆေးဝါးနှင့် အစားအသောက်ကဏ္ဍတွင် ၂၀၁၇ ခုနှစ်အတွင်း A&M Mahar Co. Ltd. ကို တည်ထောင်ကာ FDA နှင့် အခွန်ဆိုင်ရာ လုပ်ငန်းများကို ဇနီးဖြစ်သူ မျိုးရတနာထိုက်နှင့်အတူ လုပ်ကိုင်လျက်ရှိသည်။

ခရီးသွားလာရေးအဖြစ် ချောင်းသာကမ်းခြေတွင် အကြီးဆုံးဖြစ်သည့် Azura Beach Resort ကို ပိုင်ဆိုင်ထားသည်။ ယင်းအပန်းဖြေစခန်းအတွက် မြေဧရိယာ ၂၂ ဧကကျော်ကို Sky One Construction မှတစ်ဆင့် အခွင့်ထူးခံရယူကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေးတွင်လည်း Bhone Myat Pyae Sone Trading နှင့် Nyein Chan Pyae Sone Manufacturing & Trading ကုမ္ပဏီများကိုလည်း ပိုင်ဆိုင်ထားသည်။

ရန်ကုန်မြို့လယ် စီမံကိန်းများအဖြစ် ပြည်သူ့ရင်ပြင်အတွင်းရှိ Yangon Gallery နှင့် Yangon Restaurant တို့ကို စျေးကွက်ပေါက်စျေးထက် အလွန်နည်းပါးသော ငှားရမ်းခဖြင့် ရယူလုပ်ကိုင်နေပြီး စည်းကမ်းဖောက်ဖျက်မှုများ ရှိသော်လည်း အရေးယူခံရခြင်း မရှိပေ။

အလားတူ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်သည်လည်း အဓိကကျသော စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိသည်။

ဆက်သွယ်ရေးကဏ္ဍတွင် Pinnacle Asia Co. Ltd. မှတစ်ဆင့် ဖခင်ဖြစ်သူ ထိန်းချုပ်ထားသော Mytel အတွက် တာဝါတိုင်တည်ဆောက်ရေး စာချုပ်များ ရယူခဲ့သည်။

မီဒီယာနှင့် ကျန်းမာရေးနယ်ပယ်တွင်လည်း Seventh Sense မီဒီယာထုတ်လုပ်ရေးနှင့် One Wellness (ယခင် Everfit) အားကစားရုံလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အားကစားရုံတစ်ခုကို စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Golden City အိမ်ရာဝင်းအတွင်း ဖွင့်လှစ်ထားသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်အစိုးရက အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့အား ၎င်းတို့၏ ဖခင်ဖြစ်သူထံမှ တိုက်ရိုက်အကျိုးအမြတ်ရရှိနေသည့်အတွက် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

စီးပွားရေးအရ ပိတ်ဆို့ခံရသည့် လုပ်ငန်းများတွင် A & M Mahar၊ Sky One Construction၊ The Yangon Restaurant၊ The Yangon Gallery၊ One Wellness နှင့် Seventh Sense တို့ ပါဝင်သည်။

မင်းအောင်လှိုင်မိသားစုသည် အဂတိလိုက်စားမှုမှ ရရှိသောငွေများဖြင့် ထိုင်းနိုင်ငံတွင် တန်ဖိုးကြီး အိမ်ခြံမြေများ ဝယ်ယူထားသည်။

အောင်ပြည့်စုံသည် ဘန်ကောက်မြို့ရှိ Belle Grand Rama 9 ကွန်ဒိုတွင် နှစ်ထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ထားပြီး၊ ၎င်းကို ၂၀၁၇ ခုနှစ်တွင် ထိုင်းဘတ်ငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၅၈၁,၀၀၀) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Justice For Myanmar က မကြာသေးမီက ဖော်ထုတ်ခဲ့သည့်အတိုင်း ၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်၏ မိသားစုဝင်များသည် ဘန်ကောက်မြို့တွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိသော ဇိမ်ခံတန်ဖိုးကြီးအိမ်ယာတစ်ခုကို ဝယ်ယူခဲ့သည်။

ထိုသို့ဝယ်ယူရာတွင် နိုင်ငံခြားသားများ မြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေအား ရှောင်လွှဲနိုင်ရန် ထိုအိမ်ခြံမြေဖော်ဆောင်သူ Charn Issara ကုမ္ပဏီနှင့် ဆက်နွှယ်နေသည့် ကြားခံကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်မခံရသေးသည့် မျိုးရတနာထိုက်၏ နာမည်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့မှု မရှိခြင်းကြောင့် ဖြစ်ပေါ်နေသည့် ဥပဒေ ဟာကွက်ကို ပိတ်ဆို့ရန်နှင့် သူမကိုပါ အရေးယူပိတ်ဆို့မှုများ ချမှတ်အ‌ရေးယူရန် Justice For Myanmar က အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ကို တောင်းဆိုထားသည်။

ထိုင်းနှင့် အခြားနိုင်ငံအစိုးရများအနေဖြင့် မင်းအောင်လှိုင်မိသားစု၏ အကျင့်ပျက်ခြစားမှုများမှ ရရှိလာ သည့်ငွေကြေးများအား မိမိတို့အာဏာပိုင်နယ်နိမိတ်များအတွင်း ငွေကြေးခဝါချခြင်းမှ တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲအရေးယူရန်တို့ လိုအပ်သည်ဟု JFM က ထောက်ပြသည်။

သိမ်းဆည်းရရှိသည့် ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး ၎င်းတို့ထံ ပြန်လည်လွှဲပြောင်းပေးနိုင်သည့်အချိန်အထိ ထိန်းသိမ်းထားသင့်ရန် တောင်းဆိုထားသည်။

Justice For Myanmar က မျိုးရတနာထိုက်ကိုပါ အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းရန်နှင့် ထိုင်းအစိုးရအနေဖြင့် ၎င်းတို့မိသားစု၏ ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးပြီး ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားရန် တိုက်တွန်းထားသည်။

မင်းအောင်လှိုင်နှင့် မိသားစုဝင်များသည် ၎င်းတို့၏ အကျင့်ပျက်ခြစားမှုများအတွက် တာဝန် ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်နေမှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း Justice For Myanmar က တောင်းဆိုထားသည်။

စစ်တပ်က စက်သုံးဆီမှောင်ခိုရောင်းသည်ဟုဆိုကာ ဆီဆိုင် ၃ ဆိုင်နှင့် လူ ၁၇ ဦးကို ဖမ်းဆီး၊ ဆီမှောင်ခိုလုပ်နေသော  စစ်တပ်၊ရဲနှင့...
30/03/2026

စစ်တပ်က စက်သုံးဆီမှောင်ခိုရောင်းသည်ဟုဆိုကာ ဆီဆိုင် ၃ ဆိုင်နှင့် လူ ၁၇ ဦးကို ဖမ်းဆီး၊ ဆီမှောင်ခိုလုပ်နေသော စစ်တပ်၊ရဲနှင့် ထွေ/အုပ်များကို အရေးမယူ

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီက စက်သုံးဆီ မသမာမှုများ ပြုလုပ်သည်ဟုဆိုကာ နေပြည်တော်နှင့် မန္တလေးရှိ အရောင်းဆိုင် ၃ ဆိုင်ကို လိုင်စင်ပိတ်သိမ်းလိုက်ပြီး စစ်ကိုင်းမြို့နယ်တွင် မှောင်ခိုရောင်း ဝယ်သူ ၁၇ ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရှိရသည်။

စစ်တပ်က တိုင်ကြားချက်အရဟုဆိုကာ သတ်မှတ်စည်းကမ်းများ မလိုက်နာဘဲ မသမာမှုပြုလုပ်သည်ဟုဆိုကာ စက်သုံးဆီအရောင်းဆိုင် ၃ ခုကို လိုင်စင်ယာယီပိတ်သိမ်းပြီး မန်နေဂျာနှင့် ဝန်ထမ်းများကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပိတ်သိမ်းလိုက်သော စက်သုံးဆီဆိုင်များမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ရွှေပိုး စက်သုံးဆီဆိုင်၊ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ ရွှေခြင်္သေ့ဆိုင်နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အောင်သိဒ္ဓိစက်သုံးဆီဆိုင်တို့ကို ပိတ်သိမ်းအရေးယူလိုက်ကြောင်း သိရှိရသည်။

ယင်းအပြင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာအနီးရှိ ဆီသိုလှောင်ခြံ ၅ ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မှောင်ခိုရောင်းဝယ်နေသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးမှုနှင့်အတူ ပရီမီယမ်ဒီဇယ်နှင့် အောက်တိန်း 92 စုစုပေါင်း ဂါလံ ၆၀,၀၀၀ ကျော်။ ဆီသယ်ယာဉ် အမျိုးမျိုး ၂၂ စီးနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် ငွေကြေးအမြောက်အမြားကိုလည်း စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း ကျူးကျော်ရပ်ကွက်အတွင်း တရားမဝင် ဆီသိုလှောင်ထားသည့် ဦးမြင့်မောင် ဆိုသူကိုလည်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ဆီမှောင်ခိုမှုတွင် ပါဝင်နေသော စစ်တပ်၊ရဲနှင့်ထွေအုပ်များကို အရေးယူမှု မရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရဲစခန်းအချို့မှ ရဲတပ်ဖွဲ့ဝင်များသည် စက်သုံးဆီဆိုင်များနှင့် ပူးပေါင်းကာ အများပြည်သူများ ဆီတန်းစီနေရချိန်တွင် လုံခြုံရေးအကြောင်း ပြ၍ ဆီများကို ဦးစားပေးစနစ်ဖြင့် ထည့်သွင်းကာ ပြင်ပသို့ စျေးတင်ရောင်းချမှုများ ပြု လုပ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ ဘုရားကုန်းရဲစခန်း၊ ထုံပုံရဲစခန်းနှင့် တောင်ညိုရဲစခန်း တို့မှ ရဲတပ်ဖွဲ့ဝင်များသည် နံနက်ပိုင်းနှင့် ညပိုင်း ကင်းလှည့်ချိန်များကို အသုံးပြု၍ ၎င်းတို့နှင့် ပတ်သက်သည့် အရပ်သားကားများကို ယူဆောင်ကာ ဆီဆိုင်များတွင် တန်းစီခြင်းမရှိဘဲ အပြည့်အဝ ဖြည့်သွင်းလျက်ရှိသည်။ ၎င်းနောက် အဆိုပါဆီများကို ပြင်ပသို့ ပြန်လည်ရောင်းချခြင်း သို့မဟုတ် အခကြေးငွေယူ၍ ဆီဖြည့်ပေးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ဒေသပြည်သူများ၏ အဆိုအရ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကိုယ်တိုင် ပုဂ္ဂလိကကားမောင်း၍ ဆီဖြည့်ပေးခြင်းအတွက် ကားတစ်စီးလျှင် ကျပ် ၃ သောင်းမှ ၅ သောင်းကြား ရရှိသည့်အပြင်၊ ဆီဖိုးအပြင် အပိုဆောင်းပေးရသည့် "အချိုကြေး" ကိုလည်း ဆီဆိုင်မန်နေဂျာများနှင့် ညှိနှိုင်းကာ ခွဲဝေယူကြကြောင်း သိရသည်။

နေပြည်တော်တွင် ဆီမှောင်ခိုအတွက် အဓိက ပါဝင်ပတ်သက်နေသည့် ဆီဆိုင်များမှာ
တာပင်တိုင် စက်သုံးဆီဆိုင်၊ နေပြည်တော် အိုရှန်းအနီးရှိ Danko နှင့် PT Power ဆီဆိုင်များ၊ ကျည်ထောင်ကန် ခုတင် ၃၀၀ ဆေးရုံအနီးရှိ Danko ဆီဆိုင်တိုပဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများမှာ ညသန်းခေါင် ၁ နာရီ၊ ၂ နာရီခန့်ကတည်းက ဆီရရှိရန် တန်းစီစောင့်ဆိုင်းနေရသော်လည်း၊ ဆီဆိုင်ပိတ်ချိန်နှင့် ညဘက်များတွင် ရဲတပ်ဖွဲ့ဝင်များက ယူနီဖောင်းအပြည့် အစုံဖြင့် ကားများကို ဆိုင်အတွင်း မောင်းနှင်သွင်းကာ စိတ်ကြိုက်ဖြည့်သွင်းနေကြသည်။ ထိုသို့ပြုလုပ်ရာတွင် ထွေအုပ်နှင့် စီကူ (စက်သုံးဆီကြီးကြပ်ရေးကော်မတီ) အဖွဲ့ဝင်အချို့လည်း ပါဝင်ပတ်သက်နေသည်ဟု သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုသည် အခြေခံပြည်သူများထံသို့ စနစ်တကျ ရောင်းချပေးခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မှောင်ခိုဈေးကွက်သို့ ပေပါလိုက်၊ ကားအစီးလိုက် လျှို့ဝှက်ထုတ်ရောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့ရှိ ဆီဆိုင်တန်းနေရာများတွင် နေ့စဉ် နံနက်အစောကြီး ၄ နာရီနှင့် ၅ နာရီဝန်းကျင်အချိန်များ၌ စက်သုံးဆီမှောင်ခိုကားများ အလျှိုအလျှို ခိုးထွက်နေကြသည်ကို ပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများက မျက်မြင်တွေ့ရှိနေကြရသည်။

အဆိုပါ မှောင်ခိုကားများသည် ဆီဆိုင်များမှ ဆီများကို ပေပါအလုံးလိုက် တင်ဆောင်ကာ မြို့ပြင်ရှိ မှောင်ခိုဈေးကွက်များသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

ဆီဆိုင်ပိုင်ရှင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် နားလည်မှုယူကာ အကာအကွယ်ရယူထားပြီး အများပြည်သူထံသို့ ရောင်းချပေးရမည့် ဆီခွဲတမ်းများကို မှောင်ခိုဈေးကွက်သို့ လွှဲပြောင်းရောင်းချနေခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ပြည်သူများထံသို့ တန်းစီစနစ်ဖြင့် ရောင်းချပေးရခြင်းထက် မှောင်ခိုဈေးကွက်တွင် စျေးတင်ရောင်းချရခြင်းက ပိုမိုအကျိုးအမြတ်များသဖြင့် "ပြည်သူတွေ လာမဝယ်လေ ကြိုက်လေ" ဟုပင် ပြောဆိုမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပခုက္ကူမြို့ခံများသည် စက်သုံးဆီရရှိရန် ခက်ခဲစွာ စောင့်ဆိုင်းနေရသော်လည်း ဆီဆိုင်များက ပြည်သူကို ငဲ့ညှာခြင်းမရှိဘဲ မှောင်ခိုရောင်းဝယ်ရေးကိုသာ အားစိုက်လုပ်ဆောင်နေကြသည်။

ယခုကဲ့သို့ အာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ စနစ်တကျ မှောင်ခိုထုတ်ရောင်းနေသည့် လုပ်ရပ်များကြောင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပိုမိုခံစားနေရသည်ဟု ပြည်သူများက ပြောဆိုကြသည်။

နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်း...
30/03/2026

နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဟုပြောဆို

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်-မန္တလေး လမ်းဟောင်း နေပြည်တော်အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ပိုင်းမှ စတင်ပြီး ဝရဇိန်တပ်ဖွဲ့က ၅/၂၆ အဖြစ် လွတ်မြောက်နယ်မြေ တနေရာတွင် မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ဖွဲကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းများ ပို့ချခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသင်တန်းကို မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော Loikaw Local PDF ၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ် ၊ ဇာမဏီတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု PRF တပ်ဖွဲ့တို့မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး အဆင့်မြင့် Anti jamming FPV & Multi rotors pay load drone များမောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း နည်းပညာများကို စာတွေ့ လက်တွေ့ စနစ်တကျ တက်မြောက်သည်အထိသင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ သင်တန်းပို့ချခြင်းသည် အကြမ်းဖက် စစ်တပ်၏ ယန္တရားများကို ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး နည်းပညာစစ်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

"အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ယန္တရား ဖြစ်တဲ့ ဘယ် ယန္တရားကိုမဆို တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုမျိုး တိုက်ခိုက်ခဲ့နေရာမှာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ တော်လှန်ရေးကို နည်းပညာ စစ်ပွဲအဖြစ် ဆက်လက် ဖော်ဆောင်နိုင်ဖို့ကို အခုလို မဟာမိတ် တော်လှန်ရေး အဖွဲ့တွေကို သင်တန်းပေးရတာပေါ့" ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဝရဇိန်တပ်ဖွဲ့သည် မတ်လ ၂၁ ရက်နေ့က ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို “Operation Fly Over Urban (Yae Ni)” အဖြစ် အဆင့်မြင့် အသေခံ ဒရုန်း များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှ...
29/03/2026

မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့

ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံတွင် ပိတ်လှောင်ခံရပြီး တရားမဝင်အလုပ်များကို အဓမ္မစေခိုင်းခံခဲ့ရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့တွင် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) က ယမန်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဟောင်ကောင်နိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရစဉ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ဟောင်ကောင်အထူးအဖွဲ့၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးများ၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို စနေနေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ပေးခဲ့သည်။

ကယ်တင်ခြင်းခံရသော ဟောင်ကောင်နိုင်ငံသားက "ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်တစ်ကားကို ကိုယ်တိုင်ကြုံတွေ့နေရသလို ခံစားခဲ့ရကြောင်း" ပြောဆိုခဲ့ပြီး ၎င်းကို ကယ်တင်ပေးခဲ့သည့် အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒီဟောင်ကောင်နိုင်ငံသားက သူဖြတ်သန်းခဲ့ရတဲ့ ရက်အနည်းငယ်ဟာ ထိတ်လန့်ဖွယ်ရုပ်ရှင်တစ်ကားကို ကြုံတွေ့ခဲ့ရသလိုပဲလို့ ပြောပါတယ်။ သူ့ကို အကျဉ်းအကျပ်ထဲကနေ ကယ်ထုတ်ဖို့ ထိုင်းနိုင်ငံအထိ လာရောက်ခဲ့တဲ့ အထူးလုပ်ငန်းအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်” ဟု ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း၏ မိသားစုဝင်များကလည်း အဆိုပါဖြစ်ရပ်မှာ "တန်ဖိုးရှိသော သင်ခန်းစာတစ်ခု" ရရှိခဲ့ကြောင်းနှင့် မြန်ဆန်ထိရောက်သော ကယ်ဆယ်ရေးအတွက် ချီးကျူးခဲ့ကြသည်။

ဟောင်ကောင်လုံခြုံရေးဗျူရိုမှ အစိုးရလုံခြုံရေးအရာရှိ Joe Chan ဦးဆောင်သောအဖွဲ့သည် လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး ထိုင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ATPD) မှ ရဲချုပ် Police Major General Vitthaya Sripasertpap နှင့် တွေ့ဆုံကာ ကယ်တင်ခံရသူအား ဟောင်ကောင်သို့ အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်မှစတင်ကာ အရှေ့တောင်အာရှနိုင်ငံများတွင် ပိတ်လှောင်ခံရပြီး အဓမ္မစေခိုင်းခံရသည့် ဟောင်ကောင်နိုင်ငံသား ၃၂ ဦးထံမှ အကူအညီတောင်းခံမှုများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် ယခုနောက်ဆုံးကယ်တင်ခံရသူအပါအဝင် ၂၉ ဦးမှာ ဟောင်ကောင်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ၊ အူလ်ဆန်မြို့တွင် ပြည်ပရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက အကြမ်းဖက် မြန်မာ စစ်တပ်၏ အတုယောင် လ...
29/03/2026

တောင်ကိုရီးယားနိုင်ငံ၊ အူလ်ဆန်မြို့တွင် ပြည်ပရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက အကြမ်းဖက် မြန်မာ စစ်တပ်၏ အတုယောင် လွှတ်တော် အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၉

တောင်ကိုရီးယားနိုင်ငံ၊ အူလ်ဆန်မြို့တွင် ယနေ့ မတ်လ ၂၉ ရက်နေ့၌ အသံမတိတ် အလံမလိပ် အူလ်ဆန် သပိတ် ကိုရီးယား-မြန်မာ ပူးပေါင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးသည့် အီဂျူမင်းကိုရီးယားစင်တာ MFDMC ပြည်ပထောက်ပို့ ဥက္ကဠ ကိုဇော်မိုးအောင် ၊ တော်လှန်ရေး တက်ကြွလှုပ်ရှာသူ ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်ကာ တော်လှန်ရေး တက်ကြွ လှုပ်ရှာသူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် မတရားဖမ်းဆီးခံထားရသူများအမြန်ဆုံး လွှတ်ပေးရေးနှင့် အကြမ်းဖက် မြန်မာ စစ်တပ်၏ အတုယောင် လွှတ်တော်အလိုမရှိ လက်မခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်ဟု သိရှိရသည်။

ဟားခါးမြို့ပေါ်တွင် စစ်တပ်က လူငယ် ၃ ဦးကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းများဘေးတွင် သေနတ်ချ၍ ဓာတ်ပုံရိုက်ယူကာ ...
29/03/2026

ဟားခါးမြို့ပေါ်တွင် စစ်တပ်က လူငယ် ၃ ဦးကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းများဘေးတွင် သေနတ်ချ၍ ဓာတ်ပုံရိုက်ယူကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု လိမ်လည်ဝါဒဖြန့်

ရန်ကုန်၊ မတ် ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၃ ဦးကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ရုပ်အလောင်းများဘေးတွင် သေနတ်ချ၍ ဓာတ်ပုံရိုက်ယူကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း Chinland Defense Force – Hakha မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


မတ်လ ၂၆ ရက်နေ့တွင် ဟားခါးမြို့ပေါ် နေထိုင်သော လူငယ် ၃ ဦးသည် မိသားစုကိစ္စဖြင့် မြို့ပြင်ထွက်လာစဉ် GTI ကျောင်းအောက်ရှိ စစ်တပ်၏ လွှတ်တော် ဥက္ကဠ ကောလ်လျန်ထန်း၏ နေအိမ်ဘေးမှ စစ်သားများက လေသေနတ်တွင် အသုံးပြုသော စကုတ်တစ်လုံးပါရှိမှုဖြင့် ဖမ်းဆီးပြီး တရားဥပဒေ နှင့် အညီ စစ်ဆေးမေးမြန်းမှုမပြုလုပ်ဘဲ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများအနီးတွင် ရိုင်ဖယ်သေနတ်ကို တမင်တကာအကွက် ဆင်ချထားကာ ဓာတ်ပုံရိုက်ကူးပြီး အပြစ်မဲ့ပြည်သူများကို လက်နက်ကိုင်အဖြစ် ဖန်တီးကာ လူမှု ကွန်ယက်စာမျက်နှာပေါ်တင်ထားခဲ့ကြောင်း သိရသည်။

“သတ်ဖြတ်ခံရတဲ့သူတွေက သာမန်အရပ်သားပြည်သူတွေပါ၊ Thawng Van Mang က အသက် ၃၁ နှစ်၊ Dawt Hlei Sang က အသက် ၂၈ နှစ်နဲ့ Thawng Tin Lian က အသက် ၃၇ နှစ်တို့ဖြစ်ပါတယ်” ဟု Chinland Defense Force – Hakha မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ လုပ်ရပ်သည် အပြစ်မဲ့ပြည်သူကို အတုအယောင်လက်နက်ကိုင်အဖြစ်ဖန်တီးရန် ကြိုးပမ်း ခြင်းဖြစ်ပြီး အလွန်အမင်း ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ကာ အမှန်တရားကို ဖုံးကွယ်လို သည့် အကြမ်းဖက် အာဏာရှင်များ၏ လုပ်ရပ်မှာ ထင်ရှားစွာ ဖော်ပြနေကြောင်း CDF Hakha ပြောဆိုထားသည်။

ဤကဲ့သို့ အပြစ်မဲ့ပြည်သူလူထုအပေါ် လူမဆန်သည့်လုပ်ရပ်များအား လုံးဝရှုတ်ချကန့်ကွက်ကြောင်း နှင့် ကျူးလွန်သူများမှ တာဝန်ယူရမည်ဖြစ်ကြောင်း ၊ သေဆုံးသွားသော လူငယ်များ၏ မိသားစုများ နှင့်အတူ ဝမ်းနည်းကြေကွဲမှုကို ထပ်တူထပ်မျှ ခံစားကြောင်း ဆက်လက်၍ အသိပေးထားသည်။

ဟားခါးမြို့ပေါ်တွင် နေထိုင်သော ပြည်သူလူထု၊ အထူးသဖြင့် လူငယ်များအားလုံးအနေဖြင့် အကြမ်း ဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများကို အလေးအနက် သတိပြုကြရန်နှင့် အကြမ်း ဖက်စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် မိမိကိုယ်တိုင် ပါဝင်သင့်ပြီဖြစ်ကြောင်း တိုက် တွန်းထားသည်။

မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီဝင်များက ဒုသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီး နိုင်ငံရေးရာထူးန...
29/03/2026

မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီဝင်များက ဒုသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီး နိုင်ငံရေးရာထူးနေရာများအတွက် မပါဝင်လာ၍ မကျေမနပ်ဖြစ်

ရန်ကုန်၊ မတ် ၂၉

အကြမ်းဖက် မင်းအောင်လှိုင် သမ္မတ အဖြစ် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီ ဝင်များမှာ ဒုတိယသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီးနေရာများအတွက် ပါဝင်လာနိုင်ခြင်းမရှိ၍ ပါတီတွင်း မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်က ဖွဲ့စည်းရန်ရှိနေသော အစိုးရအဖွဲ့သစ်တွင်လည်း ယခု စစ်ကောင်စီနှင့် စစ်ကော်မရှင်တွင် တာဝန်ယူနေသော ဗိုလ်ချုပ်ဟောင်းများကသာ ဒုတိယသမ္မတ၊ ဝန်ကြီးနေရာနှင့်ဒုဝန်ကြီးနေရာများတွင် ပါဝင်လာမည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင် စစ်စစ် အရပ်သားနှင့်အမာခံ ပါတီဝင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ ပါဝင်လာခြင်းမရှိ၍ ကြံ့ဖွတပါတီတွင်း မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရသည်။

"ဒုတိသမ္မတ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီး အတွက် လျာထားစာရင်းမှာ ကျနော်တို့ သိရသလောက်တော့ ဗိုလ် ချုပ်ဟောင်းတွေများတယ်။ ဥပမာ- ဦးညိုစော၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်း ဒီလူဟောင်းတွေ ပြန်ပါမယ်။ ပါတီမှာ ခေတ်အဆက်ဆက် တာဝန်ယူထားတဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင် အရပ်သားနဲ့ ဦးဆောင်သူတွေ ပါမလာဘူး။ ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီကိုတောင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးပဲ ထားပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌလိုနေရာတွေကိုလည်းပဲ အစိုးရအဖွဲ့မှာ ပါနေတဲ့သူတွေကို ပြန်ပေးထားတာ။ ဒီအပေါ်မှာလည်း ကျေနပ်မှု မရှိကြဘူး" ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ကာ/လုံ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲ တာဝန်ယူထားသူ Jeng Phang နော်တောင်ကို ခန့်အပ်ထားသည်။

မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ်တွင် ဗိုလ်ချုပ်ဟောင်းနင့် လက်ရှိအစိုးရအဖွဲ့ ပါဝင်နေသူများ အပါအဝင် ၅၀ ရာခိုင်နှုန်းလူဟောင်းများပါဝင်ဖြစ်ကြောင်း၊ အထူးသဖြင့် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဝန်ကြီးများ၊ ဗိုလ်ချုပ်ဟောင်းများဖြင့်ပင် အစိုးရအဖွဲ့သစ်ဖွဲ့စည်းမည်ဟု သိရှိရကြောင်း ကြံ့ခိင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။

ယင်းအပြင် မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီပြင်ပမှ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်တချို့၊ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့ကိုလည်း အစိုးရအဖွဲ့သစ်တွင် နိုင်ငံရေးရာထူးများ ပေး၍ ထည့်သွင်းဖွဲ့စည်းရန် ရှိနေကြောင်း၊ မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်ကို အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းရန် ဆန္ဒရှိနေသည်ဟု ကြံ့ဖွတ်ပါတီအတွင်း အသိပေးပြောကြားမှုများရှိနေကြောင်း သိရှိရသည်။

ที่อยู่

Bangkok
10500

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์