24/03/2026
🟪တစ်နှစ်အတွင်း အကြိမ်ရေ ၃၀၀၀ နဲ့အထက် ငွေဝင်သည့် ထိုင်းဘဏ်အကောင့်များကို
🟪အခွန်ဌာနဆီ အကြောင်းကြား သတင်းပို့မည်
____________________
တစ်နှစ်အတွင်း ဘဏ်အကောင့်ထဲ ငွေဝင်တဲ့အကြိမ်ရေ သတ်မှတ်ချက်ကျော်လွန်ရင် အချက်အလက်တွေကို အခွန်ရုံးဆီ တိုက်ရိုက်ပေးပို့သွားမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒီဂျစ်တယ်ဝန်ကြီးဌာန (DE) နဲ့ အခွန်ဦးစီးဌာနတို့ ပူးပေါင်းအတည်ပြုလိုက်ပါတယ်။ ဒါဟာ အခွန်ဥပဒေပြင်ဆင်ချက်အရ အတည်ပြုထားတဲ့ သတင်းအမှန်ဖြစ်ပြီး ငွေကြေးစီးဆင်းမှုကို စနစ်တကျ စစ်ဆေးဖို့ လုပ်ဆောင်တာပါ။
သတ်မှတ်ချက် ပထမအချက်ကတော့ မိမိပိုင်ဆိုင်တဲ့ ဘဏ်အကောင့်အားလုံးကို စုပေါင်းကြည့်လို့ တစ်နှစ်အတွင်း ငွေဝင်တဲ့အကြိမ်ရေ (၃,၀၀၀) ကြိမ်နဲ့အထက် ရှိနေရင် ငွေပမာဏ ဘယ်လောက်ပဲဖြစ်ဖြစ် အခွန်ဦးစီးဌာနဆီ အချက်အလက် ပေးပို့ရမှာ ဖြစ်ပါတယ်။ အသေးအဖွဲ ငွေလွှဲတာများတဲ့သူတွေအနေနဲ့ ဒီအကြိမ်ရေပြည့်တာနဲ့ စာရင်းထဲ ပါသွားမှာပါ။
ဒုတိယအချက်အနေနဲ့ အကြိမ်ရေ (၃,၀၀၀) မပြည့်ပေမဲ့ တစ်နှစ်အတွင်း ငွေဝင်တဲ့အကြိမ်ရေ (၄၀၀) ကြိမ်အထက် ရှိနေပြီး စုစုပေါင်း ငွေပမာဏက ဘတ် (၂) သန်းနဲ့အထက် ရှိနေရင်လည်း အချက်အလက်တွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းဟာ ပုဂ္ဂလိကဘဏ်တွေတင်မကဘဲ အစိုးရဘဏ်တွေနဲ့ E-wallet ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဒါကြောင့် အွန်လိုင်းဈေးရောင်းသူတွေနဲ့ ငွေအဝင်အထွက်များသူတွေအနေနဲ့ မိမိရဲ့ ငွေစာရင်းကို ပြန်လည်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေဟာ ဒီအချက်အလက်တွေကို နှစ်စဉ် မတ်လအတွင်းမှာ အခွန်ဦးစီးဌာနဆီ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်တယ်လို့ matichon သတင်းမှာ ဖော်ပြထားပါတယ်။
#ထိုင်း #ထိုင်းဘဏ် #ဗီဇာ #ရွှေ့ပြောင်းလုပ်သား #ဘီကွန်မြန်မာ